ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး
၃၁ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ်
၁၃၇၉ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက်
( ၂၀၁၈ ခုနှစ်၊ မတ်လ ၂၂ ရက် )
[ကြာသပတေးနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၃၁ ရက် မြောက်နေ့ကို ၂၀၁၈ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင် ကျင်းပပါသည်။
မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ ပါသည် -
(က) ဦးစိုင်းစံအောင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ရှမ်းပြည်နယ်၊ “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသခံတိုင်းရင်းသားများ ပညာရေး ဖွံ့ဖြိုးတိုးတက်မှု၊ ပညာရေး မြှင့်တင်မှုသိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် ကျောင်း ဆောင်သစ်များ ဆောက်လုပ်ရာတွင် ပညာရေးဝန်ကြီးဌာန၏ ကျောင်း အမည်ပေါက်ရရှိပြီး ပညာရေးဝန်ကြီးဌာနပိုင်မြေ လန(၃၉)၊ ပုံစံ(၁၀၅)၊ (၁၀၆)ရရှိပြီးမှသာလျှင် ရန်ပုံငွေများ ခွဲဝေချထားပေးနိုင်မည်ဖြစ်ကြောင်း နှင့် နားဖန်မြို့နယ်ရှိ စကူး-အခြေခံပညာမူလတန်းကျောင်း၊ ပန်ဝိုင်မြို့နယ်ရှိ ကောင်းလန်း-အခြေခံပညာမူလတန်းကျောင်း၊ ရောင်လန်း-အခြေခံပညာ မူလတန်းကျောင်းနှင့် လာကိုင်း-အခြေခံပညာမူလတန်းကျောင်းများ သည် ပညာရေး၀န်ကြီးဌာန၏ ကျောင်းအမည်ပေါက်စာရင်းတွင် မပါရှိ ကြောင်း စိစစ်တွေ့ရှိရသဖြင့် ဌာနမှ ရန်ပုံငွေ ခွဲဝေချထားပေး၍ မရနိုင် ကြောင်း ဖြေကြားပါသည်။
( ခ ) ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်၊ နဂူမေကျေးရွာအုပ်စုတွင် ကွင်းအမှတ်(၈၄၈-င)တောင်ချောင်းပြုစု မြောက်ကွင်း (၅)ဧကကို ပညာရေးဝန်ကြီးဌာန ပိုင် စာသင်ကျောင်းမြေအဖြစ်မှ စွန့်လွှတ်ပေးရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တိုက်နယ်ဆေးရုံမြေအဖြစ် ပြောင်းလဲပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်၊ နဂူမေကျေးရွာအုပ်စု၊ နဂူမေကျေးရွာ- အခြေခံပညာ အထက် တန်းကျောင်း(ခွဲ)ရှိ ကျောင်းပိုင်မြေဟောင်း (၅.၀၀)ဧကကို တိုက်နယ်ဆေးရုံ ဆောက်လုပ်ရန်အတွက် နဂူမေကျေးရွာ တိုက်နယ် ဆေးရုံ ဖြစ်မြောက်ရေးကြီးကြပ်မှု ကော်မတီ၏ တောင်းခံလာမှုအပေါ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြထားဆဲ ဖြစ်ပြီး ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့၏ သဘောထား မှတ်ချက်နှင့်အတူ တိုက်နယ်ဆေးရုံ ဖြစ်မြောက်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်မှုများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြား ပါသည်။
အစီရင်ခံစာဆွေးနွေးခြင်း၊ အတည်ပြုခြင်းနှင့် အစီရင်ခံစာများဖတ်ကြားတင်သွင်းခြင်း
၃။ အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာ ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် (၄)ဦးက ဆွေးနွေးပါသည်။
၄။ ဦးလင်းတင်ဌေး၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)က တောင်သူလယ်သမား ရေးရာ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို သဘောတူလက်ခံရန် အဆိုတင်သွင်းရာ လွှတ်တော်က အတည်ပြုသည်။
၅။ ဦးလှမြင့်(ခ)ဦးလှမြင့်သန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)နှင့် ဦးဝင်းအောင်၊ စစ်ကိုင်း တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃) (အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဝင်)တို့က အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် တင်သွင်းမေးမြန်းခဲ့သည့် အဆိုများ၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကိုလည်းကောင်း၊ ဒေါ်လွီးဇာ၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၆) (ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှု ဆိုင်ရာ ကော်မတီဝင်)က ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကိုလည်းကောင်း အမျိုးသားလွှတ်တော်သို့ ဖတ်ကြား တင်သွင်းပါသည်။
၆။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ အစီရင်ခံစာ၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီအစီရင်ခံစာ များနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် ယနေ့(၁၆၀၀)နာရီ နောက်ဆုံးထား၍ အမျိုးသား လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းများ တင်သွင်းနိုင်ကြောင်း ကြေညာ ပါသည်။
၇။ အစည်းအဝေးကို ၁၁၃၇ နာရီ အချိန်တွင် ရပ်နားပြီး ၃၂ ရက်မြောက်နေ့ အစည်း အဝေးကို ၂၃-၃-၂၀၁၈ ရက်နေ့(သောကြာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
အမျိုးသားလွှတ်တော်