ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး
(၁၄)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၁ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်
(၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်)
[ ကြာသပတေးနေ့ ]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၁ဝးဝဝ နာရီ အချိန်တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်။
(က) ဦးစိုးသိန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ မြန်မာနိုင်ငံအတွင်း ပြည်တွင်း ရွှေ့ပြောင်းမှု Internal Migration ပြဿနာအား မည်ကဲ့သို့သော အစီအမံများဖြင့် ဆောင်ရွက်နေသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍ မူဝါဒများ၊ စီမံချက်များချမှတ်ပြီး စဉ်ဆက်မပြတ်လုပ်ကိုင်ဆောင်ရွက်နေကြောင်း ရှင်းလင်း ဖြေကြားသည်။
(ခ) ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ချင်းပြည်နယ်၊ မတူပီ မြို့နယ်ရှိ လေရှီးပွိုင့်၊ ဘနိုင်တောင်ပွိုင့်နှင့် ရေဇွာပွိုင့်တို့မှ MPT တာဝါတိုင်များကို Link အတွက်သာ သီးသန့်မသုံးဘဲ ဖုန်းလိုင်းလွှင့်ပေးသော ကိရိယာထပ်မံ တပ်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦး က မြန်မာနိုင်ငံအတွင်း အခြေခံဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျနေသည့် နယ်မြေဒေသ (Underserved/ Unserved area) များ၌ အခြေခံဆက်သွယ်ရေး အဆောက်အဦများ တိုးချဲ့တည်ဆောက်နိုင်ရန်နှင့် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများ ပိုမိုကျယ်ပြန့်ကောင်းမွန်စေနိုင်မည့် အစီအစဉ်များ ချမှတ်ဆောင်ရွက် နိုင်ရန်အတွက် ဆက်သွယ်ရေးအော်ပရေတာများမှ အချိုးကျထည့်ဝင်သည့် အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာ ရန်ပုံငွေ Universal Service Fund (USF) ၏ သတ်မှတ်စည်းမျဉ်းစည်းကမ်းများအရ ဘဏ္ဍာရေးနှစ် အလိုက် ဦးစားပေးအစီအစဉ်ဖြင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(ဂ) ဦးဥက္ကာမင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းရှိ တောင်တွင်းကြီး - မရမ်းချောင်း - ကတန် - ပသုတ်ကျွန်း ကျေးရွာများအား ကျေးရွာချင်းဆက် ရေသွယ်တန်းခြင်း လုပ်ငန်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က နည်းပညာပိုင်းဆိုင်ရာ ရန်ပုံငွေစိစစ်ချက်အရ ဖြစ်နိုင်ခြေရှိပါက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လျာထားတင်ပြ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
(ဃ) ဦးလှမြင့်(ခ)ဦးလှမြင့်သန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့မှ ဝန်ထမ်းအိမ်ရာပေါင်း (၉၉၄)အိမ်၊ အခြေစိုက် တပ်ရင်း(၂)ရင်းနှင့် အထက်တန်းကျောင်း(၂)ကျောင်းသို့ ရေပေးဝေနေသော ရေကန်အနီးတွင် ကျူးကျော်လုပ်ကိုင်နေသည့် စိုက်ပျိုးရေးခြံများနှင့် ပတ်သက်၍ မည်သို့အရေးယူဆောင်ရွက်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဆက်လက်လုပ်ကိုင်ဆောင်ရွက် ခြင်းမရှိတော့ကြောင်း စိစစ်တွေ့ရှိရသည့်အပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့မှ လည်း “အစိုးရမြေမကျူးကျော်ရဆိုင်းဘုတ်”များ စိုက်ထူထားရှိပြီး စောင့်ကြပ် ထိန်းသိမ်းလျက်ရှိသဖြင့် ထပ်မံကျူးကျော် ဆောင်ရွက်မှုများရှိခဲ့ပါက ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ တရားစွဲဆို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်ကို ရှင်းလင်းဖြေကြားသည်။
(င) ဦးဝင်းအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)၏ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီမြို့ ကွင်းအမှတ် - OSS.၅၃.A မြဝတီ အပြင်ကွင်း ဧရိယာ ၃၅.၅၇ ဧကရှိ ဦးစံသွင်အမည်ဖြင့် လုပ်ကိုင်ခွင့်ပြုထားသောမြေကို တိုင်းတာပေး ပါရန် ကရင်ပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြခဲ့သော်လည်း ဆောင်ရွက်ပေးမှု မရှိသည့်အပြင် ကရင်ပြည်နယ်အစိုးရ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီးက အဖွဲ့အစည်းရုံးများနှင့် လူနေအိမ်ရာများ တည်ဆောက် ရန်အတွက် အမှုတွဲပြုလုပ်၍ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှု ဗဟိုကော်မတီသို့ လျှောက်ထားခြင်းသည် မူလပိုင်ရှင် ပြန်လည်ရရှိရေး နိုင်ငံတော်မှ ချမှတ်ထားသောမူများကို ဆန့်ကျင်ခြင်း ရှိ/မရှိ နှင့် ပြည်ထောင်စု အစိုးရက မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေအရ “သီးခြားအဖွဲ့” ဖွဲ့စည်းပြီး စိစစ်ပေးရန်စီစဉ်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းအကောင်အထည် ဖော်မှု အဆင်ပြေချောမွေ့စေရေးနှင့် ပြေလည်မှုရရှိစေရေးတို့အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ညှိနှိုင်းဆောင်ရွက်ပေးရန်ရှိမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်း၊ အဆို တင်သွင်းခြင်း၊ ထောက်ခံခြင်းနှင့် အဆုံးအဖြတ် ရယူခြင်း
၃။ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင့်လွင် (ဥပဒေကြမ်းကော်မတီဝင်) က ငါးမွေးမြူရေးဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည် ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က ယင်း ဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။
၄။ ယင်း ဥပဒေကြမ်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က အတည်ပြုရန် အဆို တင်သွင်းရာ လွှတ်တော်ကိုယ်စားလှယ် (၁)ဦး က ထောက်ခံပြီး ဥက္ကဋ္ဌ က လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။
အဆို ဆွေးနွေးခြင်း
၅။ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း ၏ ကချင်ပြည်နယ် သာမက တခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့တိုင် ဧကများစွာ ဆက်လက် စိုက်ပျိုး လျက်ရှိသော တရုတ်တစ်သျှူးငှက်ပျောစိုက်ပျိုးခြင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို စည်းကမ်းတကျ ထိန်းသိမ်းကွပ်ကဲနိုင်စေရန်၊ ရေရှည်တွင် ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးများအား ကြိုတင် တားမြစ်နိုင်ရန်နှင့် ရသင့်သော အခွန်ဘဏ္ဍာများ ရရှိနိုင်ရန်အလို့ငှာ သက်ဆိုင်သည့်ဌာန အသီးသီးတို့မှ ဟန်ချက်ညီညီ ပါဝင်လုပ်ဆောင်နိုင်မည့် ထိရောက်သည့် မူဝါဒလမ်းညွှန်မှု စီမံချက် တစ်ရပ်ရပ်ကို ချမှတ်၍ အဓိကကျသည့် ဝန်ကြီးဌာနအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် (၆)ဦး က ဆွေးနွေးသည်။
၆။ အစည်းအဝေးကို ၁၂:၄၅ နာရီ အချိန်တွင် ရပ်နားပြီး (၁၅)ရက်မြောက်နေ့ အစည်းအဝေးကို ၁၃-၁၂-၂၀၁၉ ရက်နေ့ (သောကြာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။
အမျိုးသားလွှတ်တော်