ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး
အဋ္ဌမနေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ်
၁၃၇၉ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက်
( ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက် )
[ ဗုဒ္ဓဟူးနေ့ ]
(၁.၁၁.၂၀၁၇)
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက် ခဲ့ပါသည် -
(က) ဒေါက်တာခင်မောင်ဝင်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁) ၏ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်ရှိ ဆလုံကျွန်း တွင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ထပ်မံတိုးချဲ့ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းနှင့်စပ်လျဉ်း၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဆလုံကျွန်းတွင် တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့က စီမခန့်ခွဲဆောင်ရွက်ပါသောကြောင့် အဆိုပါကျွန်းပေါ်တွင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများ ထပ်မံအကောင်အထည်ဖော်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ အဆိုပြု တင်ပြသွားသင့် ပါကြောင်းနှင့် ဤဝန်ကြီးဌာနအနေနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်အပါအဝင် ပုဂ္ဂလိက ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းအသင်း အဖွဲ့များနှင့် ညှိနှိုင်းပေါင်းစပ်၍ လုပ်ငန်းဆိုင်ရာ အကြံဉာဏ်များ ပေးသွား နိုင်ပါကြောင်း ဖြေကြားပါသည်။
( ခ ) ဦးကျော်တုတ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ မန္တလေးတိုင်း ဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့ပေါ်ရှိ အမှတ်(၁) နယ်မြေ၊ အမှတ်(၃) နယ်မြေ၊ အမှတ်(၅)နယ်မြေ၊ အမှတ်(၆)နယ်မြေ အတွင်းရှိ ရပ်ကွက်ပေါင်း (၁၃)ရပ်ကွက်တို့ကို မြို့မြေစာရင်းဝင် မြေငှားဂရန် ထုတ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် မေးခွန်းနှင့် စပ်လျဉ်း သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ညောင်ဦးမြို့၊ မြေဌားဂရန်ရရှိရေးအတွက် မြို့မြေသတ်မှတ်စဉ်က တည်ရှိခဲ့သော မူလမြေအမျိုးအစားမှ မြို့မြေအဖြစ် ပြောင်းလဲ သတ်မှတ် ရန် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနှင့်အညီ လယ်ယာမြေအခြား နည်းအသုံးပြုခွင့် လျှောက်ထားဆောင်ရွက်ခြင်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ မြို့မြေ တိုင်းတာခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် ကုန်ကျမည့် အသုံးစရိတ် များကို လယ်ယာမြေစီမံခန့် ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန (ရုံးချုပ်)၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဘဏ္ဍာရန်ပုံငွေစာရင်းတွင် တင်ပြတောင်းခံ ထားပါကြောင်းနှင့် အဆိုပါကိစ္စများ အဆင့်လိုက် ဆောင်ရွက်ပြီးချိန်တွင် မြေငှားဂရန် ရရှိလိုသူမှ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မြေငှားဂရန် လျှောက်ထား ထုတ်ယူနိုင်မည်ဖြစ်ပါကြောင်း မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ပေါင်းစပ်ဖြေကြားချက်အရ ရှင်းလင်းဖြေကြား ပါသည်။
