Share this

၁၁ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ် (၁၄.၁၁.၂၀၁၇)

Friday, March 23, 2018 - 11:11
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဆဋ္ဌမပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်း အနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး

                                                                                     ၁၁ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ်

 

၁၃၇၉ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်

( ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက် )

[ အင်္ဂါနေ့]

 

၁။           ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပ ပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။           မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် -

     (က)   ဦးစိုင်းဝမ်းလှိုင်းခမ်း၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ လားရှိုး မြို့နယ်၊ စဉ့်အင်ကျေးရွာအုပ်စု၊ စဉ့်အင်ကျေးရွာတွင် မဟာဓာတ်အား လိုင်းမှ လျှပ်စစ်မီးသွယ်တန်း အသုံးပြုခွင့်ကို နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဦးစားပေး ထည့်သွင်းခွင့်ပြု ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည် ဖော်လျက်ရှိသည့် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်မည့် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း(NEP)၏ ဒုတိယအဆင့်တွင် ထည့်သွင်း လျာထားပြီးဖြစ်ပါကြောင်း၊ ယခုအခါ အဆိုပါစီမံကိန်း ပထမအဆင့် အကောင်အထည်ဖော်ရန်အတွက် လိုအပ်သော (၁၁)ကေဗွီ ဓာတ်အားလိုင်း နှင့် (၁၁/၀.၄) ကေဗွီ ဓာတ်အားခွဲရုံဆိုင်ရာ ဆက်စပ်ပစ္စည်းများ ဝယ်ယူရန် ကမ္ဘာ့ဘဏ်၏ စံနှုန်း သတ်မှတ်ချက်များနှင့်အညီ တင်ဒါစာရွက်စာတမ်း (Bidding Document)နှင့် နည်းပညာဆိုင်ရာအချက်အလက် (Technical Specification)များ စိစစ်ပြုစုခြင်း၊ အပြည်ပြည်ဆိုင်ရာတင်ဒါ(International Competitive Bidding - ICB)  တင်ဒါခေါ်ယူခြင်းတို့ကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း အခြားလိုအပ်သည့် ပစ္စည်းများ ဝယ်ယူနိုင်ရန် တင်ဒါခေါ်ယူခြင်း၊ စိစစ်ရွေးချယ်ခြင်း၊ ဝယ်ယူရေးစာချုပ် ချုပ်ဆိုခြင်း တို့ကို ဆောင်ရွက်လျက်ရှိရာ ပစ္စည်းပေးသွင်းကာလ (Delivery Schedule) မှာ ၁၈၀ ရက်မှ ၃၀၀ ရက်အတွင်း သတ်မှတ်ထားချက်အရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ ပထမ(၆)လအတွင်း (NEP) ပထမအဆင့်၏ တည်ဆောက်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊  အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း(NEP) ၏ ပထမအဆင့်အား ဆောင်ရွက်ပြီးပါက ဒုတိယအဆင့် လုပ်ငန်းအား ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

                  ( ခ )   ဒေါက်တာခင်မောင်ဝင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)၏ တနင်္သာရီ တိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွက် တစ်ဖက်အိမ်နီးချင်း ထိုင်းနိုင်ငံမှ လျှပ်စစ်စွမ်းအင် ဝယ်ယူအသုံးပြုခွင့် ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း  မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ကော့သောင်း ခရိုင်၊ ကော့သောင်းမြို့နယ်အတွင်း ပြည်သူများ ဓာတ်အားခစျေးနှုန်း သက်သာစွာ ဓာတ်အားသုံးစွဲနိုင်ရေး၊ ပုဂ္ဂလိက အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံလုပ်ငန်းရှင်များမှ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နိုင်ရေး တို့အတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကော့သောင်းမြို့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ကိုင်ခွင့်အား တိုင်းဒေသကြီး အသေးစားနှင့် အလတ်စား လျှပ်စစ်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ တင်ဒါခေါ်ယူရန် စီစဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ လတ်တလောအခြေအနေတွင် ထိုင်းနိုင်ငံမှ လျှပ်စစ်ဓာတ်အား ဝယ်ယူသုံးစွဲရန် အစီအစဉ်မရှိသေးပါကြောင်း၊ လျှပ်စစ်ဓာတ်အား ဝယ်ယူ ဖြန့်ဖြူးခွင့် ရရှိသောကုမ္ပဏီသည် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်အရ တစ်ဖက်နိုင်ငံ ဓာတ်အားဖြန့်ဖြူးရောင်းချသည့် အဖွဲ့ အစည်း၊ ဓာတ်အားခနှုန်းထားနှင့် ငွေပေးချေမှု အစီအစဉ်များ စသည်တို့ ပါဝင်သောလျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ်များ ချုပ်ဆို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်ပကုန်သွယ်မှုစာရင်းများ ပြုစုရာ၌ စာရင်းအင်း ကိန်းဂဏန်းများ ပြည့်စုံမှန်ကန်မှုရှိစေရန် အကောက်ခွန် ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ အခြားသက်ဆိုင်ရာ ဝန်ကြီးဌာနများ နှင့် ဗဟိုစာရင်းအင်းအဖွဲ့တို့ (၂၂-၂-၂၀၁၇)ရက်နေ့ ကျင်းပပြုလုပ်ခဲ့သော ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ ပြည်ပမှ လျှပ်စစ်ဓာတ်အား တင်သွင်းဖြန့်ဖြူးမှုအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်မည်ဖြစ်ပါ ကြောင်း ဖြေကြားပါသည်။

