Share this

အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့်လူ့အခွင့်အရေး ဆိုင်ရာကော်မတီနှင့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ ဦးဆောင်သောအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကျင်းပခြင်း

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီသည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲကို (၂၀.၈.၂၀၂၀)ရက်နေ့ (၁၃၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-17) အောက်ထပ် ကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ဥက္ကဋ္ဌ ဦးဝင်းအောင်၊ အတွင်းရေးမှူး ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ကော်မတီဥက္ကဋ္ဌ ဦးဝင်းအောင်က အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားပြီး နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းနှင့် မိတ်ဖက်အဖွဲ့အစည်းများက ၎င်းတို့၏ စုပေါင်းပြုစုထုတ်ဝေထားသည့် ပစ်ပယ်ချိုးနှိမ်ခံများအပါအဝင် အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေး အစီရင်ခံစာနှင့်စပ်လျဉ်း၍ Key Population များ၏ ခွဲခြားဆက်ဆံခံရမှု အခြေအနေများ၊ အကျဉ်းထောင်ဥပဒေနှင့် တရားရေးစနစ်ပြောင်းလဲရေးအတွက် ဆောင်ရွက်ရမည့် အခြေအနေများ၊ အမျိုးသမီးအကျဉ်းသူများ၏ တစ်ကိုယ်ရေကျန်းမာရေးအခြေအနေများ၊ LGBT များ၏ လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုအခြေအနေများ၊ HIV ရောဂါနှင့်ပတ်သက်၍ ART ဆေးလိုအပ်ချိန်တွင် ချက်ချင်းမရသည့်အခြေအနေများ၊ မူးယစ်ဆေးဝါးမူဝါဒလျော့ချပေးရန် ကိစ္စများနှင့် ဖြည့်စွက်/ပြင်ဆင်လိုသောအချက်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြရာ ကော်မတီဝင်များက သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ဦးဆောင်သောအဖွဲ့နှင့် ကော်မတီတို့ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေးခဲ့ပါသည်။

ထို့နောက် အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေး နှင့်လူ့အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးဝင်းအောင်က စနစ်တကျလေ့လာသင့်သဖြင့် မှတ်တမ်းတင်ပါကြောင်းနှင့် နိဂုံးချုပ်ကျေးဇူးတင်စကားပြောကြားပြီး (၁၄၄၅)နာရီအချိန်တွင် ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ပါသည်။