Share this

၂၀၂၀ ပြည့်နှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ပြောကြားသည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်သန်း၏ မြန်မာနှစ်သစ်ကူးနှုတ်ခွန်းဆက်စကား

မိန့်ခွန်းများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းမှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကိုမောင်နှမများနှင့် ပြည်ပရောက် မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး ယခုလို နှစ်သစ်ကူးမင်္ဂလာအချိန်အခါမှာ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး မိသားစုဘဝများအေးချမ်းသာယာစွာရှိကြပါစေ၊ ဘေးဘယာအပေါင်းမှ ကင်းဝေးကြပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်း မေတ္တာပို့သအပ်ပါတယ်။

နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ရောက်ရှိတိုင်း မိမိတို့ တွေ့ကြုံဖြတ်သန်းခဲ့ရတဲ့ နှစ်ဟောင်းက စိန်ခေါ်မှုများ၊ အခက်အခဲများကိုပြန်လည်သုံးသပ်၍ သင်ခန်းစာရယူကာ နှစ်သစ်အတွက် ကြိုတင်ပြင်ဆင်ပြီး ပိုမိုကောင်းမွန်တဲ့ရလဒ်ကောင်းများ ပိုင်ဆိုင်နိုင်ဖို့ ခွန်အားသစ်များ၊ အတွေးသစ်၊ အမြင်သစ်များဖြင့် နှစ်သစ်ကိုကြိုဆိုရင်းဆက်လက်ကြိုးစား လျှောက်လှမ်းကြရမှာ ဖြစ်ပါတယ်။

ထိုသို့ လျှောက်လှမ်းကြတဲ့နေရာမှာ ပြည်သူလူထုကြီးတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိတဲ့ ငြိမ်းချမ်းသာယာဝပြောသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးပေါ်ထွန်းလာရေးအတွက် မိမိတို့ ဥပဒေပြုကဏ္ဍမှလွှတ်တော်အသီးသီးအနေဖြင့်လည်း နိုင်ငံတော်နှင့် ပြည်သူအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့အစွမ်းကုန်ကြိုးစားဆောင်ရွက်သကဲ့သို့ တိုင်းရင်းသားပြည်သူလူထုကြီး အနေဖြင့်လည်း“တာဝန်ကိုယ်စီရှိကြသည်”ဟု မှတ်ယူကာ ပြည်ထောင်စုစိတ်ဓာတ်ကိုအရင်းခံ၍ ကျရာကဏ္ဍမှ အနာဂတ်နိုင်ငံတော်သစ်အတွက် စုပေါင်းအင်အားနဲ့အတူတကွ ပူးပေါင်း ဆောင်ရွက်သွားကြရမှာ ပဲဖြစ်ပါတယ်။

နှစ်သစ်မင်္ဂလာအခါသမယမှ အစပြု၍ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး မိမိတို့ ယုံကြည်သက်ဝင်ကိုးကွယ်ရာ ဘာသာတရားတိုင်းရဲ့ အဆုံးအမနဲ့အညီ အရာရာကို အောင်မြင်စွာ ဆောင်ရွက်နိုင်ကြပြီး နှစ်သစ်ကို စိုးရိမ်ပူပန်ခြင်းကင်းစွာဖြင့် ဖြတ်သန်းလျှောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုဆုမွန်ကောင်း တောင်းအပ်ပါတယ်။