Share this

၁၃ ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ် (၂၅.၃.၂၀၂၀)

Wednesday, March 25, 2020 - 16:28
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

(၁၃)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၁ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက်

(၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၅ ရက်)

[ ဗုဒ္ဓဟူးနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက် မြောက်နေ့ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၅ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်။

(က)ဦးကျော်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးပိုင် သင်္ဘောကျင်းများအနက် ရှေးအကျဆုံးနှင့် အကြီးဆုံး ဖြစ်သော ဒလသင်္ဘောကျင်းရှိ အဆောက်အအုံများအား သတ်မှတ်စံချိန်စံညွှန်း များနှင့်အညီ ရှေးဟောင်းသမိုင်းဝင် ကမ္ဘာ့အမွေအနှစ် သတ်မှတ်နိုင်ရေး ဆောင်ရွက်ပေးရန်နှင့် သမိုင်းတန်ဖိုးကြီးလှသော သင်္ဘောကျင်း တစ်ခုလုံးကို ပြုပြင်မွမ်းမံထိန်းသိမ်းကာ ရေကြောင်းသမိုင်းပြတိုက် သို့မဟုတ် ဒေသဖွံ့ဖြိုးရေး အတွက် အကျိုးရှိမည့် စီမံကိန်းများ ချမှတ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦး က ရှေးဟောင်းသမိုင်းဝင် ကမ္ဘာ့အမွေအနှစ် သတ်မှတ်ရန် အစီအစဉ် မရှိကြောင်း၊ လက်ရှိ ဂိုဒေါင်အဖြစ် အသုံးပြုနေသော ရှေးဟောင်းအဆောက်အအုံ တွင် Blue Plaque ကပ်ထားနိုင်ရေးနှင့် သင်္ဘောကျင်းအတွင်း ရေကြောင်း သမိုင်းပြတိုက်အဖြစ်ထားရှိရေး အစီအမံများနှင့် ပတ်သက်၍ F/S ဆောင်ရွက် မည့် ကုမ္ပဏီအဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ Yangon Heritage Trust နှင့် မဲဆန္ဒနယ်ကိုယ်စားပြု ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းတိုင်ပင်သွားစေမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ခ)ဦးမြမင်းဆွေ၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ ပခုက္ကူမြို့တွင် ဖြတ်သန်းစီးဆင်းလျက်ရှိသော ရွှေချောင်းချောင်းကို ရေလမ်းကြောင်း တည်ငြိမ် စေပြီး ရေတိုက်စား၊ ကမ်းပြိုခြင်းမှ ကာကွယ်ရန် အမှတ်(၃) ရပ်ကွက်တွင် ကမ်းထိန်းနံရံ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦး က အစီအစဉ် မရှိသေးကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်း ရှင်းလင်းဖြေကြားသည်။

  (ဂ) ဦးတင်ဝေ၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့၊ ကလွင်နယ်မြေရှိ တက္ကသိုလ်ရပ်ကွက်နှင့် ပုလဲဒီပါရပ်ကွက် တို့တွင် နေထိုင်သော ပြည်သူများသည် တရားဝင် အခွန်အခများ ပေးဆောင် နေကြသော်လည်း ရပ်ရွာစည်ပင်ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်၏ စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်မှုမရှိခြင်း၊ ဘဏ္ဍာငွေလျာထားမှု မရှိခြင်းတို့ကြောင့် အခက်အခဲဒုက္ခမျိုးစုံ ခံစားနေရပါသဖြင့် မည်သည့်အချိန်တွင် နိုင်ငံတော်ဘဏ္ဍာ ဖြင့် စီမံကိန်းရေးဆွဲအကောင်အထည်ဖော် ထည့်သွင်း ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း က ယင်းရပ်ကွက်တို့တွင်နေထိုင်သော ပြည်သူများ၏အကျိုးငှာ ဖွံ့ဖြိုးရေးလုပ်ငန်းများ အား ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဦးစားပေးအဆင့်အလိုက် အကောင်အထည် ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စား ရှင်းလင်းဖြေကြားသည်။

