Share this

၁၃ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ် (၁၇.၁၁.၂၀၁၇)

Friday, March 23, 2018 - 11:15
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဆဋ္ဌမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်း အနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး

၁၃ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ်

 

၁၃၇၉ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်

( ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက် )

[ သောကြာနေ့]

 

၁။           ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပ ပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။           မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက် ခဲ့ပါသည် -

          (က)   ဦးဇော်မင်းလတ်(ခ) ဦးကိုလတ်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ဖွင့်လှစ် ထားသော ကာရာအိုကေ ဆိုင်များသည် သက်ဆိုင်ရာမှ တရားဝင် ဖွင့်လှစ်ခွင့်ပြုထားခြင်း ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က ရှမ်းပြည်နယ် အနေဖြင့် မြို့နယ်အသီးသီးမှ ဗီဒီယိုကာရာအိုကေလုပ်ငန်းများကို စီးပွားရေးအလို့ငှာ လုပ်ကိုင်ခွင့်ပြုရန် လျှောက်ထားခဲ့သော လုပ်ငန်းရှင် (၂၈၃)ဦးရှိပြီး ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေး ဗဟိုကော်မတီ၏သတ်မှတ်ချက်များနှင့်အညီ ရှမ်းပြည်နယ် ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဗီဒီယို ကာရာအိုကေလုပ်ငန်းလိုင်စင်များ ချထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ဗီဒီယိုကာရာ အိုကေလုပ်ငန်းများကို ၂၀၀၀ ပြည့်နှစ်မှစ၍  ခွင့်ပြုခဲ့ရာ ဗီဒီယိုကာရာအိုကေ လုပ်ငန်းလိုင်စင် ခွင့်ပြုထားသူ (၁၄)ဦးရှိပြီး ရှမ်းပြည်နယ် ဗီဒီယိုလုပ်ငန်းစိစစ် ကြီးကြပ် ရေးကော်မတီ ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် တရားဝင်လိုင်စင် ရယူဖွင့်လှစ်ခွင့်ပြု ထားပါကြောင်း၊ အကယ်၍ လိုင်စင်မရှိဘဲ တရားမဝင် ဖွင့်လှစ်ပါက ၁၉၉၆ ခုနှစ် တည်ဆဲဥပဒေ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေအရ ထိုသူကို ထောင်ဒဏ် (၃)နှစ် ဖြစ်စေ၊ ငွေဒဏ် ကျပ် ၁၀၀၀၀၀ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်ကိုဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် ပြစ်မှုနှင့် တိုက်ရိုက်သက်ဆိုင်သည့် ပစ္စည်းများကိုလည်း ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း ရှမ်းပြည်နယ်အစိုးရ အဖွဲ့ကိုယ်စား ဖြေကြားပါသည်။

            ( ခ )   ဒေါက်တာခင်မောင်ဝင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၁)၏ မျိုးတုန်းပျောက်ကွယ်လုနီးပါးဖြစ်နေသော ဆလုံ(မော်ကင်း) လူမျိုးအား ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ပေးခြင်းတို့ကို မည်ကဲ့သို့ ဆောင်ရွက်ပေးနေသည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် က  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်အတွင်းရှိ ကျွန်းများတွင် နေထိုင်လျက်ရှိသော ဆလုံ(ခ)မော်ကင်း လူမျိုးတို့၏ ဓလေ့ထုံးစံများ ထိန်းသိမ်းကာကွယ်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး ဖော်ဆောင်ခြင်းနှင့် လူမျိုးစု မတိမ်ကော မပပျောက်ရေး  တို့အတွက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စရပ်များသည် ရေရှည်အချိန်ယူ ဖြေရှင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်သည့်အပြင် အထက်ပါ လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် အောင်မြင်အောင် အကောင် အထည်ဖော်ဆောင်ရွက်ရန် လုံလောက်သော ရန်ပုံငွေများ လိုအပ်ခြင်းနှင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့် မနုဿဗေဒပညာရှင်ကဲ့သို့သော ကျွမ်းကျင်ပညာရှင်များ ပါဝင်သည့် အထူးကော်မတီတစ်ရပ် ဖွဲ့စည်းနိုင် ရန်လည်း လိုအပ်လျက်ရှိပါကြောင်း၊ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသ ကြီးနှင့်ပြည်နယ်များတွင် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးများကို ဖွင့်လှစ် လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင်လည်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့် အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးများ ဖွင့်လှစ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဆလုံ(မော်ကင်း)မျိုးနွယ်စုအပြင် အခြား တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးစံနှင့် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးများကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက် သွားနိုင်မည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။

