Share this

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ နေပြည်တော်သို့ လာရောက်သတင်းပို့စဉ် ဆောင်ရွက်ရမည့်အချက်များအတွက် ပန်ကြားချက်ထုတ်ပြန်ခြင်း

သတင်းနှင့် ပြန်ကြားရေး
အမိန့်ကြော်ငြာစာများ

၁။ တတိယအကြိမ်အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးကို နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် (တနင်္လာနေ့) နံနက်(၁၀၀၀)နာရီအချိန်တွင် စတင်ကျင်းပရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ခေါ်ယူထားရာ အဆိုပါအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များထံသို့ ပေးပို့ထားပါသည်။

၂။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ရမည်ဖြစ်ပါသဖြင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက် (စနေနေ့) ထက်မစော၊ ဇန်နဝါရီလ ၂၄ ရက် (တနင်္ဂနွေနေ့)ထက် နောက်မကျစေဘဲ နေပြည်တော်သို့ ကြိုတင်ရောက်ရှိရမည်ဖြစ်ပြီး တည်းခိုနေထိုင်ရန် နေရာများကို အောက်ပါအတိုင်း ဖွင့်လှစ် ထားရှိပါသည်-

      (က)နေပြည်တော်စည်ပင်ဧည့်ရိပ်သာတွင် တည်းခိုနေထိုင်မည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအတွက် စည်ပင်ဧည့်ရိပ်သာ(၂)၊

      (ခ) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဧည့်ရိပ်သာတွင် တည်းခိုနေထိုင်မည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအတွက် ပြည်ထောင်စု

            ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်၊

      (ဂ) တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအတွက် အမှတ်(၃) စစ်ကြောရေးနှင့် တည်းခိုရေးစခန်း (ရွာတော်)၊ 

၃။ သတ်မှတ်နေရာအသီးသီးသို့ ရောက်ရှိပြီးနောက် ကျန်းမာရေးစစ်ဆေးမှုနှင့် အခြားလိုအပ်သော ကိစ္စရပ်များအား ဆက်သွယ်ဆောင်ရွက်ရန်အတွက် အမျိုးသားလွှတ်တော်ရုံး၊ စီမံရေး၊ ဘဏ္ဍာရေးနှင့် ကျန်းမာရေးဌာနကြီးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးနိုင်ထွန်း(ဖုန်း- ၀၉၂၅၀၃၉၄၅၈၄)၊ ညွှန်ကြားရေးမှူး ဦးလှမောင်ချို(ဖုန်း-၀၉၄၂၀၇၃၆၈၈၃၊ ၀၆၇၄၅၉၁၂၃၇)နှင့် ရုံးအဖွဲ့ (ဖုန်း - ၀၆၇၄၅၉၁၂၄၀)များသို့ ဆက်သွယ်ဆောင်ရွက်ကြရန် ဖြစ်ပါသည်။

၄။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များသည် အစည်းအဝေးတက်ရောက်ရန်အတွက် အစည်းအဝေးဖိတ်စာ လက်ခံရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ရေးရာဆောင်အမှတ် (I-19)(အိုင်-၁၉)သို့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက် (စနေနေ့) ထက်မစော၊ ဇန်နဝါရီလ ၃၁ ရက် (တနင်္ဂနွေနေ့)ထက် နောက်မကျစေဘဲ သတင်းပို့ကြရန်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ယူဆောင်လာကြရန် ပန်ကြားအပ်ပါသည်။