(ဃ)ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အဆောက်အဦဟောင်းကို ပြန်လည် ပြုပြင် မွမ်းမံပေးရန်နှင့် RCC နှစ်ထပ်ကျောင်းဆောင်အသစ်တစ်ခုကို လာမည့် ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ (၃၉၀x၃၀)ပေ သွပ်မိုး၊ ပျဉ်ကာ နှစ်ထပ်ဆောင် (၁)ဆောင်အား ပြင်ဆင်နိုင်ရန်နှင့် ဥပဓိရုပ်မကောင်းသော (၆၀x၂၄)ပေ သွပ်မိုး၊ ပျဉ်ကာတစ်ထပ်ဆောင် (၁)ဆောင်အစား (၁၃၀x၃၀)ပေ RCC နှစ်ထပ်ဆောင် (၁)ဆောင်ကို  အသစ်ဆောက်လုပ်နိုင်ရန်အတွက် လိုအပ်သော ရန်ပုံငွေကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြင်ဆင်ထိန်းသိမ်းစရိတ် အဆောက်အဉီ ခေါင်းစဉ်နှင့် ငွေလုံးငွေရင်း (တည်ဆောက်ရေး)စာရင်းတွင် မြို့နယ်ဦးစားပေး အစီအစဉ်အရ စိစစ်၍ ထည့်သွင်းလျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။ 

(င)ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ပေါက်ပင်ကျေးရွာအုပ်စု၊ နဂါးတွင်းကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)အား အခြေခံပညာအထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က သတ်မှတ်မူနှင့် ကိုက်ညီမှုမရှိသဖြင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ဦးစားပေး ကျောင်းအနေဖြင့် အဆင့်တိုးမြှင့်ပေးနိုင်ခြင်းမရှိသေးကြောင်းနှင့် အဆိုပါကျောင်း သည် အခြေခံပညာအထက်ကျောင်း(ခွဲ)ဖြစ်သည့်အတွက် အထက်တန်းပညာရပ် များကိုလည်း သင်ယူခွင့်ရရှိသည့်အခြေအနေတွင် ရှိနေကြောင်း ရှင်းလင်း ဖြေကြားသည်။ 

(စ)ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်၊ ဆလဲင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် RC နှစ်ထပ်ကျောင်းဆောင်အသစ်ကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က (၉၀x၂၄)ပေ အန္တရာယ်ရှိကျောင်း ဆောင်အားဖျက်သိမ်းပြီး (၉၀x၃၀)ပေ Steel Structure တစ်ထပ်ဆောင် (၁)ဆောင် ဆောက်လုပ်ရန်အတွက် လိုအပ်သောရန်ပုံငွေကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး)ခေါင်းစဉ်အောက်မှ မြို့နယ်ဦးစားပေးအစီအစဉ် အရ စိစစ်၍ ထည့်သွင်းလျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

(ဆ)ဦးကျော်တုတ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ ကိုယ်ပိုင် ကျောင်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များ စနစ်တကျ၊ စည်းကမ်းတကျ ရှိကြောင်း သက်ဆိုင်ရာအဆင့်ဆင့်မှ မည်သို့ ကြီးကြပ်တင်ပြကာ မည်သို့ သဘောထားမှတ်ချက် အကြောင်းကြားထားကြောင်း သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ကိုယ်ပိုင်ကျောင်းမှတ်ပုံတင် ဥပဒေ၊ နည်းဥပဒေ တို့နှင့်အညီ တာဝန်ရှိသူ အဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး သင်ကြားရေးလုပ်ငန်းများ အပါအဝင် ဥပဒေ၊ နည်းဥပဒေများအား လိုက်နာဆောင်ရွက်မှု အခြေအနေများကို တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများမှ စစ်ဆေးရေးအဖွဲ့များဖွဲ့စည်း၍ စိစစ်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။ 

