Share this

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း သံတောင်ကြီးမြို့နယ်၊ ဘောဂလိမြို့ရှိ ပလက်ဝတံတားဖွင့်ပွဲသို့ တက်ရောက် ဖွင့်လှစ်

လှုပ်ရှားမှုများ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊‌ ဘောဂလိမြို့ ပြောင်သိုကျေးရွာအုပ်စုရှိ ပလက်ဝတံတားဖွင့်ပွဲကို (၁၀.၁၂.၂၀၂၀)ရက်နေ့၊ (၉:၃၀)နာရီအချိန်တွင် ကျင်းပရာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အမှာစကားပြောကြားပြီး ရွှေစွမ်းအင်ကုမ္ပဏီ ဒါရိုက်တာ ဦး‌ဇော်ဝင်းက တံတားတည်ဆောက်ခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပလက်ဝတံတား သံတောင်-ပလက်ဝလမ်းပိုင်း၊ ရှောင်ကွင်းလမ်း၄(၁/၂”)မိုင်နှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို ရွှေစွမ်းအင်ကုမ္ပဏီမှ ဒါရိုက်တာ ဦးဇော်ဝင်းက ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန ဒုတိယအင်ဂျင်နီယာချုပ် ဦးထွန်းလင်းထံ ပေးအပ်ပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တို့က တံတားကမ္ပည်းကျောက်စာအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစိုးလှိုင်၊ သံတောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောဗစ်တာခလိုက်၊ ရွှေစွမ်းအင်ကုမ္ပဏီတာဝန်ခံ ဦးဝင်းမောင်တို့က ပလက်ဝတံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကာ တံတားပေါ်မှ ဖြတ်သန်းကြည့်ရှုခဲ့ကြသည်။

ယခင်က သံတောင်မြို့မှ ဘောဂလိမြို့သို့ သွားရာတွင် ပလက်ဝချောင်းကို ဇက်ဖြင့် ကူးကာ သွားလာခဲ့ရပြီး ယခုအချိန်တွင် တံတားတည်ဆောက်ပြီးဖြစ်ရာ ဘောဂလိမြို့ပေါ်နှင့် ကျေးရွာ အုပ်စု (၁၅)အုပ်စု၊ ကျေးရွာ (၈၂)ရွာအတွက် ဒေသထွက်ကုန်များ၊ ကုန်စည်စီးဆင်းမှုနှင့် ပြည်သူများ သွားလာရေးလွယ်ကူလျင်မြန်စေပြီး ဒေသခံပြည်သူများအတွက် လူမှုစီးပွားရေး ဘ၀များ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

အဆိုပါ ပလက်၀တံတားကို ရွှေစွမ်းအင်ကုမ္မဏီနှင့် Asia World Foundation တို့ ပူးပေါင်း တည်ဆောက်ခဲ့ပြီး ကွန်ကရစ်သံဘောင်တံတားအမျိုးအစားဖြစ်ကာ တံတားအရှည်(၇၉၈)ပေ၊ အကျယ်ပေ(၃၀)၊ အမြင့်(၁၂၃)ပေ၊ နှစ်လမ်းသွားဖြစ်ကြောင်း သိရပါသည်။