Share this

(၁၂) ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်(၂၇-၈-၂၀၂၀)

Thursday, August 27, 2020 - 13:56
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး

(၁၂)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၂ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက်

( ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၇ ရက် )

[ ကြာသပတေးနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၂)ရက် မြောက်နေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၇  ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် စတင် ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ ပါသည်။ 

(က)ဦးရဲထွဋ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ အစိုးရဌာန များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော နေ့စား/လပေး ဝန်ထမ်းများအား လခစား အမြဲတမ်းဝန်ထမ်းများအဖြစ် ခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်း က နိုင်ငံ့ဝန်ထမ်းခန့်ထားခြင်းဆိုင်ရာမူဝါဒများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြခွင့်ပြုချက်ရယူကာ ဆောင်ရွက်လျက်ရှိကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ရှင်းလင်းဖြေကြားသည်။

( ခ )ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ဘူတာကျေးရွာအုပ်စုရှိ ပဲပြစ်တော- ချောင်းဦးနွယ်ခွေလမ်းရှိ ပေ(၂၀)ကျယ်ဝန်းသော ရေကျော်နေရာတွင် ချောင်းကူး ကွန်ကရစ်ရေကျော် ပြုလုပ်ပေးရန်အတွက် ၂၀၂၀ - ၂၀၂၁ ဘတ်ဂျတ်တွင် ထည့်သွင်းလျာထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း က လမ်းအဆင့်သတ်မှတ်ချက်အရ Class(B)၊ ဦးစားပေးအဆင့်(၂)လမ်းပေါ်၌ တည်ရှိသဖြင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုပြင်ဆင်ထိန်းသိမ်း ခြင်းရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးပို့လာသော အချက်အလက်များဖြင့် ရှင်းလင်းဖြေကြားသည်။

( ဂ )ဦးကျော်နီနိုင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် အဆင့်မီ မြို့ပြရေပေးဝေရေးစနစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က လတ်တလောတွင် အဆင့်မီမြို့ပြ ရေပေးရေးလုပ်ငန်း ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်း၊ JICA ဖြင့် ဆက်လက်ဆောင်ရွက်ရန် အစီအမံများရှိလာခဲ့လျှင် နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ)ဦးကျော်သီဟ၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)၏ ၂၀၁၉ ခုနှစ်၊ မြန်မာ့ကျောက်မျက်ရတနာဥပဒေကို ပြင်ဆင်ရေးဆွဲခဲ့သည်မှာ တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း မြန်မာ့ကျောက်မျက်ရတနာနည်းဥပဒေ မထွက်ရှိသေး သည့်ကိစ္စနှင့်စပ်လျဉ်း၍ ရေးဆွဲဆောင်ရွက်နေမှုအခြေအနေနှင့် အချိန်မည်မျှ ကြာအောင် ဆက်လက်ရေးဆွဲမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကော်မတီ၏ ဆုံးဖြတ်ချက်ရရှိပါက ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်နှင့်အညီ မြန်မာ့ ကျောက်မျက်ရတနာ နည်းဥပဒေများကို အတည်ပြုထုတ်ပြန်နိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( င )ဦးကြည်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)၏ ဧရာဝတီတိုင်း ဒေသကြီးအတွင်း လပွတ္တာမြို့နယ်နှင့် ငပုတောမြို့နယ်အတွင်း တိုက်နယ် (၉)နယ် (ဆားတိုက်နယ်)ရှိ ဆားတောင်သူ (၅၄၆)ဦးအား မြန်မာနိုင်ငံ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SME) ဖွံ့ဖြိုးတိုးတက်ရေး အတွက် ချေးငွေ ရရှိရေး ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က MSME ချေးငွေများကို ရယူလိုပါက ချေးငွေအမျိုးအစားအလိုက် သက်ဆိုင်ရာဘဏ်များမှ သတ်မှတ်စည်းကမ်းချက် များနှင့်အညီ အဆိုပြု လျှောက်ထားနိုင်ကြောင်း ရှင်းလင်းဖြေကြားသည်။