(ဇ)ဒေါက်တာဝင်းမြင့်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)၏ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ လက်ဆက်ကျေးရွာအုပ်စု၊ စိန်ကန့်လန့် ကျေးရွာ အခြေခံပညာမူလတန်းကျောင်း (RTC)ကျောင်း မြေနေရာကို ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးပြီး (၆၀x၃၀)ပေ RC တစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ကျောင်းမြေနေရာကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးမှ ပညာရေးဝန်ကြီးဌာနပိုင်မြေနေရာအဖြစ် လွှဲပြောင်းပေးမှသာ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ ရန်ပုံငွေလျာထား ပေးနိုင်မည်ဖြစ်ပြီး နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အရ ပညာရေးဝန်ကြီးဌာန ပိုင်မြေနေရာအဖြစ် လွှဲပြောင်းပေးနိုင်ခြင်းမရှိပါက စီမံကိန်းလုပ်ငန်းများအတွက် ရန်ပုံငွေလျာထားဆောင်ရွက်ပေး၍မရကြောင်း ရှင်းလင်းဖြေကြားသည်။

(ဈ) ဦးဝင်းကြိုင်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)၏ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကျေးနီ အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)အား အခြေခံပညာ အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က သတ်မှတ်မူနှင့် ကိုက်ညီမှု ရှိသဖြင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းအဆင့်တိုးမြှင့်ခြင်းများ ဆောင်ရွက်သည့်အချိန်တွင် စိစစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

(ည)ဦးဝေစိန်အောင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၏ ကျောင်းဝင်း ခြံပတ်လည်အား အုတ်တံတိုင်း ကာရံပေးရန် သို့မဟုတ် လုံခြုံ ခိုင်မာသော ခြံစည်းရိုးတစ်မျိုးမျိုး ကာရံပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၏ ပြင်ဆင်ထိန်းသိမ်းစရိတ် အခြားရန်ပုံငွေခေါင်းစဉ် အောက်မှ  မြို့နယ်ဦးစားပေးအစီအစဉ်အရ စိစစ်၍ လျာထားဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဋ)ဦးရှန်အောရ်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် မည်သို့ ဆောင်ရွက်နေသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များကို အတည်ပြုဖွဲ့စည်းပေးခဲ့ပြီး အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာဖိတ်ခေါ်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင် နိုင်ရန်အတွက် ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် စခန်းသွင်းလေ့ကျင့်ပေးခြင်း၊ နည်းပြများနှင့် အားကစားသမားများ၏ စားသောက်စရိတ်နှင့် လစဉ်ထောက်ပံ့မှုများ ပေးလျက်ရှိသည့်အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများနှင့် ပတ်သက်၍ ကုန်ကျစရိတ်များ၊ ဆုကြေးငွေများနှင့် အားကစားထောက်အကူ ပြုပစ္စည်းများထောက်ပံ့ပေးခြင်းတို့ကို ပြည်ထောင်စုဘတ်ဂျက်မှ ကျခံဆောင်ရွက် ပေးပြီး အားကစားနည်းအလိုက်ပြိုင်ပွဲများမှ ထူးချွန်ထက်မြက်သော အားကစား သမားများကို သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်များမှ ရွေးချယ်၍ စခန်းသွင်း လေ့ကျင့်ပေးပြီး ဝန်ကြီးဌာနပေါင်းစုံပြိုင်ပွဲများ၊ အဖွဲ့ချုပ်ဥက္ကဋ္ဌဖလားပြိုင်ပွဲများ၊ Japan Cup ပြိုင်ပွဲများ၊ အမျိုးသားတံခွန်စိုက်ပြိုင်ပွဲများ ကျင်းပပြုလုပ်ကာ နိုင်ငံ့ကိုယ်စားပြု လက်ရွေးစင်အားကစားသမားများ ရွေးချယ်၍ စခန်းသွင်း လေ့ကျင့်ပေးခြင်းနှင့် အထိမ်းအမှတ်နေ့ရက်များတွင် အားကစားပြိုင်ပွဲများကျင်းပ ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(ဌ)ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ မွန်ပြည်နယ်၊ သထုံ ခရိုင်၊ သထုံမြို့၊ ခုတင်(၁၀၀)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံကြီးအား ခုတင်(၂၀၀)ဆံ့ ဆေးရုံအဆင့်သို့ တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က ပြည်နယ်အစိုးရအဖွဲ့သို့ အဆောက်အဉီဆောက်လုပ်ရန်အတွက် မြေနေရာ လုံလောက်မှု ရှိ/မရှိ၊ အဆောက်အဉီထပ်မံဆောက်လုပ်ရန် လို/မလို၊ နယ်မြေ ဒေသအခြေအနေနှင့် မြေပြင်အမှန်တကယ်လိုအပ်မှု ရှိ/မရှိတို့ကို စိစစ်ပြန်ကြား ပေးနိုင်ပါရန် သဘောထားမှတ်ချက်တောင်းခံပြီး၊ သဘောတူညီချက်ရရှိလျှင် ဖွဲ့စည်းပုံခွင့်ပြုမိန့် ထုတ်ပြန်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ်ပါ မူဝါဒများ၊ စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့မှ ထုတ်ပြန်ထားသော သတ်မှတ်ချက်များနှင့်အညီ အဆိုပြုချက်များအား ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့နှင့်  စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန တို့သို့ ညှိနှိုင်းတင်ပြ၍ သဘောတူညီချက်ရရှိလျှင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်တင်ပြ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင် ရှင်းလင်းဖြေကြားသည်။