            ( ဂ )   ဦးစိုင်းစံအောင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ တရားဝင် ကုန်သွယ်ရေးဇုန် အဖြစ် သတ်မှတ်ထားသော နယ်မြေဒေသ မြို့ကြီးများတွင် နိုင်ငံခြားသုံးငွေ ဘဏ်စာရင်း ဖွင့်လှစ်ခွင့်ပြုပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက မြန်မာနိုင်ငံ၏ တရားမဝင်ကုန်သွယ်ရေး ဇုန်အဖြစ် သတ်မှတ်ထားသော နယ်စပ်ဒေသရှိ မြို့ကြီးများတွင် ပို့ကုန်/သွင်းကုန်လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရာ၌ အမေရိကန် ဒေါ်လာတစ်မျိုးတည်းဖြင့် ဆောင်ရွက်နေရာမှ နယ်စပ်ဒေသ ကုန်သွယ်မှု လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာစေရေးအတွက် (၁၅-၁၁-၂၀၀၀)ရက် နေ့မှစ၍ မြန်မာ-တရုတ် နယ်စပ်နှင့် မြန်မာ-အိန္ဒိယ နယ်စပ်တို့တွင် မြန်မာကျပ်ငွေ၊ အမေရိကန်ဒေါ်လာနှင့် တစ်ဖက်နိုင်ငံသုံးငွေကြေးတို့ဖြင့် ဆောင်ရွက်ခွင့်ပြုခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တို့ရှိ မြန်မာ-ထိုင်း နယ်စပ်ဒေသများတွင်လည်း ပို့ကုန်/သွင်းကုန် လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာစေရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏(၂၈-၁၂-၂၀၀၀)ရက်စွဲပါ အမိန့်စာအမှတ်(၆/၂၀၀၀)အရ ပို့ကုန်/ သွင်းကုန် လုပ်ငန်းများဆောင်ရွက်ရာတွင်မြန်မာကျပ်ငွေ၊ အမေရိကန်ဒေါ်လာနှင့် ထိုင်းဘတ်ငွေများဖြင့် ဆောင်ရွက်ခွင့်ပြုခဲ့သဖြင့် မြန်မာ့စီးပွားရေးဘဏ်တွင် မြန်မာ-ထိုင်းနယ်စပ်ဒေသရှိ ဘဏ်ခွဲများ၌ မြန်မာကျပ်ငွေ၊ ထိုင်းဘတ်ငွေနှင့် အမေရိကန် ဒေါ်လာငွေစာရင်းများကို ဖွင့်လှစ်ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ တရုတ်ယွမ်ငွေ၊ ထိုင်းဘတ်ငွေ၊ အိန္ဒိယရူပီးငွေစာရင်းများ ဖွင့်လှစ်ဆောင်ရွက်၍  အပြန်အလှန် ငွေပေးချေ နိုင်ရန်ကိစ္စနှင့်ပတ်သက်၍ နှစ်နိုင်ငံဗဟိုဘဏ်အချင်းချင်း ညှိနှိုင်း သဘောတူပြီးမှသာ ဆောင်ရွက်နိုင်သည့်ကိစ္စဖြစ်ပြီး ၎င်းငွေကြေးများသည် နိုင်ငံတကာသုံးငွေမာများ မဟုတ်သေးသဖြင့် ပြည်တွင်းတွင် ခွင့်ပြု ထားခြင်းမရှိသေးသော်လည်း နယ်စပ်ဒေသမြို့ကြီးများရှိ ဘဏ်ခွဲများ တွင် ပို့ကုန်/သွင်းကုန် လုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူအဆင် ပြေစေရေးအတွက် ခွင့်ပြုပေးထားပါကြောင်း၊ မြန်မာ့စီးပွားရေးဘဏ် သည် မြန်မာ-တရုတ် နယ်စပ်ဒေသရှိ မူဆယ်၊ ဗန်းမော်၊ မြစ်ကြီးနား၊ ကွမ်းလုံဘဏ်ခွဲများတွင် ယွမ်ငွေစာရင်းကို လည်းကောင်း၊ မြန်မာ-ထိုင်း နယ်စပ်ဒေသရှိ တာချီလိတ်၊ မြဝတီ၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း ဘဏ်ခွဲများတွင် ထိုင်းဘတ်ငွေစာရင်းများကိုလည်းကောင်း၊ မြန်မာ-အိန္ဒိယနယ်စပ်ဒေသရှိ တမူး၊ တီးတိန်ဘဏ်ခွဲများတွင် ရူပီးစာရင်းများကို လည်းကောင်း ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၆-၁၁-၂၀၁၇ ရက်နေ့ စာရင်းများအရ ယွမ်မင်ဘီ စာရင်းဖွင့်လှစ်မှုဦးရေ(၆၃)ဦး၊ ထိုင်းဘတ်စာရင်းဖွင့်လှစ်မှုဦးရေ (၁၈)ဦးနှင့် ရူပီးစာရင်းဖွင့်လှစ်မှုဦးရေ (၂)ဦးသာ ရှိပါကြောင်း ဖြေကြားပါသည်။