( စ )ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ကျောက်တော်မြို့နယ်အတွင်း အခြေခံပညာအဆင့် (၄)တန်း၊ (၈)တန်းနှင့် အခြားအတန်းများ စာမေးပွဲ စစ်ဆေးမှုတွင် လုံခြုံရေးအခြေအနေအရ စာမေးပွဲဖြေဆိုခွင့် မရရှိခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများအတွက် လူငယ်များ၏ အနာဂတ်ပညာရေးကို မျှော်ကိုးပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့် မည်သို့စီမံ ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း အခန်းဆုံးစစ်ဆေးခြင်း (၂)ကြိမ်၊ ပထမနှစ်ဝက်စာမေးပွဲရမှတ်တို့အပါအဝင် CPR ရမှတ်တို့ဖြင့်   ၂၀၂၀ ပြည့်နှစ်၊ မေလနောက်ဆုံးပတ်တွင်  တစ်ဦးချင်းစီရမှတ်များကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ လက်ထောက်ဆရာ၊ ဆရာမများ၊ မြို့နယ်ပညာရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူး(ပညာ)၊ လက်ထောက်မြို့နယ်ပညာရေးမှူးတို့မှဦးစီး၍ စိစစ်ကာ အောင်စာရင်းများကို အခြားကျောင်းများနည်းတူ ထုတ်ပြန်ခဲ့ပြီးဖြစ် ကြောင်း ရှင်းလင်းဖြေကြားသည်။

( ဆ )ဦးစခင်ဇော်လင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂)၏ ဧရာဝတီ တိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ကမ္ဘဲ့ညောင်ကုန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)အား သတ်မှတ်ထားသော ခရီးမိုင်အကွာအဝေးနှင့် စည်းမျဉ်းစည်းကမ်းတစ်ချို့ကိုဖြေလျှော့ပြီး ၂၀၂၀-၂၀၂၁ စာသင်နှစ်တွင် အခြေခံပညာအလယ်တန်းကျောင်းအဖြစ်သို့ အဆင့်မြှင့်တင်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က ကျောင်းအဆင့်တိုးမြှင့်ခြင်းဆိုင်ရာ သတ်မှတ်မူများနှင့် ကိုက်ညီမှုမရှိသဖြင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ဦးစားပေးကျောင်းအနေဖြင့် အဆင့်တိုးမြှင့်ပေးနိုင်ခြင်းမရှိသေးကြောင်း ရှင်းလင်းဖြေကြားသည်။

( ဇ )ဒေါက်တာဝင်းမြင့်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)၏ ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ရှားတောကွင်းကျေးရွာအုပ်စု၊ တူးမြောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် (၁၀၀x၃၀)ပေ RC တစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း  က ကျောင်းဆောင်သစ် Type-C (၉၀x၃၀)ပေ Steel Structure တစ်ထပ်ဆောင် အဖြစ် စတင်ဆောက်လုပ်နိုင်ရန်အတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊  ပြင်ဆင်ထိန်းသိမ်းစရိတ် အဆောက်အဦ ရန်ပုံငွေခေါင်းစဉ်အောက်မှ မြို့နယ် ဦးစားပေးအစီအစဉ်အရ စိစစ်၍ ထည့်သွင်းလျာထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( ဈ )ဒေါ်ထုမေ၊  ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရခိုင်ပြည်နယ်၊ စစ်တွေ ကွန်ပျူတာတက္ကသိုလ်တွင် တက်ရောက်နေကြသော ကျောင်းသား/ ကျောင်းသူ များ အဆင်ပြေစွာဖြင့် ပညာသင်ယူဆည်းပူးနိုင်ရန် လုံလောက် သောအဆောင် စီစဉ်ပေးနိုင်ရေးအတွက် လာမည့်နှစ်တွင် သင့်လျော်သော မြေနေရာအား သက်ဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ပြီး အဆောင်တစ်ဆောင် ဆောက်လုပ် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က သင့်လျော်သည့် မြေနေရာရရှိပါက ကျောင်းသား၊ ကျောင်းသူအိပ်ဆောင် (၁)ဆောင် တည်ဆောက်နိုင်ရေးအတွက် ဘတ်ဂျက် ရန်ပုံငွေတွင် တည့်သွင်းလျာထားဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

အစီရင်ခံစာ ဆွေးနွေးခြင်း

၃။ အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးထိ တင်သွင်းမေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်(၂)ဦးက ဆွေးနွေးသည်။

 

 

အဆို တင်သွင်းခြင်းနှင့် အတည်ပြုချက် ရယူခြင်း

၄။ ဦးပြူးလွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂) (အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဝင်)က အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၏ အစီရင်ခံစာကို သဘောတူလက်ခံရန် အဆို တင်သွင်းရာ လွှတ်တော်က အတည်ပြုသည်။

၅။ ဦးလှမြင့်(ခ) ဦးလှမြင့်သန်း မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁) (ဥက္ကဋ္ဌ၊ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ)က ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ၏ အစီရင်ခံစာကို သဘောတူလက်ခံရန် အဆို တင်သွင်းရာ လွှတ်တော်က အတည်ပြုသည်။

၆။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍  ရှင်းလင်းပြောကြားသည်။

၇။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာသည်။

 

 

အမျိုးသားလွှတ်တော်