                  ( ဂ )   ဦးဖေတင်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း တစ်ယူနစ်လျှင် ပျမ်းမျှကုန်ကျစရိတ် ကျပ်(၁၀၀)ခန့် ရှိနေကြောင်းနှင့် နှစ်စဉ် အရှုံးဖြင့် လည်ပတ်နေရသည်ဟု သိရှိရပါသဖြင့် ဤကဲ့သို့ ထုတ်လုပ်မှုစရိတ် ကြီးမြင့်နေရခြင်းနှင့် နှစ်စဉ်အရှုံးပေါ် နေရခြင်း၏ အရင်းအမြစ် အကြောင်းတရားကို လေ့လာဖော်ထုတ်၍ အဆိုးများကို ဖယ်ထုတ်ကာ နိုင်ငံတော်အကျိုး၊ ပြည်သူ့ အကျိုးရှိစေမည့် မြန်မာ့လျှပ်စစ်ကဏ္ဍ တည်ငြိမ်မြင့်မားလာစေမည့် အစီအစဉ် ကောင်းများ ရှာဖွေလုပ်ဆောင်ပေးရန်  အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် က ဓာတ်အားပျောက်ဆုံးမှုကို တစ်နှစ်ထက် တစ်နှစ် လျော့နည်းအောင် ကြိုးပမ်းကာ ဝင်ငွေတိုးလာအောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဓာတ်အား ပျောက်ဆုံးမှုကို လက်ရှိထက် လျော့ကျစေခြင်း၊ ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်ကာမိစေမည့် သင့်တင့်မျှတသော ဓာတ်အားခနှုန်းထားသစ်ကို အမြန်ဆုံးပြင်ဆင်သတ်မှတ်ခြင်း၊ ထုတ်လုပ်မှုစရိတ် မြင့်မားသော သဘာဝ ဓာတ်ငွေ့အပေါ် မှီခိုမှုကို လျှော့ချ၍ စရိတ်သက်သာသော ရေအားလျှပ်စစ် နှင့် အခြားစွမ်းအင်အရင်းအမြစ်များမှ ယခင်ထက် ဓာတ်အား ပိုမိုထုတ်လုပ် နိုင်ရေးတို့ကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

              (ဃ)   ဦးကျော်သန်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ သားငါးနှင့်ဟင်းသီးဟင်းရွက်‌ စျေးသစ်တစ်ခု တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက လွှတ်တော်ကိုယ်စားလှယ်ကြီး အဆိုပြုသော နေရာဖြစ်သည့် ဒုက္ခသည်စခန်းအဖြစ် ထားရှိခဲ့သော စိုက်ပျိုးရေးဦးစီးဌာနပိုင် မြေနေရာကို စျေးသစ်တည်ဆောက်ရန်အတွက်  စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  သက်ဆိုင်ရာ စိုက်ပျိုးရေး ဦးစီး ဌာနနှင့် ညှိနှိုင်း၍ စည်ပင်သာယာရေးအဖွဲ့မှ စျေးအဖြစ် ရရှိရေးအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ စတင်ဆောင်ရွက် သွားမှာဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနနှင့်ညှိနှိုင်း၍ စည်ပင်သာယာရေးအဖွဲ့ပိုင် မြေအဖြစ်ရရှိပါက ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီးဌာနမှ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံသို့ တင်ပြပြီး၍ သား၊ ငါးနှင့် ဟင်းသီးဟင်းရွက်စျေး တည်ဆောက် ခွင့်ရရှိနိုင်ရေး ခွင့်ပြုချက်ရရှိရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်  ခွင့်ပြုချက်ရရှိပြီးပက သား၊ ငါးနှင့်ဟင်းသီးဟင်းရွက်စျေးသစ်ကို စည်ပင်သာယာရေး လုပ်ထုံး လုပ်နည်းများနှင့်အညီ တည်ဆောက်ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ဖြေကြား ပါသည်။  

