Share this

၁၃ ရက်မြောက်နေ့ အစီအစဉ် (၂၅ - ၃ - ၂၀၂၀)

Wednesday, March 25, 2020 - 08:18
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး 

၁၃ ရက်မြောက်နေ့ အစီအစဉ်

[ ၂၅ - ၃ - ၂၀၂၀ ]( ဗုဒ္ဓဟူးနေ့ ) နံနက် ၁၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် ၁၃ ရက်မြောက်နေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က) ဦးကျော်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးပိုင် သင်္ဘောကျင်းများအနက် ရှေးအကျဆုံးနှင့် အကြီးဆုံးဖြစ်သော ဒလသင်္ဘောကျင်းရှိ အဆောက်အအုံများအား သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ ရှေးဟောင်းသမိုင်းဝင် ကမ္ဘာ့အမွေအနှစ် သတ်မှတ် နိုင်ရေး ဆောင်ရွက်ပေးရန်နှင့် သမိုင်းတန်ဖိုးကြီးလှသော သင်္ဘောကျင်း တစ်ခုလုံးကို ပြုပြင်မွမ်းမံ ထိန်းသိမ်းကာ ရေကြောင်းသမိုင်းပြတိုက် သို့မဟုတ် ဒေသဖွံ့ဖြိုးရေးအတွက် အကျိုးရှိမည့် စီမံကိန်းများ ချမှတ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ ) ဦးမြမင်းဆွေ၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ ပခုက္ကူမြို့တွင် ဖြတ်သန်းစီးဆင်းလျက်ရှိသော ရွှေချောင်းချောင်းကို ရေလမ်းကြောင်း တည်ငြိမ်စေပြီး ရေတိုက်စား၊ ကမ်းပြိုခြင်းမှ ကာကွယ်ရန် အမှတ်(၃) ရပ်ကွက်တွင် ကမ်းထိန်းနံရံ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ ) ဦးတင်ဝေ၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့၊ ကလွင်နယ်မြေရှိ တက္ကသိုလ်ရပ်ကွက်နှင့် ပုလဲဒီပါ ရပ်ကွက်တို့တွင် နေထိုင်သော ပြည်သူများသည် တရားဝင် အခွန်အခများ ပေးဆောင်နေကြသော်လည်း ရပ်ရွာစည်ပင်ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်၏ စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်မှုမရှိခြင်း၊ ဘဏ္ဍာငွေလျာထားမှု မရှိခြင်းတို့ကြောင့် အခက်အခဲဒုက္ခမျိုးစုံ ခံစားနေရပါသဖြင့် မည်သည့် အချိန်တွင် နိုင်ငံတော်ဘဏ္ဍာဖြင့် စီမံကိန်းရေးဆွဲအကောင်အထည်ဖော် ထည့်သွင်း ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ) ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အဆောက်အဦဟောင်းကို ပြန်လည်ပြုပြင် မွမ်းမံပေးရန်နှင့် RCC နှစ်ထပ်ကျောင်းဆောင်အသစ်တစ်ခုကို လာမည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( င ) ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ပေါက်ပင်ကျေးရွာအုပ်စု၊ နဂါးတွင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား အခြေခံပညာ အထက်တန်း ကျောင်းအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( စ ) ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်၊ ဆလဲင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် RC နှစ်ထပ်ကျောင်းဆောင်အသစ်ကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