     (ဃ)   ဒေါက်တာကျော်သန်းထွန်း(ကန်တုန်)၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)၏ ဝန်ကြီးဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြ သော ဘွဲ့ရမြန်မာ့  လက်ရွေးစင် အားကစားသမားများကို ထူးချွန်မှုအပေါ် မူတည်ပြီး ရာထူးတိုးမြှင့် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိန်း က ဝန်ကြီးဌာန များမှလည်း ဘွဲ့ရမြန်မာ့လက်ရွေးစင် အားကစားသမားများအပါအဝင် နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမားဝန်ထမ်းများအား ဂုဏ်ပြုဆုငွေနှင့်ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခြင်း၊ ဆုတံဆိပ်များရရှိမှု အပေါ်မူတည် ၍ ပညာအရည်အချင်း ကန့်သတ်မှုမရှိဘဲ တစ်ဆင့်မြှင့်ရာထူးသို့ တိုးမြှင့် ခန့်ထားပေးခြင်းများကို နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့၀န်ထမ်းနည်းဥပဒေ များပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဖြေကြားချက်များ ပေးပို့လာသည့်အတွက် ဝန်ကြီးဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသော ဘွဲ့ရ မြန်မာ့လက်ရွေးစင် အားကစား သမားများအပါအဝင် နိုင်ငံဂုဏ်ဆောင် အားကစားသမား ဝန်ထမ်းများ အား ထူးချွန်မှုအပေါ်မူတည်ပြီး ရာထူးတိုးမြှင့် ပေးခြင်းကို နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များ နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဝန်ကြီးဌာနအားလုံးနှင့် ပေါင်းစပ် ညှိနှိုင်းကာ ဖြေကြားပါသည်။

