Share this

(၁၁) ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်(၂၅-၈-၂၀၂၀)

Tuesday, August 25, 2020 - 15:38
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး

(၁၁)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၂ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက်

( ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၅ ရက် )

[ အင်္ဂါနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၁)ရက် မြောက်နေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၅  ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် စတင် ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ ပါသည်။ 

(က)ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်ရှိ “အမြင့်” မြို့ဟောင်းသည် ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှုနယ်မြေတစ်ခုဖြစ်ပြီး ရှေးဟောင်းယဉ်ကျေးမှု ပစ္စည်းအမျိုးမျိုးတို့အား နေရာအတည်တကျ ဂုဏ်ယူပြသထားရှိနိုင်ရန် အမြင့်မြို့ဟောင်း ယဉ်ကျေးမှု ပြတိုက် အဆောက်အဦတစ်လုံး ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် အမြင့်မြို့ဟောင်း၏ အထိမ်းအမှတ် မင်းလက်ဝါး၏ ရုပ်ထုပုံတော် စိုက်ထူ ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်း က ယဉ်ကျေးမှုပြတိုက် ဆောက်လုပ် ပေးရန် လောလောဆယ်အစီအစဉ်မရှိကြောင်း၊ အထိမ်းအမှတ်ကမ္ပည်းများ၊ ရုပ်တုများစိုက်ထူခြင်းကို ဒေသခံများ၏ အစီအစဉ်ဖြင့်သာ ဆောင်ရွက်လေ့ရှိပြီး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန်အတွင်းဖြစ်ပါက နေရာရွေးချယ် အတည် ပြုပေးခြင်း စသည်ဖြင့် လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( ခ )ဦးလင်းတင်ဌေး၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ မွန်ပြည်နယ်၊ မော်လမြိုင် ခရိုင်၊ ချောင်းဆုံမြို့နယ်၊ ဆယ်ပလာကျေးရွာရှိ ဆယ်ပလာကျန်းမာရေးဌာန(ခွဲ) ဝန်ထမ်းအိမ်ရာအား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ် တွင် ထည့်သွင်းလျာထားပေးမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( ဂ )ဦးမောင်ကျော်ဇံ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ လက်ဝဲဒက်ပုဇွန်ချောင်း ကျေးရွာအုပ်စု၊ သစ်တော ကျေးရွာအား ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောမြေအဖြစ်မှ ပယ်ဖျက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အမည်ပေါက်ကျေးရွာအဖြစ် ပြင်ဆင် ဖွဲ့စည်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့် က သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပြီးပါက သစ်တောကျေးရွာအား ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန အမည်ပေါက်ကျေးရွာအဖြစ် ပြင်ဆင် ဖွဲ့စည်းပေးနိုင်ရေး ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားသည်။

(ဃ)ဦးမောင်ကျော်ဇံ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စေတောင်ကျေးရွာအုပ်စု၊ ငလှမ်းပြင်ကျေးရွာအုပ်စု၊ စံဂိုးတောင်ကျေးရွာအုပ်စု၊ နွားရုံတောင်ကျေးရွာတို့အား မူလအမည်မှန်ဖြစ်သည့် စည်တောင်ကျေးရွာအုပ်စု၊ ငွေတောင်ကျေးရွာအုပ်စု၊ စံဂိုးတောင်ကျေးရွာအုပ်စု၊ အောင်ဇေယျကျေးရွာအဖြစ် ပြောင်းလဲပြင်ဆင် သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးတင်မြင့် က နယ်မြေတည်ငြိမ်အေးချမ်းလာပါက အဆိုပါ ကျေးရွာများ အား အမည်ပြောင်းလဲ ပြင်ဆင်သတ်မှတ်နိုင်ရေးအတွက် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားသည်။

( င )ဦးရဲထွဋ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ ယနေ့အချိန်တွင် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း စသော ပုံနှိပ်မီဒီယာများဈေးကွက်တွင် အရှုံး ပေါ်ကာ ဆက်လက်ထုတ်ဝေရန် မတတ်နိုင်တော့ဘဲ တစ်စောင်ပြီးတစ်စောင် ပိတ်သိမ်းရပ်စဲနေကြရပါသဖြင့် ပုံနှိပ်မီဒီယာလောက ပြန်လည်ထူမတ်လာစေရန် အတွက် မည်သို့ကူညီပံ့ပိုး ဆောင်ရွက်သွားမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း က ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် အခြားသက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဆက်စပ် လုပ်ငန်းရှင်များ၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ ပညာရှင်များစသည်တို့နှင့် ချိတ်ဆက်လျက် လိုအပ်သည်များကို ပူးပေါင်းညှိနှိုင်းကူညီဆောင်ရွက်ပေးရန် အဆင်သင့်ရှိကြောင်း  ရှင်းလင်းဖြေကြားသည်။

( စ )ဦးမြမင်းဆွေ၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးများတွင် ဦးစီးအရာရှိ ရာထူးအဆင့်ရှိ ဝန်ထမ်းများနှင့် ခရိုင်ရုံးများတွင် လက်ထောက်ညွှန်ကြားရေးမှူး ရာထူးအဆင့်ရှိ ပုဂ္ဂိုလ်များ တာဝန်ပေးအပ်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဖွဲ့စည်းပုံတိုးချဲ့ပြင်ဆင်ရန်ကိစ္စများကို အမိန့် ကြော်ငြာစာအမှတ် (၆၈/၂၀၂၀)နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရှင်းလင်းဖြေကြားသည်။

