Share this

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာန နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနား တက်ရောက်

လှုပ်ရှားမှုများ

ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာန နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနားကျင်းပရေးကော်မတီက ကြီးမှူးကျင်းပသည့် ဥပဒေပညာဌာန နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနားကို (၁.၃.၂၀၂၀)ရက်နေ့ ၀၈၃၀ နာရီတွင် ရန်ကုန်မြို့ရှိ ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာ(RC)ရှေ့၌ ကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း တက်ရောက်ဖွင့်လှစ်ပေးပြီး ဂုဏ်ပြုအမှာစကားပြောကြားသည်။ 

ရှေးဦးစွာ ဥပဒေမောင်နှမများက ရာပြည့်သဘင်သီချင်းဖြင့် ဖျော်ဖြေကြသည်။

ထို့နောက် ဥပဒေပညာဌာန နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန် တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဥမ္မာကျော်၊ ဥပဒေပညာဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာဒေါ်ခင်ချစ်ချစ်၊ ပါမောက္ခ(ငြိမ်း) ဦးလှအောင်၊ ပါမောက္ခချုပ်(ငြိမ်း) ဝဏ္ဏကျော်ထင် ဒေါက်တာတင်အောင်အေး၊  ပါမောက္ခ(ငြိမ်း) ဒေါ်သန်းနွဲ့နှင့် ဥပဒေပညာဌာန နှစ် ၁၀၀ ပြည့် ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

အခမ်းအနားတွင် ရန်ကုန်တက္ကသိုလ် ဥပဒေကျောင်းသားဟောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယခုကဲ့သို့ တန်ဖိုးရှိလှသည့် အခမ်းအနား၌ စကားပြောကြားခွင့်ရသည့်အတွက် အထူးဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ယနေ့အခမ်းအနားကို ၁၉၇၀-၁၉၇၅ ခုနှစ် ကျောင်းသားဟောင်း တစ်ဦးအနေဖြင့် တက်ရောက်ခြင်းဖြစ်ပါကြောင်း၊ ယခုအခမ်းအနားကို ဥပဒေကျောင်းသားကျောင်းသူများ အနေဖြင့် ညီညီညွတ်ညွတ်၊ သိုက်သိုက် ဝန်းဝန်း၊ ပျော်ပျော်ရွှင်ရွှင်ဖြင့် ကျင်းပနိုင်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရန် များစွာလိုအပ်နေသေးသည့် နိုင်ငံဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရန်အတွက် တရားဥပဒေ စိုးမိုးရေးသည် အဓိကနေရာတွင် ရှိပါကြောင်း၊ တရားဥပဒေစိုးမိုးရန် ဥပဒေကျောင်းသားကျောင်းသူများတွင် တာဝန်ရှိမည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်လာအောင် ဥပဒေကျောင်းသားကျောင်းသူများအနေဖြင့် တစ်တပ်တစ်အား ပါဝင်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ ကိုယ်တိုင်ကလည်း  နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အတတ်နိုင်ဆုံး ကြိုးစားနေပါကြောင်း၊ ယခုကာလကို ပြန်ကြည့်ပါက ဥပဒေကျောင်းသားကျောင်းသူများ၊ ဉပဒေဘွဲ့ရသူများသည် နေရာအတော်များများတွင် တာဝန်ပေးခံရသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ လူမှန်၊ နေရာမှန် ရောက်လာသည်ဟု ပြော၍ရပါကြောင်း၊ လူမှန်၊ နေရာမှန် ရောက်လာသည့်အချိန်၊ လုပ်ပိုင်ခွင့်ရသည့်အချိန်တို့တွင် မိမိတို့တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက် လုပ်ဆောင်ကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း ပြောကြားသည်။