ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး
(၁၅)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၁ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်
(၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်)
[ သောကြာနေ့ ]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၁ဝးဝဝ နာရီ အချိန်တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်။
(က)ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ နတ်မတောင် အမျိုးသားဥယျာဉ် ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် မင်းတပ် မြို့နယ်နှင့် မတူပီမြို့နယ်အပိုင်းကိုလည်း အထူးကြပ်မတ် ကာကွယ်ထိန်းသိမ်း ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က အဆိုပြုတင်ပြထားသည့် ဝန်ထမ်းအင်အား ဖွဲ့စည်းပုံခွင့်ပြုချက် ရရှိခန့်ထားပြီး ပါက မင်းတပ်နှင့် မတူပီမြို့နယ်အပိုင်းတို့တွင် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများ၊ သုတေသနလုပ်ငန်းများနှင့် ဒေသခံများအား အသိပညာပေးခြင်းလုပ်ငန်းများကို ပိုမိုဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(ခ)ဒေါက်တာဦးကြွယ်ကြွယ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ဝင်ရောက်၍ နိုင်ငံ့ဝန်ထမ်းဆရာဝန် များအဖြစ် တာဝန်ထမ်းဆောင်လိုသော ဆရာဝန်များအား အလုပ်ခန့်ခြင်း (appointment) ဦးစွာပေးပြီးမှ ဗဟိုဝန်ထမ်းတက္ကသိုလ်တွင် တက်ရောက်စေရန် စီစဉ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က သစ်လွင် လက်ထောက်ဆရာဝန်များသည် ဦးစီးအရာရှိအဆင့် ဝင်ပေါက်ရာထူးဖြစ်သဖြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ရခြင်းဖြစ်ပြီး ဗဟိုဝန်ထမ်းတက္ကသိုလ်သို့ တက်ရောက်ရခြင်းမှာ လုပ်ငန်းခွင်အကြိုသင်တန်း ဖြစ်၍ ဆရာဝန်သစ်လွင်များသာမက နယ်ပယ်အသီးသီးတွင် အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးတာဝန်ယူမည့်သူများအတွက် အကျုံးဝင်သည့်သင်တန်းဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(ဂ)ဦးဝင်းမြင့်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ ကျေးလက်လယ်ယာမြေ လုပ်ငန်းခွင်တွင် ကြုံတွေ့ရလေ့ရှိသော မြွေဆိုးအကိုက်ခံရမှုကြောင့် အသက် ဆုံးရှုံးနိုင်မှုကို ကာကွယ်နိုင်သည့် မြွေဆိပ်ဖြေဆေးကို အချိန်စောနိုင်သမျှ စောစော ထိုးနှံကုသမှု ရရှိနိုင်ရေးအတွက် စီမံထားရှိမှုကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ကုသရေးဦးစီးဌာနသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ကျန်းမာရေးဌာနများနှင့် ဆေးရုံများတွင် မြွေဟောက်နှင့် မြွေပွေး မြွေဆိပ်ဖြေဆေး ဖြန့်ဖြူးထားပြီး လာမည့်ဘဏ္ဍာရေးနှစ်များတွင်လည်း မြွေဆိပ်ဖြေဆေးလုံလောက်စွာ ဖြန့်ဖြူး ပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(ဃ)ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ နေပြည်တော်တွင် ကျင်းပနေသော အားကစားပြိုင်ပွဲများကို ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အလှည့်ကျကျင်းပပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ပြိုင်ပွဲဝင် အသင်းများ တည်းခိုနေထိုင်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက် အားကစားသမားအိပ်ဆောင်များ တည်ဆောက်နိုင်ရေး လျာထား ဆောင်ရွက်နိုင်မည်ဖြစ်ပြီး တည်ဆောက်ပြီးစီးပါက အားကစားပြိုင်ပွဲများအား တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အလှည့်ကျ ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း ရှင်းလင်းဖြေကြားသည်။
(င)ဦးကိုကိုနိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ နိုင်ငံသူ/ နိုင်ငံသား များအားလုံး သွေးသွင်းဆေးကုသမှုခံယူရာတွင် အရည်အသွေး ပြည့်မီသန့်စင်သော သွေးများ ရရှိနိုင်ရေးအတွက် ရန်ကုန်မြို့ အမျိုးသားသွေးဌာနကဲ့သို့ တခြား မြို့ကြီးများတွင် သွေးဌာနများကို နှစ်စဉ်စီမံချက်ချ တိုးချဲ့တည်ထောင်သွားရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က တိကျစွာ လိုက်နာနိုင်မည့် မူဝါဒ၊ စံနှုန်းများနှင့် လမ်းညွှန်ချက်များကို အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး မြေနေရာ၊ ဝန်ထမ်းအင်အားနှင့် စဉ်ဆက်မပြတ် ဘတ်ဂျက်ရန်ပုံငွေ ရရှိနိုင်မှုအပေါ် မူတည်၍ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် စနစ်ကျသော သွေးသွင်းကုသမှု လုပ်ငန်း အဆင့်ဆင့်ကို တာဝန်ယူဆောင်ရွက်နိုင်မည့် Regional Blood Centers များ တိုးချဲ့တည်ဆောက်သွားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။
အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း
၃။ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဒေါက်တာမျိုးအောင် (ဥပဒေကြမ်းကော်မတီဝင်) က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းပြီး ဥက္ကဋ္ဌ က ယင်း ဥပဒေကြမ်းအား ဆွေးနွေးလို သည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
အဆို ဆွေးနွေးခြင်း
၄။ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း ၏ ကချင်ပြည်နယ် သာမက တခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့တိုင် ဧကများစွာ ဆက်လက်စိုက်ပျိုး လျက်ရှိသော တရုတ်တစ်သျှူးငှက်ပျောစိုက်ပျိုးခြင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို စည်းကမ်းတကျ ထိန်းသိမ်းကွပ်ကဲနိုင်စေရန်၊ ရေရှည်တွင် ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးများအား ကြိုတင် တားမြစ်နိုင်ရန်နှင့် ရသင့်သော အခွန်ဘဏ္ဍာများ ရရှိနိုင်ရန်အလို့ငှာ သက်ဆိုင်သည့်ဌာန အသီးသီးတို့မှ ဟန်ချက်ညီညီ ပါဝင်လုပ်ဆောင်နိုင်မည့် ထိရောက်သည့် မူဝါဒလမ်းညွှန်မှု စီမံချက်တစ်ရပ်ရပ်ကို ချမှတ်၍ အဓိကကျသည့် ဝန်ကြီးဌာနအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် (၃)ဦး က ဆွေးနွေးသည်။
၅။ အစည်းအဝေးကို ၁၁:၃၇ နာရီ အချိန်တွင် ရပ်နားပြီး (၁၆)ရက်မြောက်နေ့ အစည်းအဝေးကို ၁၆-၁၂-၂၀၁၉ ရက်နေ့ (တနင်္လာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်