 (ဆ) ဦးကျော်တုတ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ ကိုယ်ပိုင် ကျောင်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များ စနစ်တကျ၊ စည်းကမ်းတကျ ရှိကြောင်း သက်ဆိုင်ရာအဆင့်ဆင့်မှ မည်သို့ ကြီးကြပ်တင်ပြကာ မည်သို့ သဘောထားမှတ်ချက် အကြောင်းကြားထားကြောင်း သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဇ ) ဒေါက်တာဝင်းမြင့်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)၏ ပဲခူး    တိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ လက်ဆက်ကျေးရွာအုပ်စု၊ စိန်ကန့်လန့်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း (RTC)ကျောင်း မြေနေရာကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပညာရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးပြီး (၆၀x၃၀)ပေ RC တစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဈ ) ဦးဝင်းကြိုင်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)၏ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကျေးနီ အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)အား အခြေခံပညာ အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ည) ဦးဝေစိန်အောင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၏ ကျောင်းဝင်းခြံပတ်လည်အား အုတ်တံတိုင်း ကာရံပေးရန် သို့မဟုတ် လုံခြုံခိုင်မာသော ခြံစည်းရိုးတစ်မျိုးမျိုး ကာရံပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဋ ) ဦးရှန်အောရ်၊  ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် မည်သို့ဆောင်ရွက်နေသည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဌ ) ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့၊ ခုတင်(၁၀၀)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံကြီးအား ခုတင်(၂၀၀)ဆံ့ ဆေးရုံအဆင့်သို့ တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဍ ) ဦးဌေးဦး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ သူနာပြုနှီးနွှယ် ကွင်းဆင်း လေ့ကျင့်သင်တန်းကျောင်းကြီးကို သူနာပြုသင်တန်းကျောင်းကြီးအဖြစ် အမည်ပြောင်းလဲသတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် ရှိပါက မည်သည့် အချိန်၌ ပြောင်းလဲပေးမည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဎ ) ဦးမာန်လောမောင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှ (၂၃)မိုင်၊ အေးသာယာကျေးရွာတွင် ကျေးလက် ကျန်းမာရေးဌာန(ခွဲ)အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် ချထားပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဏ) ဒေါက်တာစန်းမောင်မောင်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥသာမြို့သစ် အားကစားကွင်းအား တိုင်းအဆင့် အားကစားကွင်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

  ၆။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က ကျန်းမာရေးမှူးကောင်စီ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည် ဖတ်ကြား ရှင်းလင်းခြင်း။

  ၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ကျန်းမာရေးမှူးကောင်စီ ဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

  ၈။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးမှူး ကောင်စီ ဥပဒေကြမ်းကို အတည်ပြုရန် အဆိုတင်သွင်းခြင်းနှင့်  လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ထောက်ခံခြင်း။

  ၉။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ကျန်းမာရေးမှူးကောင်စီ ဥပဒေကြမ်းကို အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၁၀။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က ကြက်ခြေနီအမှတ်အသား အသုံးပြုခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းခြင်း။

၁၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ကြက်ခြေနီအမှတ်အသား အသုံးပြုခြင်းဆိုင်ရာ ဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၁၂။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ကြက်ခြေနီ အမှတ်အသား အသုံးပြုခြင်းဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုရန် အဆို တင်သွင်းခြင်းနှင့်  လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံခြင်း။

၁၃။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ကြက်ခြေနီအမှတ်အသား အသုံးပြုခြင်းဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၁၄။ ဦးမောင်မောင်အုန်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ မြန်မာနိုင်ငံတွင် နှစ်စဉ် ဓာတ်ဆီတန်ချိန် (၂)သန်းကျော်ကို ပြည်ပမှ တင်သွင်းခဲ့ရာ ယင်းဓာတ်ဆီနှင့် ရောသုံးသည့် အီသနောလောင်စာဆီကို ပြည်တွင်း၊ အရက်ချက်စက်ရုံများမှ ပြောင်း၊ ဆန် စသည့် ကုန်ကြမ်းများကို အခြေခံကာထုတ်လုပ်နိုင်ပြီး၊ ဘေးထွက် ပစ္စည်းများမှလည်း တိရစ္ဆာန်အစာများနှင့် ဇီဝဓာတ်ငွေ့၊ ဇီဝမြေဩဇာအဖြစ် အသုံးပြုနိုင်ရန်နှင့် ကုန်သွယ်မှုလိုငွေ (Trade deficit) ကို လျော့နည်းစေရန်အတွက် သဘာဝပတ်ဝန်းကျင်အထောက်အကူပြု၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သော အီသနော(ခေါ်) ရေမဲ့အရက်ကို သင့်တော်မည့် ရာခိုင်နှုန်းအချိုးအဆအား ဓာတ်ဆီဖြင့် ရောနှောသုံးနိုင်ရန်အတွက် လုပ်ငန်းရှင်များအား လုပ်ပိုင်ခွင့်အမိန့် ထုတ်ပြန်ပေးခြင်း (Mandate)ကို ပြည်ထောင်စုအစိုးရမှ အမြန်ဆုံး စီစဉ်ချမှတ် ဆောင်ရွက် သင့်ပါကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို အောက်ပါ လွှတ်တော်ကိုယ်စားလှယ်က ဆက်လက်ဆွေးနွေးခြင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ဖြေရှင်း ဆွေးနွေးခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း-

-ဦးဝင်းဇော်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)

၁၅။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍  ရှင်းလင်းပြောကြားခြင်း။

၁၆။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် အမျိုးသား လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပပြီးစီးကြောင်း ကြေညာခြင်း။