Share this

ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးများကျင်းပရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၂/၂၀၂၀)ကျင်းပ

လှုပ်ရှားမှုများ

ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးများကျင်းပရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၂/၂၀၂၀)ကို (၃၀.၄.၂၀၂၀) ရက်နေ့ (၁၀၀၀)နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံဇမ္ဗူသီရိဆောင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဒုတိယအကြိမ် လွှတ်တော်အသီးသီး၏ (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၈ ရက်နေ့တွင် စတင်ကျင်းပရန် ကြေညာထားပြီးဖြစ်ပါကြောင်း၊ ယခုခေါ်ယူထားသည့် လွှတ်တော်အစည်းအဝေးတွင် လက်ရှိကာလအတွင်း မဖြစ်မနေဆောင်ရွက်ပေးရမည့် ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းအပါအဝင် လွှတ်တော်ဆိုင်ရာလုပ်ငန်းများကို ဦးစားပေးအလိုက် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ထိုလုပ်ငန်းစဉ်များကို အချိန်ကာလတိုအတွင်း အဆင်ပြေချောမွေ့စွာပြီးစီးရေးဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှု ခံယူနိုင်ရေးနှင့် သွားလာနေထိုင်ရေးတို့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့အပါအဝင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း၍ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာအမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အစည်းအဝေးကာလမတိုင်မီ ကြိုတင်၍ COVID-19ရောဂါရှိ မရှိ စစ်ဆေးပေးနိုင်ရေးအတွက် အစည်းအဝေးတက်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နေပြည်တော်သို့ မေလ ၉ရက်ထက်မစော ၁၀ရက်ထက်နောက်မကျစေဘဲ လာရောက်ကြရန် ပြင်ဆင်ခေါ်ယူသွားမည် ဖြစ်ပါကြောင်း၊ မဲဆန္ဒနယ်မြေအသီးသီးမှ အစည်းအဝေးတက်ရောက်မည့် လွှတ်တော်ကိုယ်စား လှယ်များ နေပြည်တော်သို့ အချိန်မီ လာရောက်နိုင်ရေးကိုလည်း သက်ဆိုင်ရာပြည်ထောင်စုအစိုးရဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက် ထားပါကြောင်း၊ ယခုကျင်းပပြုလုပ်မည့် လွှတ်တော်များ၏ (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီများအနေဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်နှင့် လုံခြုံရေးနှင့် ကျန်းမာရေးကို အထူးဂရုပြု ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ဗဟိုကော်မတီနာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက (၁၆)ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၂၇ရက်တွင် စတင်ကျင်းပရန် လျာထားခဲ့သော်လည်း COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေကြောင့် ရွှေိ့ဆိုင်းထားခြင်းဖြစ်ပါကြောင်း၊ ယခုအခါတွင် လွှတ်တော်အစည်းအဝေးများ ခေါ်ယူဆောင်ရွက်ပေးရမည့် လုပ်ငန်းကိစ္စရပ်များအတွက် ကန့်သတ်ကာလအခြေအနေအရ လွှတ်တော်အစည်းအဝေးကို ခေါ်ယူပေးရခြင်းဖြစ်ပါကြောင်း၊ COVID-19ရောဂါကူးစက်ဖြစ်ပွားမှုအန္တရာယ် ကာကွယ်ထိန်းချုပ်ရေးအတွက် သင့်လျော်ကောင်းမွန်သည့် အစီအစဉ်များဖြင့် လွှတ်တော်အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေး နည်းလမ်းများကို ဝိုင်းဝန်းအကြံပေးကြရန်နှင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက လုပ်ငန်းကော်မတီအလိုက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက က လုပ်ငန်းကော်မတီများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုတ်သိမ်းလိုက်သည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီ အတွင်းရေးမှူးများနှင့် လွှတ်တော်ရုံးအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။