      ( င )   ဦးအေးဗိုလ်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)၏ ရန်ကုန် တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် လှိုင်သာယာ - ပုသိမ် ကားလမ်းမ၊ လှိုင်သာယာ - ညောင်တုန်း ကားလမ်းမဘေးရှိ ရေမြောင်းထဲမှ ကျူးကျော်တဲများ၊ ကားရေဆေးလုပ်ငန်း လုပ်ကိုင် နေသူများနှင့် ပျိုးဥယျာဉ် အရောင်းဆိုင်များကို မည်သည့်အချိန်၌ ဖယ်ရှားရှင်းလင်း ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက  ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးရေး သုတေသန စီမံကိန်းအရ ကျူးကျော်နေထိုင်သူများစာရင်း ကောက်ယူခြင်းလုပ်ငန်းမှ အိမ်ထောင်စုသက်သေခံကတ်(Smart Card)များ ထုတ်ပေးဆောင်ရွက်ပြီး ဖြစ်ပါကြောင်းနှင့် ကျူးကျော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဘက်ပေါင်းစုံမှ စဉ်းစားပြီး ကျူးကျော်သူ များအတွက်ရော၊ တိုင်းဒေသ ကြီးအစိုးရအတွက်ပါ ငွေ၊ အချိန်၊ စီမံကိန်းများနှင့် ဆောင်ရွက်နေရခြင်း ဖြစ်သည့်အတွက် ကျူးကျော်နေထိုင်သူများကိစ္စ ဖြေရှင်းရန်မှာ အချိန်ယူရ မည်ဟု ပုဂ္ဂလိကအမြင်အရ တင်ပြအပ်ပါကြောင်း၊ (Smart Card)များ ထုတ်ပေးပြီးသောအဆင့် ရောက်ရှိနေပြီဖြစ်တဲ့အတွက် ဖြေရှင်းပေးမည်မှာ သေချာကြောင်း၊ မည်သည့်အချိန်တွင် ဖြေရှင်းမည်ဆိုသည်ကို ဖြေဆိုခြင်း မပြုပါကြောင်း ‌ဖြေကြားပါသည်။

ဥပဒေကြမ်း(၁)ခု ဆွေးနွေးခြင်း

၃။         မြန်မာနိုင်ငံကြက်ခြေနီအသင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍  ဒေါက်တာမြသောင်း၊  ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)က ဆွေးနွေး ပါသည်။

အဆို(၁)ခု တင်သွင်းခြင်းနှင့် ထောက်ခံခြင်း

၄။         ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ မြန်မာနိုင်ငံတွင် သူငယ်တန်း မှစ၍ တက္ကသိုလ်ဝင်တန်း(အထက်တန်း)အောင်မြင်ပြီးချိန်အထိ အင်္ဂလိပ်ဘာသာကို မသင်မနေရ ဘာသာရပ် တစ်ခုအဖြစ် ပြဋ္ဌာန်းသင်ကြားပေးနေသော်လည်း အထက်တန်း အဆင့် ပညာရေး ပြီးဆုံးချိန်တွင် ကျောင်းသူ/ကျောင်းသား အများစု၏ အင်္ဂလိပ်ဘာသာဖြင့် ရေးသား၊ ပြောဆို ဆက်သွယ်နိုင်စွမ်းမှာ နိမ့်ကျနေဆဲ ဖြစ်ပါသည်။ ထို့ကြောင့် အထက်တန်းပညာရေး ပြီးဆုံးချိန်မှာ အင်္ဂလိပ်ဘာသာဖြင့် အတိုင်းအတာတစ်ခုအထိ ထိရောက်စွာ ရေးသားပြောဆို ဆက်သွယ်နိုင်ရန် အတွက်(Grade 9) အဋ္ဌမတန်းမှ စတင်၍ အင်္ဂလိပ်စာဘာသာ သင်ရိုးညွှန်းတမ်းများနှင့် သင်ကြားပုံ နည်းစနစ်များ၊ အကဲဖြတ် စနစ်(စာမေးပွဲ)ကို ခေတ်နှင့်လျော်ညီစွာ စွမ်းရည် ၄ မျိုး (4 skills – Reading, writing, speaking, listening) ပါဝင်သော စနစ်သို့ ပြုပြင်ပြောင်းလဲ သင်ကြားရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်း၍ ဦးနိုင်သီဟ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)က ထောက်ခံပါသည်။ အဆိုအား သဘောမတူသူ မရှိသဖြင့် ဥက္ကဋ္ဌ မှ လက်ခံဆွေးနွေးရန် ဆုံးဖြတ်သည်။

 

အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာခြင်း

၅။          အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အစည်းအဝေး ရပ်နားသည့်အခါ အမျိုးသားလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည် စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာပါသည်။

၆။              အစည်းအဝေးကို ၁၁၁၀ နာရီအချိန်တွင် ရပ်နားပါသည်။ ၁၂ ရက်မြောက်နေ့ အစည်းအဝေး ကို  ၁၅-၁၁-၂၀၁၇ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပရန် လျာထားပါသည်။

 

 

အမျိုးသားလွှတ်တော်