Share this

အမျိုးသားလွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီသည် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဝင်းအောင် မေးမြန်းခဲ့သည့် “ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီမြို့ကွင်းအမှတ်-OSS. ၅၃.A မြဝတီ အပြင်ကွင်းဧရိယာ(၃၅.၅၇)ဧကရှိ ဦးစံသွင်အမည်ဖြင့် လုပ်ကိုင်ခွင့်ပြုထားသောမြေကို တိုင်းတာပေးပါရန် ကရင်ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြခဲ့သော်လည်း ဆောင်ရွက်ပေးမှုမရှိသည့်အပြင် ကရင်ပြည်နယ် အစိုးရ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးက အဖွဲ့အစည်းရုံးများနှင့် လူနေအိမ်ရာများ တည်ဆောက်ရန်အတွက် အမှုတွဲ ပြုလုပ်၍ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှု ဗဟိုကော်မတီသို့ လျှောက်ထားခြင်းသည် မူလပိုင်ရှင်ပြန်လည်ရရှိရေး နိုင်ငံတော်မှ ချမှတ်ထားသောမူများကို ဆန့်ကျင်ခြင်းရှိ/မရှိနှင့် ပြည်ထောင်စုအစိုးရက မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း” မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တာဝန်ရှိပုဂ္ဂိုလ်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၅.၃.၂၀၂၀)ရက်နေ့ (၁၄၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ကော်မတီရေးရာဆောင်အမှတ်(I-20) အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက အဖွင့်အမှာစကားပြောကြားပြီး၊ မေးခွန်းနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ဆွေးနွေးပါသည်။ ထို့နောက် မေးခွန်းရှင်များ၊ ကော်မတီအဖွဲ့ဝင်များက ကတိဖြစ်ပေါ်ခဲ့သည့် မေးခွန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနမှ တာဝန်ရှိသူများအား ကော်မတီအဖွဲ့ဝင်များက မေးမြန်းဆွေးနွေး၍ အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေ၊ ကော်မတီအဖွဲ့ဝင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။