Share this

၁၆ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ် (၂၃.၁၁.၂၀၁၇)

Friday, March 23, 2018 - 11:19
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဆဋ္ဌမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်း အနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး

၁၆ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ်

 

၁၃၇၉ ခုနှစ်၊ နတ်တော်လဆန်း ၅  ရက်

( ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက် )

[ ကြာသပတေးနေ့]

 

၁။           ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပ ပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။           မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက် ခဲ့ပါသည်  -

              (က)   ဦးကျော်သန်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ်၊ သိမ်ကုန်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းနှင့် ကုက္ကိုလ်ရွာ +ကျွန်းတုံးရွာ အခြေခံပညာမူလတန်း ကျောင်းများကို ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ရခိုင်ပြည်နယ်၊  မာန်အောင်မြို့နယ်အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျောင်းဆောင် ဆောက်လုပ်ခြင်း များ ဆောင်ရွက်ရန် ငွေကျပ် ၁၇၉.၃၀၀ သန်း ခွဲဝေပေးထားပြီး ဆောက်လုပ် ရေးဝန်ကြီးဌာနသို့ လုပ်ငန်းများအပ်နှံဆောင်ရွက်ပြီး ဖြစ်ပါကြောင်း ဖြေကြားပါသည်။

                  ( ခ )    ဦးငွန်ဟေး၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ ချင်းပြည်နယ်၊ ဟားခါး မြို့၊ စျေးသစ်ရပ်ကွက် (ချင်းဦးစီး)ရှိ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)ကို အခြေခံပညာအလယ်တန်းကျောင်းအဆင့်သို့ တိုးမြှင့်ဖွင့်လှစ် ပေးနိုင်ခြင်း ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်းက ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ စျေးသစ် ရပ်ကွက်(ချင်းဦးစီး)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သည် သတ်မှတ် မူနှင့် ကိုက်ညီမှုမရှိပါသဖြင့်  အဆင့်တိုးမြှင့်ပေးနိုင်ခြင်း မရှိသေးပါ ကြောင်းနှင့် အဆိုပါကျောင်းသည် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)ဖြစ်သည့်အတွက် အလယ်တန်းပညာရပ်များကိုလည်း သင်ယူခွင့် ရရှိနေသည့် အခြေအနေတွင် ရှိနေပါကြောင်း ဖြေကြားပါသည်။

      ( ဂ )   ဦးဝင်းမောင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ မကွေးတိုင်း ဒေသကြီး၊ စလင်းမြို့နယ်၊ လင်းဇင်းချောင်းတစ်လျှောက် ရေတိုက်စားမှု များပြားစွာ ခံစားနေရသော ကျေးရွာများနှင့် ဆည်ရေသောက်မြောင်း များကို ရေတိုက်စားမှုကင်းဝေးစေရေး ကူညီဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်က စလင်းချောင်း ဖြောင့်ခြင်းနှင့် လင်းဇင်းရွာ ကမ်းထိန်းနံရံတည်ဆောက်ခြင်း လုပ်ငန်းအား ဆောင်ရွက်ရန်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ရန်ပုံငွေ တင်ပြတောင်းခံ၍  ရန်ပုံငွေရရှိပါက  ဆောင်ရွက်မည်ဖြစ်ပါ ကြောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပေါင်းစပ်၍ ဖြေကြားပါ သည်။

ဥပဒေကြမ်းဆွေးနွေးခြင်း

၃။           နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်(၂)ဦးမှ ဆွေးနွေးပါသည်။

ဥပဒေကြမ်းတင်သွင်းခြင်း၊ အစီရင်ခံစာဖတ်ကြားခြင်းနှင့် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၄။           စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်  ဥပဒေကြမ်း (၂၀၁၇ခုနှစ်)အား လွှတ်တော်သို့ တင်သွင်းပါသည်။

၅။          ဒေါ်နန်းနီနီအေး၊ ကရင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၆) (ဥပဒေကြမ်း ကော်မတီဝင်)က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း(၂၀၁၇ခုနှစ်)နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပါသည်။

၆။          အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း(၂၀၁၇ခုနှစ်)အား ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက ပြင်ဆင်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲအလိုက် အသေးစိတ်ဖော်ပြ လက်မှတ်ရေးထိုးပြီး ၂၈-၁၁-၂၀၁၇ (အင်္ဂါနေ့)ထက် နောက်မကျစေဘဲ အမျိုးသား လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာပါ သည်။

နှုတ်ဆက်စကား‌ပြောကြားခြင်းနှင့် အစည်းအဝေးကျင်းပပြီးစီးကြောင်းကြေညာခြင်း

၇။           အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး နှုတ်ဆက်စကားပြောကြား၍ အစည်းအဝေးကို ၁၁၀၀ နာရီ အချိန်တွင် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး ကြောင်း ကြေညာပါသည်။

 

 

 အမျိုးသားလွှတ်တော်