      ( င )   ဦးကိုကိုနိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏နိုင်ငံ့ဝန်ထမ်း အရာထမ်း/ အမှုထမ်းများ၏ ဒေသပြောင်းရွှေ့ခွင့်ကို ၎င်းတို့ဆန္ဒရှိပါက မိသားစုအဆင်ပြေ အခြေချရာဒေသများသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင် ခွင့်ပြုပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌဒေါက်တာ ဝင်းသိန်း က နိုင်ငံ့ဝန်ထမ်းဥပဒေအား ‌ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခွင့်ပြုခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ရာထူးဝန်အဖွဲ့အနေဖြင့် ဝန်ကြီးဌာနနှင့်ဝန်ထမ်းအဖွဲ့အစည်း တစ်ခုခုမှ ပြန်တမ်းဝင်အရာရှိတစ်ဦးဦးကို အခြားဝန်ကြီးဌာနနှင့် ဝန်ထမ်းအဖွဲ့ အစည်း တစ်ခုသို့ ပြောင်းရွှေ့ခန့်ထားလိုသည့် ကိစ္စရပ်များကို နိုင်ငံ့ ဝန်ထမ်းဥပဒေ ပုဒ်မ ၈ နှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၃ မှ နည်းဥပဒေ ၂၅ ထိပါ ပြဋ္ဌာန်းချက်များနှင့်အညီ စိစစ်ထောက်ခံ၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြပေးလျက်ရှိပါကြောင်း၊ အမှုထမ်း များ ‌ပြောင်းရွှေ့ခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ ၁၇-၁၃-၂၀၁၃ ရက်စွဲပါ စာအမှတ်၊ ၉/၁၅၃-ဌာနကူးပြောင်း/အဖရ (၂၀၁၃)ဖြင့် ညွှန်ကြားထားသည်နှင့်အညီ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန များနှင့် အဖွဲ့အစည်းများမှ နှစ်ဘက်ဌာန၊ အဖွဲ့အစည်းတို့၏ အပြန်အလှန် သဘောတူညီမှု၊ နေရာလစ်လပ်မှု ရှိ/မရှိ၊ ကာယကံရှင်၏ ဆန္ဒပြု လျှောက်လွှာ၊ ကိုယ်ရေးရာဇဝင်၊ ပြစ်မှုကင်းရှင်းမှု ရှိ/မရှိ စသည့်အချက် အလက်တို့ကို ပြည့်စုံစွာ ဖော်ပြလျက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြ၍ ခွင့်ပြုချက် ရယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသ‌ပြောင်းရွှေ့ ခွင့်ကဲ့သို့သော ဝန်ကြီးဌာနအတွင်း ပြောင်းရွှေ့ခြင်း များနှင့် စပ်လျဉ်း၍ ဝန်ထမ်းများ၏ဆန္ဒအရ ဒေသပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခွင့်ပြု နိုင်ပါရန် တင်ပြလာပါက လူမှုရေးအခက်အခဲတင်ပြချက်၊ ကျန်းမာရေး အခြေအနေတင်ပြချက်၊ မိသားစုပေါင်းစည်းနေထိုင်ရေးတင်ပြချက်၊‌ ပြောင်းရွှေ့ လိုသည့် အကြောင်းအရင်းတို့ကို စိစစ်၍ ပြောင်းရွှေ့လိုသည့်ဒေသရှိ အိမ်ထောင်စု ဇယားကိုပါ ပူးတွဲတင်ပြစေပြီး သက်ဆိုင်ရာဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ၏ သဘောတူညီချက်ဖြင့်‌ ပြောင်းရွှေ့နေရာချထား ပေးလျက်ရှိပါကြောင်း၊ လျှောက်ထားလာသည့်ဒေသ၌ နေရာလစ်လပ်မှု မရှိပါက အမြဲတမ်းနေရပ်လိပ်စာ၊ မိသားစု အခြေချနေထိုင်ရာ လိပ်စာ များနှင့် အနီးစပ်ဆုံးဒေသများသို့ ပြောင်းရွှေ့တာဝန်ချ ထားပေးလျက် ရှိပါကြောင်း ဝန်ကြီးဌာနများမှ ဖြေကြားချက်များပေးပို့လာသည့် အတွက် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအကြီးအမှူး၊ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးတို့၏ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် စီမံခန့်ခွဲမှု နည်းလမ်း များနှင့် ဆောင်ရွက်လျက် ရှိပါကြောင်း ဝန်ကြီးဌာနအားလုံးနှင့် ပေါင်းစပ် ကာ ဖြေကြားပါသည်။

 

 

အဆို(၁)ခုတင်သွင်းခြင်း

၃။           ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ က နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်တွင် လက်ခံဆွေးနွေးနိုင်ရန် အဆိုတင်သွင်း ပါသည်။

အစီရင်ခံစာဖတ်ကြားရှင်းလင်းခြင်း

၄။           နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ (ဥပဒေကြမ်းကော်မတီဝင်)ဒေါ်လှဌေး (ခ)ဒေါ်အုန်းကြည်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)က ဥပဒေကြမ်းကော်မတီ၏ စိစစ်တင်ပြခြင်း အစီရင်ခံစာကို  ဖတ်ကြားရှင်းလင်းပါသည်။

အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၅။          အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင် သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက ပြင်ဆင်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲအလိုက် အသေးစိတ် ဖော်ပြ လက်မှတ်ရေးထိုးပြီး၂၂-၁၁-၂၀၁၇ (ဗုဒ္ဓဟူးနေ့)ထက် နောက်မကျဘဲ အမျိုးသားလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ ပါသည်။         

၆။              အစည်းအဝေးကို ၁၁၁၄ နာရီအချိန်တွင် ရပ်နားပါသည်။ ၁၄ ရက်မြောက်နေ့ အစည်းအဝေးကို ၂၀-၁၁-၂၀၁၇ ရက်နေ့ (တနင်္လာနေ့)တွင် ကျင်းပရန် လျာထားပါသည်။

 

 

 

 အမျိုးသားလွှတ်တော်