Share this

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီးနန့်ကြင်ကြည် ၂၀၂ဝပြည့်နှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် U-21 အမျိုးသား(ဘောလုံး)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေး

လှုပ်ရှားမှုများ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၀ ပြည့်နှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် U-21 (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို (၁၁.၂.၂၀၂၀)ရက်နေ့ (၁၅၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး နန့်ကြင်ကြည်တို့ တက်ရောက်အားပေးကြည့်ရှုသည်။

ပြိုင်ပွဲအပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ အကောင်းဆုံးဂိုးသမားဆု၊  အကောင်းဆုံး နောက်တန်းအားကစားသမားဆု၊ အကောင်းဆုံး အလယ်တန်းအားကစားသမားဆု၊ အကောင်းဆုံး ရှေ့တန်းအားကစားသမားဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆု ရရှိကြသူများအား အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီဝင် ဒေါက်တာကျော်ငွေနှင့် ဒေါ်နော်ဆာမူထူး၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဝင် ဦးမြင့်လွင်နှင့် ဒေါက်တာခင်ဆောင်၊ ကရင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင်တို့က ဆုများကို ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တတိယဆုရရှိသည့် ချင်းပြည်နယ်အသင်းအား မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးကလည်းကောင်း၊ ဒုတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီးအသင်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်ကလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ပထမဆုရရှိသည့် ကရင်ပြည်နယ်အသင်းအား အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက တစ်ဦးချင်းဆုတံဆိပ်၊ ဆုဖလားနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်သည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့်ဇနီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပထမဆုရရှိသည့် ကရင်ပြည်နယ်အသင်းမှ အားကစားသမားများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တိုင်းဒေသကြီးနှင့်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဘောလုံးအားကစား ပရိတ်သတ်များ တက်ရောက်ကြည့်ရှုကြသည်။