( ဆ )ဦးကျော်ကျော်ဝင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ မောင်တောမြို့နယ်၊ (ဒု)ချီးရားတန်း ကျေးရွာအုပ်စုအတွင်း ဗောဓိကုန်း လျှိုပိတ်ဆည်ငယ် တည်ဆောက်ရာ၌ ဗောဓိကုန်းကျေးရွာနှင့် ကံသာယာ ကျေးရွာတို့မှ သိမ်းဆည်း ရာတွင် ပါဝင်သော လယ်ယာမြေနှင့် အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းအား လုပ်ထုံးလုပ်နည်းနှင့်အညီ လျော်ကြေး၊ နှစ်ရှည်ပင်အတွက် နစ်နာကြေး မြေပြန်လည်အစားထိုး ဖြေရှင်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က (၂၀၁၂)ခုနှစ် လယ်ယာမြေဥပဒေနှင့်အညီ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှတစ်ဆင့် နစ်နာကြေး/ လျော်ကြေးကို ခရိုင်၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြပြီး ထိုမှတစ်ဆင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ ဆက်လက်တင်ပြ စီမံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှလည်း ရေဝပ်ဧရိယာအတွင်း ပါဝင်သွားသည့် ဒေသခံ ပြည်သူအစုအဖွဲ့ပိုင်သစ်တော (Community Forestry) မြေဧရိယာအတွက် လက်ရှိတည်ထောင်ဆောင်ရွက်လျက်ရှိသော ဧရိယာနှင့် တစ်ဆက်တစ်စပ်တည်း ခွင့်ပြုနိုင်သည့် မြေဧရိယာရှိပါက အစားထိုးခွင့်ပြုနိုင်ရေး စိစစ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ် ရှင်းလင်းဖြေကြားသည်။

( ဇ )ဦးတင်ဝေ၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့၊ မြိတ်တောင်ကျေးရွာ၊ အင်းလေးမြိုင်ရပ်ကွက်၊ စက်မှုဇုန် အတွင်းရှိ ငါးအမှုန့်ကြိတ်စက်ရုံများအား အပြီးအပိုင်ပိတ်သိမ်းရန် အစီအစဉ် ရှိ/မရှိ နှင့် နှစ်စဉ် နိုင်ငံတော်သို့ အခွန်မည်မျှ ထမ်းဆောင်နေရသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်မှုမရှိပါက သက်ဆိုင်ရာဌာနများက ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အခွန်အခရရှိမှုအနေဖြင့် စက်ရုံလိုင်စင်ကြေး၊ နိုင်ငံခြားငါးသယ်လိုင်စင်ကြေး၊ ငါးမှုန့် Fishmeal များ ရနောင်းနှင့် ရန်ကုန်သို့ တင်ပို့ခများ ရရှိခဲ့ကြောင်း ရှင်းလင်းဖြေကြားသည်။

အသိပေးတင်ပြခြင်း

၃။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်မပြုဘဲ သဘောတူကြောင်း ဆုံးဖြတ်ချက် ပေးပို့လာခြင်းကို အသိပေးတင်ပြသည်။

အစီရင်ခံစာ ဆွေးနွေးခြင်း၊ အဆို တင်သွင်းခြင်းနှင့် အတည်ပြုချက် ရယူခြင်း

၄။ အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာကော်မတီ၏ (၁-၃-၂၀၁၈)ရက်နေ့မှ (၃၀-၇-၂၀၂၀)ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ အစီရင်ခံစာကို လွှတ်တော် ကိုယ်စားလှယ် (၁)ဦးက ဆွေးနွေးပြီး ဦးစိုးဝင်း ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂) (အတွင်းရေးမှူး၊ တောင်သူလယ်သမားရေးရာကော်မတီ)က အစီရင်ခံစာကို သဘောတူ လက်ခံရန် အဆို တင်သွင်းရာ လွှတ်တော်က အတည်ပြုသည်။

၅။ အမျိုးသားလွှတ်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာ ကော်မတီ၏ (၁-၃-၂၀၁၈)ရက်နေ့မှ (၁၃-၇-၂၀၂၀)ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်(၁)ဦးက ဆွေးနွေးပြီး ဦးကျော်ထွေး ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၈) (ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပအလုပ်သမား ဆိုင်ရာကော်မတီ) က အစီရင်ခံစာကို သဘောတူလက်ခံရန် အဆို တင်သွင်းရာ လွှတ်တော်က အတည်ပြုသည်။

အစီရင်ခံစာ ဖတ်ကြားတင်သွင်းခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၆။ ဦးသိမ်းဆွေ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀) (ဥက္ကဋ္ဌ ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ) က အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ (၁၆)ကြိမ်မြောက်ပုံမှန် အစည်းအဝေးထိ တင်သွင်းမေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို ဖတ်ကြား တင်သွင်းပြီး ဥက္ကဋ္ဌက ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

၇။ ဦးထိန်ဝင်း ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) (ပြည်သူတို့၏ တိုင်ကြားစာ ဆိုင်ရာကော်မတီဝင်) က အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့် အစီရင်ခံစာ (၁/၂၀၂၀)ကို ဖတ်ကြားတင်သွင်းပြီး ဥက္ကဋ္ဌ က ယင်း အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

၈။ အစည်းအဝေးကို ၁၂:၄၉ နာရီအချိန်တွင် ရပ်နားပြီး (၁၂)ရက်မြောက်နေ့ အစည်းအဝေးကို ၂၇-၈-၂၀၂၀ ရက်နေ့ (ကြာသပတေးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

 အမျိုးသားလွှတ်တော်