( ဂ ) ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန် မြို့တွင် အနယ်နယ်အရပ်ရပ်က ရောက်ရှိလာပြီး တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများ နေထိုင်ရန်အတွက် ဝန်ထမ်းအိမ်ရာ များ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဗိုလ်ချုပ်အောင်စိုးက ထန်တလန် မြို့နယ်တွင် လာရောက်တာဝန်ထမ်း ဆောင်နေကြသော ဝန်ထမ်းများ အိမ်ရာရရှိရေးအတွက် ဘဏ္ဍာနှစ်များအလိုက် သက်ဆိုင်ရာ ဝန်ကြီးဌာန များနှင့် ချင်းပြည်နယ် အစိုးရအဖွဲ့တို့မှ စီမံဆောင်ရွက်ပေးလျက် ရှိပါ ကြောင်းနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင်လည်း ထပ်မံတောင်းခံပြီး ဘဏ္ဍာငွေ ရရှိမှုအပေါ်မူတည်၍ ဆောက်လုပ်ပေးသွားမည် ဖြစ်ပါ ကြောင်းနှင့် ကိုယ်ပိုင်အိမ်ရာများ ဆောက်လုပ်ပေးနိုင်ခြင်း မရှိသေးပါ ကြောင်း သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ချင်းပြည်နယ် အစိုးရအဖွဲ့တို့၏ ပေါင်းစပ်ဖြေကြားချက်များအရ ရှင်းလင်းဖြေကြားအပ်ပါသည်။
(ဃ) ဦးကျော်ဆွေ၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)၏ သဘာဝ ဘေးကျရောက်နေသော မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ချောင်းဆုံကျေးရွာအုပ်စု၊ ငါးလင်းစေ့ကျေးရွာနှင့် ပေါက်ရင်းကျေးရွာ (၂)ရွာတို့ကို စနစ်တကျ ပြောင်းရွှေ့ပေးနိုင်ရေး စီမံပေးနိုင်ခြင်း ရှိ/မရှိ နှင့် မေးခွန်းနှင့် စပ်လျဉ်းသည့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကော်မတီ၏ ဆုံးဖြတ်ချက် နှင့်အညီ ကျေးရွာပြောင်းရွေ့ရေး ကော်မတီများဖွဲ့စည်း၍ ပေါင်းစပ်ဆောင်ရွက်ခြင်း၊ ကျေးရွာမြေအဖြစ် အသုံးပြုခွင့်ရရှိရေး၊ အမှုတွဲဖွင့်လှစ်ဆောင်ရွက်ခြင်း၊ မူလတန်း လွန်ကျောင်းပြောင်းရွေ့ရေး၊ ပညာရေးဝန်ကြီးဌာနသို့ ညှိနှိုင်းဆောင်ရွက် ခြင်းနှင့် ပြည်ထဲရေးအမည်ပေါက် ကျေးရွာအသစ် အမည်ရရှိရေးတို့ကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ဖြေကြားပါသည်။
( င ) ဦးလင်းတင်ဌေး၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ မွန်ပြည်နယ်၊ ချောင်းဆုံ မြို့နယ်အတွင်းရှိ ပလိုင်ဝမ်းကျေးရွာကို မြို့နယ်နိမိတ် ပြန်လည် သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ် အစိုးရအဖွဲ့ ဖြည့်စွက်ရန်ပုံငွေတွင် ထည့်သွင်းတောင်းခံထားရှိပြီးဖြစ်ပါကြောင်း၊ ဘဏ္ဍာငွေရရှိပါက တိုင်းတာဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ပလိုင်ဝမ်းအစုအပါအဝင် အခြားအစုများအား မြို့မြေ တိုးချဲ့ဖွဲ့စည်းသတ်မှတ်ပေးရန် အစီအစဉ် မရှိသေးပါကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့၏ ပေါင်းစပ် ဖြေကြားချက် အရ ရှင်းလင်းဖြေကြားပါသည်။
အဆို(၁)ခု တင်သွင်းခြင်းနှင့် ထောက်ခံခြင်း
၃။ ဦးကျော်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈) (ဥက္ကဋ္ဌ၊ ပြည်တွင်း ပြည်ပ အလုပ်သမားဆိုင်ရာကော်မတီ)က အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်းအား ဒေါ်အိအိပြုံး၊ ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ် (၈)က ထောက်ခံပါသည်။ အဆိုအား သဘောမတူသူ မရှိသဖြင့် ဥက္ကဋ္ဌမှ လက်ခံဆွေးနွေးရန် ဆုံးဖြတ်၍ ဥပဒေကြမ်းကော်မတီအား လွှဲအပ်ပါသည်။
၅။ အစည်းအဝေးကို နေ့လယ် ၁၀၅၈ နာရီအချိန်တွင် ရပ်နားပါသည်။ နဝမနေ့အစည်းအဝေးကို ၆-၁၁-၂၀၁၇ ရက်နေ့ (တနင်္လာနေ့)တွင် ကျင်းပရန် လျာထား ပါသည်။
အမျိုးသားလွှတ်တော်