(ဍ)ဦးဌေးဦး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ သူနာပြုနှီးနွှယ် ကွင်းဆင်း လေ့ကျင့်သင်တန်း ကျောင်းကြီးကို သူနာပြုသင်တန်းကျောင်းကြီးအဖြစ် အမည်ပြောင်းလဲသတ်မှတ် ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ရှိပါက မည်သည့် အချိန်၌ ပြောင်းလဲပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က နိုင်ငံတကာအသိအမှတ်ပြု သူနာပြု-သားဖွားသင်တန်းကျောင်းများ ပေါ်ထွန်းနိုင်ရေးနှင့် မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီ၏ Accreditation Guidelines များအရ လိုအပ်သည် ဖြစ်သောကြောင့် သူနာပြုများ မွေးထုတ်မည့် သားဖွားသင်တန်းကျောင်းများနှင့် နှီးနွှယ်သင်တန်းကျောင်းများကို သူနာပြု-သားဖွားကျောင်းများအဖြစ် အမည် ပြင်ဆင်ရန် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလတွင် မွေးထုတ်မည့် သင်တန်းသား/သင်တန်းသူများ ကျောင်းဆင်းချိန်အမီ ဆောင်ရွက် လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(ဎ)ဦးမာန်လောမောင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှ (၂၃)မိုင်၊ အေးသာယာကျေးရွာတွင် ကျေးလက် ကျန်းမာရေး ဌာန(ခွဲ)အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် ချထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က ကျေးလက်ကျန်းမာရေးဌာနခွဲဖွင့်လှစ်ပေးသင့်ကြောင်း ချင်းပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ တင်ပြထားသဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာဖြင့် ပြည်ထောင်စုအဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများက နိုင်ငံ့ဝန်ထမ်းဖွဲ့စည်းပုံ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် မူဝါဒနှင့်အညီ စိစစ်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တွင် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဏ)ဒေါက်တာစန်းမောင်မောင်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့၊ ဥသာမြို့သစ် အားကစားကွင်းအား တိုင်းအဆင့်အားကစားကွင်း အဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က အဆင့် မြှင့်တင်ခြင်းလုပ်ငန်းများဖြစ်သည့် ရေစိမ့်မြောင်း၊ အတွင်း/အပြင် ရေနုတ် မြောင်းနှင့် Drain Cover ပြုလုပ်ခြင်း၊ ကတ်တုံးစီခြင်း၊ ဘောလုံးကွင်း ပြုပြင်ခြင်းနှင့် မြက်ပြန်စိုက်ခြင်း၊ ဂိုးတိုင်စိုက်ခြင်း၊ 440 Volt Line နှင့် 3” Diameter  Power Meter တပ်ဆင်ခြင်း၊ ရာဘာပြေးလမ်းခင်းခြင်း၊  Score Boardနှင့် Ground Tank ပြုလုပ်ခြင်း၊ ပွဲကြည့်စင် (၄)စင် အမိုးမိုးခြင်း၊ 4” Tube Well နှင့် ဆက်စပ်ပစ္စည်းများနှင့် ရေပိုက်သွယ်တန်းခြင်းတို့အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေစာရင်းတွင် ထည့်သွင်းလျာထား တင်ပြတောင်းခံပြီး ခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

