Share this

၁၂ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ် (၁၅.၁၁.၂၀၁၇)

Friday, March 23, 2018 - 11:13
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဆဋ္ဌမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်း အနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး

၁၂ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ်

 

၁၃၇၉ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်

( ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက် )

[ ဗုဒ္ဓဟူးနေ့]

 

၁။           ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပ ပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။           မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက် ခဲ့ပါသည် -

          (က)  ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊        တပ်တောင်မြို့နှင့် ကျွဲကူးတောင်ဆိပ်ကို  ဆက်သွယ်ပေးနိုင်သော အမ်းချောင်းပေါ် တွင် ကျွဲကူးတံတား တည်ဆောက်ပေးရန်  အစီအစဉ် ရှိ/မရှိ  မေးခွန်းနှင့် စပ်လျဉ်း၍        ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က  ကျွဲကူးတံတားအား နှစ်လမ်းသွား သံကူကွန်ကရစ်တံတား တည်ဆောက်ရန် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်မှ   စတင်၍ ရန်ပုံငွေလျာထားတင်ပြတောင်းခံပြီး ရန်ပုံငွေ ရရှိမှုအပေါ်မူတည်၍ ဦးစားပေး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါ ကြောင်း ဖြေကြားပါသည်။

                  ( ခ )   ဒေါ်လှဌေး(ခ)ဒေါ်အုန်းကြည်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄)၏ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဆည်ကုန်း ကျေးရွာအနီး “အရှေ့ သာဂရ-ဆည်ကုန်း ဇော်ဂျီမြစ်ကူးတံတား” တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဆည်ကုန်းကျေးရွာအနီး ဇော်ဂျီမြစ်ကူး တံတားသည် ဟံမြင့်မိုရ်-ရွာငံလမ်းမကြီးနှင့် ချိတ်ဆက်ထားသော အရှေ့သာဂရ-ဆည်ကုန်း-စျေးရွာလမ်းပေါ်တွင် တည်ရှိသော တံတားဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ဖြစ်ပါသဖြင့် ရန်ပုံငွေ ရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

                  ( ဂ )   ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အပ်စကျေးရွာအုပ်စု၊ ဓါတ်ချောင်းဝ အနီးရှိ ဒိုင်လောင်ချောင်း လူကူးကြိုးတံတားနှင့် ထိုးနူးကျေးရွာအုပ်စု၊ ရှရွာအနီးရှိ ရန်လောင်ချောင်း လူကူးကြိုးတံတားတို့ကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ဆမီး-မတူပီလမ်းနှင့် ဆက်သွယ်သည့် ကိုယ်ထူကိုယ်ထ တည်ဆောက် ထားသည့် ဒိုင်လောင်ချောင်း လူကူးကြိုးတံတားအား ခိုင်ခံ့သော သံကူ ကွန်ကရစ် တံတားအဖြစ်လည်းကောင်း၊ ပလက်ဝမြို့နယ်၊  ရန်လောင် ချောင်းအား ခိုင်ခံ့သော မော်တော်ဆိုင်ကယ်ကူး ကြိုးတံတားအဖြစ် လည်းကောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ် မတိုင်မီကာလအတွင်း တည်ဆောက် ပေးသွားမည်ဖြစ်ပြီး တံတား(၂)စင်းအနက် ရန်လောင်ချောင်းကူးတံတား ကို ဦးစားပေး တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျေးလက်လမ်း၊ တံတားများအတွက် ရန်ပုံငွေ လျာထားတောင်းခံရာတွင် ဒေသန္တရ၊ လမ်း၊ တံတား ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီမှ အတည်ပြုသတ်မှတ်ထား သည့် စံချိန်စံညွှန်းများနှင့်အညီ လျာထားအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ National Strategy For Rual Roads and Access ပါ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်အရ လမ်း၊ တံတားလုပ်ငန်း များအတွက် တိုင်းဒေသကြီး/ပြည်နယ်များမှ ဦးစားပေး ရေးဆွဲတင်ပြ လာသော လုပ်ငန်းများအပေါ်တွင် စိစစ်၍ ရန်ပုံငွေ ရရှိမှု အပေါ် မူတည်ပြီး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။

