အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ(၃၁) ရက်နေ့တွင် စတင်ကျင်းပသော ပထမအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် လွှတ်တော်သက်တမ်း (၅) နှစ်အတွက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရပါသည်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်သက်တမ်း (၅) နှစ်၏ ပထမ (၂) နှစ်ခွဲတွင် ပြည်ထောင်စုလွှတ်တော် နာယက တာဝန်ကိုပါ ပူးတွဲထမ်းဆောင်ခဲ့ပါသည်။
၁။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ(၃၁) ရက်နေ့တွင် စတင်ကျင်းပသော ပထမအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် လွှတ်တော်သက်တမ်း (၅) နှစ်အတွက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရပါသည်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်သက်တမ်း (၅) နှစ်၏ ပထမ (၂) နှစ်ခွဲတွင် ပြည်ထောင်စုလွှတ်တော် နာယက တာဝန်ကိုပါ ပူးတွဲထမ်းဆောင်ခဲ့ပါသည်။
၂။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် ကာကွယ်ရေးဝန်ကြီးဌာနတွင် ၁၉၆၅ခုနှစ်မှ ၁၉၉၇ ခုနှစ်တိုင်အောင် ဒုတပ်မမှူးအဆင့်အထိ အဆင့် ဆင့်တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၁၉၉၇ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးတွင် ဗိုလ်ချုပ် ရာထူးအထိ ညွှန်ကြားရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ထို့နောက် ၂၀၀၆ ခုနှစ် ၂၀၁၀ ခုနှစ်အထိ ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ၂၀၀၆ ခုနှစ် အောက်တိုဘာလတွင် တပ်မတော်မှ ဗိုလ်ချုပ်အဆင့်ဖြင့်အငြိမ်းစား ယူခဲ့ပါသည်။ ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် လာအိုနိုင်ငံ လွမ်ပရာဘမ်မြို့နှင့် မြန်မာနိုင်ငံ ပုဂံမြို့တို့အား ညီအစ်မမြို့များအဖြစ် သဘောတူစာချုပ်ကိုလည်းကောင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် (၄) နိုင်ငံ ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက် နိုင်ရန်အတွက် နေပြည်တော်တွင် ယဉ်ကျေးမှု ဝန်ကြီးများ အစည်းအဝေးကျင်းပပြီး Nay Pyi Taw Initiative အား (၄) နိုင်ငံသဘောတူညီချက်ကို လည်းကောင်း လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ ထို့အပြင် မြန်မာနိုင်ငံအား ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် ဖြစ်လာရေးအတွက် ရှေ့ဆက်ဆောင်ရွက်ရမည့် မူဝါဒ လမ်းစဉ် (၇) ရပ် ချမှတ် ဆောင်ရွက်သည့် အမျိုးသားညီလာခံကျင်းပသော ကာလတစ်လျှောက်လုံးတွင်လည်း ပါဝင်ဆောင်ရွက် ခဲ့ပါသည်။
၃။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့တွင် တာဝန်ထမ်းဆောင်စဉ်အတွင်း ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ တရုတ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံများသို့ နိုင်ငံတော်အဆင့် ပြည်ပခရီးစဉ်အဖြစ် (၁၅)ကြိမ် သွားရောက်ခဲ့ပါသည်။ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့စဉ်မှစ၍ လွှတ်တော်ကိုယ်စားလှယ် များအား ဦးဆောင်လျက် ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် (၃၂) ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုလွှတ်တော်အား AIPA တင်းပြည့်အဖွဲ့ဝင်အဖြစ် လက်ခံသည့်အခမ်းအနားသို့ တက်ရောက်ရန်အတွက် ကမ္ဘောဒီးယား နိုင်ငံသို့လည်းကောင်း၊ ၂၀၁၂ ခုနှစ် ဧပြီလတွင် (၂၀) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးအတွင်း အာဆီယံနိုင်ငံ့ခေါင်းဆောင်များနှင့် AIPA အဖွဲ့ဝင်ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ လည်းကောင်း၊ ဇူလိုင်လတွင် အာဆီယံ ပါလီမန်များညီလာခံ အမှုဆောင် ကော်မတီ အစည်းအဝေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ အချက်အလက် ရှာဖွေရေးကော်မတီ၏ နဝမအကြိမ်မြောက် အစည်းအဝေး တက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံသို့ လည်းကောင်း၊ စက်တင်ဘာလတွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ (၂၀၁၂) အခမ်းအနား တက်ရောက်ရန် တရုတ်နိုင်ငံသို့ လည်းကောင်း၊ အောက်တိုဘာတွင် (၇) ကြိမ်မြောက် အာရှ – ဥရောပ ပါလီမန်ဆိုင်ရာ မိတ်ဖက် အစည်းအဝေး(ASEP – 7) နှင့် ပြည်ထောင်စု လွှတ်တော်အား ASEP ၏ အဖွဲ့ဝင်အဖြစ် လက်ခံသည့် အခမ်းအနား တက်ရောက်ရန် လာအိုနိုင်ငံသို့ လည်းကောင်း၊ နှစ်နိုင်ငံလွှတ်တော် ချင်းချစ်ကြည်ရေး ခရီးစဉ်များအဖြစ် ၂၀၁၂ ခုနှစ် မေလတွင် ဂျပန်နိုင်ငံသို့ လည်းကောင်း၊ ဇွန်လတွင် လာအိုနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သို့ လည်းကောင်း၊ အောက်တိုဘာလတွင် သြစတြေးလျနိုင်ငံသို့ လည်းကောင်း သွားရောက်ခဲ့ပါသည်။
၄။ ထို့ပြင် ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်နယ်၊ တိုင်းဒေသကြီးလွှတ်တော်များပါဝင်သော မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့ (Myanmar Parliament Union – MPU) ကို ၂၀၁၂ ခုနှစ် မတ်လ (၂၂) ရက်နေ့တွင် ဖွဲ့စည်းနိုင်ခဲ့ပါသည်။ ထို့နောက် ၂၀၁၂ ခုနှစ် ဧပြီလတွင် ယူဂန်ဒါနိုင်ငံ၊ ကန်ပါလာမြို့၌ ကျင်းပသော အပြည်ပြည်ဆိုင်ရာ လွှတ်တော်များ သမဂ္ဂ (Inter – Parliament Union – IPU) ၏ (၁၂၆) ကြိမ်မြောက် ညီလာခံ၌ MPU အား IPU ၏ အဖွဲ့ဝင်ဖြစ်လာစေရေး ဆောင်ရွက် နိုင်ခဲ့ပါသည်။
၅။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်အား ၁၉၄၆ ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဘုရားကလေး ကျေးရွာ၌ မွေးဖွားခဲ့ပါသည်။ ၁၉၆၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် မှ ဝိဇ္ဇာဘွဲ့ကိုရရှိခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်မှ Diploma in Defence and Security ကို ရရှိခဲ့ပါသည်။ တပ်မတော်တွင် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ဘွဲ့တံဆိပ်ပေါင်း (၁၉) ခုကိုလည်းကောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့အကျိုးအတွက် ဆောင်ရွက်ခဲ့ခြင်းကြောင့် ၂၀၁၁ ခုနှစ်တွင် သီရိပျံချီဘွဲ့ကိုလည်းကောင်း နိုင်ငံတော်မှ ချီးမြှင့်ခဲ့ပါသည်။
၆။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် ဇနီး၊ သား(၂) ဦး၊ မြေး (၃) ဦးတို့နှင့်အတူ နေပြည်တော်တွင် နေထိုင်လျက်ရှိပါသည်။