Share this

(၂၃)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်(၁၉.၉.၂၀၁၉)

Thursday, September 19, 2019 - 12:45
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချူပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

(၂၃)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်

( ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက် )

[ ကြာသပတေးနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၃)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင် ကျင်းပပါသည်။

ကော်မတီဝင် အစားထိုး ပြောင်းလဲပြင်ဆင် ဖွဲ့စည်းခြင်းနှင့် အတည်ပြုချက် ရယူခြင်း 

၂။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က တိုင်းရင်းသားရေးရာ ကော်မတီတွင် အဖွဲ့ဝင်နေရာ အစားထိုး ပြောင်းလဲပြင်ဆင် ဖွဲ့စည်းခြင်းကို လွှတ်တော်သို့ တင်ပြပြီး လွှတ်တော်၏ အတည်ပြုချက် ရယူရာ လွှတ်တော် က အတည်ပြုသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၃။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည် -

(က) ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း (၂)ကျောင်းနှင့် အခြေခံပညာ မူလတန်းကျောင်း(ခွဲ) (၅)ကျောင်းတို့တွင် လိုအပ်လျက်ရှိသော ဆရာ/ဆရာမများ ခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး အခြေခံပညာမူလတန်းကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်း(ခွဲ)များတွင် လစ်လပ်လျက်ရှိသော  ဆရာ၊ဆရာမ ဖြည့်ဆည်းခန့်ထားရေး ကိစ္စများကို စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ခ)ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်၊ ဘဲလ်ဟာရ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် RCC နှစ်ထပ်ဆောင် ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေခေါင်းစဉ်အောက်မှ ထပ်မံစိစစ်သွားမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိမှသာ ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ် ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဂ)ဦးမာန်လောမောင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ ပညာရေးဝန်ကြီး ဌာန အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာကျောင်းများတွင် လစ်လပ် လျက်ရှိသော ရုံးဝန်ထမ်းများ ဖြည့်ဆည်း ခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က အောက်ခြေဝန်ထမ်းသစ်များ ခန့်ထားခြင်းကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ နိုင်ငံတော်သမ္မတရုံးနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများက နိုင်ငံ့ဝန်ထမ်းဖွဲ့စည်းပုံ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း၊ ဝန်ထမ်းခန့်ထားခြင်းတို့နှင့် စပ်လျဉ်း၍ (၄၃)ချက်နှင့် ကိုက်ညီမှုရှိ/မရှိ စိစစ်ခြင်း၊ သဘောထားမှတ်ချက်များ တောင်းခံခြင်း၊ အချက်အလက်များ ပြည့်စုံစွာပါရှိရေးတို့ကို ဆောင်ရွက်ပြီး တင်ပြခွင့်ပြုချက် ရယူခန့်ထားရခြင်းဖြစ်သည့်အတွက် ကျောင်း/ရုံးများ အားလုံး၏ လိုအပ်ချက် များကို စုပေါင်းတွက်ချက်ပြီးမှသာ တစ်ပြေးညီခန့်ထားခွင့် စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ)ဦးအေးဗိုလ်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)၏ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်း ဂျိုးဖြူနှင့် သဲဖြူမြစ်ရေတင် ရေပေးဝေရေး တို့မှ ရပ်ကွက်၊ ကျေးရွာများသို့ ထပ်မံတိုးချဲ့ ရေပေးဝေနိုင်မည့် အခြေအနေနှင့် JICA ချေးငွေဖြင့် ဖော်ဆောင်နေသော ကုက္ကိုဝမြစ်ရေတင် စီမံကိန်း မည်သည့် အချိန်တွင် ပြီးစီးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော် ကောင်စီဝင် ဦးညီထွန်း က တစ်နေ့လျှင် ရေဂါလန် (၁၉)သန်း ပေးဝေနိုင်ရန် အချင်း (၃၀၀)မီလီမီတာမှ (၂၀၀၀) မီလီမီတာအထိ စုစုပေါင်း (၄၈၆၀၀)ကီလိုမီတာ အရှည်ရှိ ရေပို့ပိုက်လိုင်းများကို ၂၀၂၁ ခုနှစ်မှစတင်၍ ၂၀၂၅ ခုနှစ်အတွင်း ပြီးစီး အောင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကုက္ကိုဝမြစ်ရေသန့်စင်စက်ရုံ တည်ဆောက်ခြင်း၊ ဘုရင့်နောင်ပန်းခြံသို့ ရေပို့ပိုက်မကြီးဆက်သွယ်ခြင်း၊ မြေအောက်ရေလှောင်ကန် နှင့် ရေတွန်းစက်ရုံတည်ဆောက်ခြင်း လုပ်ငန်းများကို ၂၀၂၁ ခုနှစ်မှ စတင်၍ ၂၀၂၄  ခုနှစ်တွင် အပြီးတည်ဆောက်မည်ဖြစ်သဖြင့် လှိုင်သာယာတစ်မြို့နယ်လုံး ၂၀၂၅  ခုနှစ်တွင် ရေကောင်းရေသန့်များ စတင်သုံးစွဲနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားသည်။