              (ဃ)   ဦးဇော်ဟိန်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ တနင်္သာရီ တိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ဒေသခံတိုင်းရင်းသား ပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေး၊ ဒေသတွင်းခရီးသွားလုပ်ငန်း ပိုမိုတွင်ကျယ် စေရေးအတွက် ကျေးရွာချင်းဆက် မြေသားလမ်းများ ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က ကျေးလက်လမ်း၊ တံတားများအတွက် ရန်ပုံငွေ လျာထားတောင်းခံရာတွင် ဒေသန္တရ၊ လမ်း၊ တံတား ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီမှ အတည်ပြု သတ်မှတ်ထားသည့် စံချိန် စံညွှန်းများနှင့်အညီ လျာထားအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပြီး၊ National Strategy For Rual Roads and Access ပါ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်အရ လမ်း၊ တံတားလုပ်ငန်းများအတွက် တိုင်းဒေသကြီး/ပြည်နယ်များမှ ဦးစားပေး ရေးဆွဲတင်ပြလာသော လုပ်ငန်း များအပေါ်တွင် စိစစ်၍ ရန်ပုံငွေ ရရှိမှုအပေါ်မူတည်ပြီး ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။

      ( င )   ဦးဝင်းမောင်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ မကွေးတိုင်း ဒေသကြီး၊ စလင်းမြို့တွင် မြို့ရှောင်လမ်းနှင့် ကားကြီးဝင်းစခန်းတို့ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တွင် ဖောက်လုပ်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း က   ကားကြီးဝင်းစခန်း ထပ်မံတိုးချဲ့ရန် မြေနေရာကျဉ်းမြောင်းခြင်း၊ မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ် အတွင်း တိုးချဲ့နိုင်ရန် မြေကွက်အကျယ်အဝန်း ရရှိနိုင်မည့် မြေနေရာ မရှိခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေ မရှိခြင်းတို့ကြောင့် နိုင်ငံတော် ထောက်ပံ့ငွေ၊ ပြည်ထောင်စုရန်ပုံငွေများ ရရှိပါက မြို့၏တိုးတက်လာမည့် မော်တော်ယာဉ် အစီးရေပေါ် မူတည်၍ ကားကြီးဝင်း ထပ်မံတိုးချဲ့ရန်အတွက် လုံလောက်သော အကျယ်အဝန်း ရှိသည့် မြေနေရာများကို မြို့ပြင်ရှိ လယ်ယာ မြေကွက်များ ဝယ်ယူ၍ တည်ဆောက်က်သွားနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

 

အတည်ပြုခြင်း

၃။        အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း(၂၀၁၇) အား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့ လာခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ် မရှိသဖြင့် ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။

အစီရင်ခံစာ ဖတ်ကြားတင်သွင်းခြင်း

၄။        အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီဥက္ကဋ္ဌ၊ ဦးသိမ်းဆွေ၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀) က ဒုတိယအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် ကရင် ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ နော်ခရစ္စထွန်း(ခ) ဒေါက်တာအားကာမိုး တင်သွင်း ခဲ့သည့် “MICA (Myanmar International Cooperation  Agency)”  အဆိုနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးသို့ ကွင်းဆင်းလေ့လာစိစစ်ခဲ့ သည့် ကော်မတီ၏ကြားဖြတ်အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်သွင်းပါသည်။

အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၅။        အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ကြားဖြတ်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက ညွှန်ကြားရေးမှူးချုပ်ထံ ယနေ့ (၁၆၀၀)နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာပါသည်။        

၆။           အစည်းအဝေးကို ၁၁၃၀ နာရီအချိန်တွင် ရပ်နားပါသည်။ ၁၃ ရက်မြောက်နေ့ အစည်းအဝေးကို  ၁၇-၁၁-၂၀၁၇ ရက်နေ့ (သောကြာနေ့)တွင် ကျင်းပရန် လျာထားပါသည်။

 

 

 အမျိုးသားလွှတ်တော်