အစီရင်ခံစာ ပြန်လည်ဖတ်ကြားရှင်းလင်းခြင်း၊ အဆုံးအဖြတ် ရယူခြင်း၊ အဆို တင်သွင်းခြင်း၊ ထောက်ခံခြင်းနှင့် အဆုံးအဖြတ် ရယူခြင်း

၃။ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါ်လှဌေး (ခ) ဒေါ်အုန်းကြည် (ဥပဒေကြမ်းကော်မတီဝင်) က ကျန်းမာရေးမှူးကောင်စီ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ပြန်လည် ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က ယင်း ဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။

၄။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က ကျန်းမာရေးမှူးကောင်စီ ဥပဒေကြမ်းကို အတည်ပြုရန် အဆို တင်သွင်းရာ  လွှတ်တော် ကိုယ်စားလှယ် (၁)ဦးက ထောက်ခံပြီး ဥက္ကဋ္ဌ က ယင်း ဥပဒေကြမ်းကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။

၅။ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဒေါက်တာမျိုးအောင် (ဥပဒေကြမ်းကော်မတီဝင်) က ကြက်ခြေနီအမှတ်အသား အသုံးပြုခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ပြန်လည် ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က ယင်း ဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။

၆။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က ကြက်ခြေနီအမှတ်အသား အသုံးပြုခြင်းဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုရန် အဆို တင်သွင်းရာ  လွှတ်တော် ကိုယ်စားလှယ် (၁)ဦးက ထောက်ခံပြီး ဥက္ကဋ္ဌ က ယင်း ဥပဒေကြမ်းကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။

အဆို ဆွေးနွေးခြင်းနှင့် အဆုံးအဖြတ် ရယူခြင်း

၇။ ဦးမောင်မောင်အုန်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ မြန်မာနိုင်ငံတွင် နှစ်စဉ် ဓာတ်ဆီတန်ချိန် (၂)သန်းကျော်ကို ပြည်ပမှ တင်သွင်းခဲ့ရာ ယင်းဓာတ်ဆီနှင့် ရောသုံးသည့် အီသနောလောင်စာဆီကို ပြည်တွင်း၊ အရက်ချက်စက်ရုံများမှ ပြောင်း၊ ဆန် စသည့် ကုန်ကြမ်းများကို အခြေခံကာထုတ်လုပ်နိုင်ပြီး၊ ဘေးထွက် ပစ္စည်းများမှလည်း တိရစ္ဆာန်အစာများနှင့် ဇီဝဓာတ်ငွေ့၊ ဇီဝမြေဩဇာအဖြစ် အသုံးပြုနိုင်ရန်နှင့် ကုန်သွယ်မှုလိုငွေ (Trade deficit)ကို လျော့နည်း စေရန်အတွက် သဘာဝပတ်ဝန်းကျင်အထောက်အကူပြု၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သော အီသနော(ခေါ်) ရေမဲ့အရက်ကို သင့်တော်မည့် ရာခိုင်နှုန်းအချိုးအဆအား ဓာတ်ဆီဖြင့် ရောနှော သုံးနိုင်ရန်အတွက် လုပ်ငန်းရှင်များအား လုပ်ပိုင်ခွင့်အမိန့် ထုတ်ပြန်ပေးခြင်း (Mandate)ကို ပြည်ထောင်စုအစိုးရမှ အမြန်ဆုံး စီစဉ်ချမှတ် ဆောင်ရွက်သင့်ပါကြောင်း ပြည်ထောင်စုအစိုးရ အား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် (၁)ဦးက ဆက်လက်ဆွေးနွေးရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည် ဖြေရှင်းဆွေးနွေးပြီး ဥက္ကဋ္ဌ က လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ ကန့်ကွက်မဲများသဖြင့် လွှတ်တော် က အတည်မပြုကြောင်း ကြေညာသည်။

၈။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍  ရှင်းလင်းပြောကြားပြီး ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပပြီးစီးကြောင်း ကြေညာသည်။

 

 

   အမျိုးသားလွှတ်တော်