(င)ဒေါက်တာလင်းဝေဖြိုးလတ်၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ မြိတ်မြို့၊ မြစ်ငယ်ရပ်ကွက်ရှိ မင်္ဂလာရေကန်ကြီးအား အများပြည်သူ အပန်းဖြေ ရန်နေရာ ဖြစ်ပေါ်လာရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍  နေပြည်တော်ကောင်စီဝင် ဦးညီထွန်း က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းလုပ်ငန်းများဖြစ်သော လမ်း၊ တံတား၊ ရေပေးရေး၊ အဆောက်အဉီနှင့် အခြားလုပ်ငန်းများကို လွှတ်တော်ကိုယ်စားလှယ်များ၊ မြိတ်မြို့နယ်စည်ပင် သာယာရေးကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပေါင်းစပ် ညှိနှိုင်း၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြအတည်ပြုချက်ရယူထားပြီးဖြစ်သည့်အပြင် မြို့နေပြည်သူ များ၏ လိုအပ်ချက်နှင့် အဓိကမဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းများကို ဦးစားပေးရေးဆွဲရသဖြင့်  မင်္ဂလာကန်တော်တည်ဆောက်ခြင်းလုပ်ငန်းများအား ထည့်သွင်းလျာထားရေးဆွဲနိုင်ခဲ့ခြင်းမရှိကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားသည်။

အသိပေး တင်ပြခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၄။ ဥက္ကဋ္ဌ က အမျိုးသားလွှတ်တော် က အတည်ပြုပြီးပေးပို့ထားသော စကားရပ် ပြောင်းလဲ သတ်မှတ်သည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေး တင်ပြပြီး ယင်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

အစီရင်ခံစာ ဖတ်ကြား ရှင်းလင်းခြင်းနှင့် အဆုံးအဖြတ် ရယူခြင်း 

၅။ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါ်လှဌေး(ခ)ဒေါ်အုန်းကြည် (ဥပဒေကြမ်း ကော်မတီဝင်)က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော အမျိုးသား မှတ်တမ်းနှင့် မော်ကွန်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းပြီး ဥက္ကဋ္ဌ က ယင်း ဥပဒေကြမ်းကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။

အစီရင်ခံစာ ဆွေးနွေးခြင်း ၊ အဆိုတင်သွင်းခြင်းနှင့် အတည်ပြုချက် ရယူခြင်း

၆။ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ၏ ဒုတိယအကြိမ် အမျိုးသား လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးမှ (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၂)ဦးက ဆွေးနွေးသည်။

၇။ ယင်း အစီရင်ခံစာကို သဘောတူလက်ခံရန် ဒေါ်နွယ်နွယ်အောင် (ဥက္ကဋ္ဌ၊ တိုင်းရင်းသား ရေးရာကော်မတီ) က အဆို တင်သွင်းပြီး ဥက္ကဋ္ဌ က လွှတ်တော်၏ အတည်ပြုချက် ရယူရာ လွှတ်တော် က အတည်ပြုသည်။

၈။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍  ရှင်းလင်းပြောကြားပြီး ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပပြီးစီးကြောင်း ကြေညာသည်။

 

 

အမျိုးသားလွှတ်တော်