နောက်ဆက်တွဲ(င)
သိပံ္ပ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဥပဒေ(မူကြမ်း)
(၂၀၁၆ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်၊ )
၁၃၇၈ ခုနှစ်၊ လ ရက်
(၂၀၁၆ ခုနှစ်၊ ဇွန်လ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း (၁)
အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤဥပဒေကို သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဥပဒေဟု ခေါ်တွင်စေရမည်။
၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည်-
(က) သိပ္ပံဆိုသည်မှာ သဘာဝတရား၏ ဖြစ်ပျက်ပြောင်းလဲမှုတို့နှင့် ထိုဖြစ်ပျက် ပြောင်းလဲမှုတို့၏ အကြောင်းအကျိုးအမှန်တို့ကို နည်းစနစ်ကျနစွာ လေ့လာ အသုံးချနိုင်သော ပညာရပ်ကို ဆိုသည်။
(ခ) နည်းပညာဆိုသည်မှာ နည်းစဉ်၊ကျွမ်းကျင်မှု၊ အသိပညာနှင့် အတတ်ပညာတို့ ပေါင်းစပ်ထားခြင်းဖြစ်ပြီး သဘာဝသယံဇာတအရင်းအမြစ်များနှင့် လူ့စွမ်းအားအရင်းအမြစ်များမှ ကုန်ထုတ်လုပ်မှုအကျိုးဖြစ်ထွန်းစေသည့် လုပ်ငန်းစဉ် ကျွမ်းကျင်မှုကို ဆိုသည်။
(ဂ) ဆန်းသစ်တီထွင်မှုဆိုသည်မှာ မူလစိတ်ကူးစိတ်သန်း၊ ထုတ်ကုန်၊ နည်းပညာ တစ်ခုခုကို အခြေခံလျက်ထူးခြားဆန်းသစ်သော တီထွင်ကြံဆမှုတို့ဖြင့် ပိုမိုကောင်းမွန်သော၊ ကွဲပြားခြားနားသော၊ အဖိုးတန်သော စိတ်ကူးစိတ်သန်းများ၊ ထုတ်ကုန်များ၊ နည်းပညာများကို ဖော်ထုတ်ခြင်း၊ အသုံးချခြင်းကို ဆိုသည်။
(ဃ) သိပ္ပံ၊နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ လေ့ကျင့်သင်ကြားရေးလုပ်ငန်းများ ဆိုသည်မှာ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကို အခြေခံသည့် အဖွဲ့အစည်း၊ လုပ်ငန်း၊ ဌာန၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းများမှ ဆောင်ရွက်လျက်ရှိသည့် အသိပညာ၊ အတတ်ပညာများ လေ့ကျင့်သင်ကြားခြင်း လုပ်ငန်းများကိုဆိုသည်။
(င) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများဆိုသည်မှာ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကိုအခြေခံသည့် အသိပညာနှင့် အတတ်ပညာ များပါဝင်သော အသိဉာဏ်ပစ္စည်းပိုင်ဆိုင်မှုကို တစ်နည်းနည်းအသုံးချဆောင်ရွက်ခြင်း လုပ်ငန်းများ၊ မူပိုင်ခွင့် ကာကွယ်စောင့်ရှောက်ခြင်း လုပ်ငန်းများနှင့် အကြံပေးခြင်းလုပ်ငန်းများကို ဆိုသည်။
(စ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ထုတ်လုပ်မှုလုပ်ငန်းများဆိုသည်မှာ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကို အခြေခံသည့် ထုတ်လုပ်မှုနည်းပညာ တစ်ခုအတွင်း ကုန်ကြမ်း သို့မဟုတ် မူလပစ္စည်းတစ်ခုခုမှ အခြားပစ္စည်းအသစ် တစ်ခုခုသို့ ပြောင်းလဲ ထုတ်လုပ်ပေးသည့် လုပ်ငန်းများကို ဆိုသည်။
(ဆ) သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများဆိုသည်မှာ သိပ္ပံနည်းကျစွာစူးစမ်း လေ့လာမှုများကို လက်တွေ့ပြုလုပ် ဆောင်ရွက်ခြင်းဖြင့် တွေ့ရှိချက်များအပေါ် လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့် နည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရန် ဖော်ထုတ်ပေးသည့် လုပ်ငန်းများကို ဆိုသည်။
(ဇ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုလုပ်ငန်းများဆိုသည်မှာ သိပ္ပံနယ်ပယ်တွင် လက်တွေ့အသုံးပြုလျက်ရှိသည့်အသိပညာ၊ အတတ်ပညာနှင့်ကျွမ်းကျင်မှုများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သည့် သုတေသနနှင့်ဖွံ့ဖြိုးမှု လုပ်ငန်းများ၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ လေ့ကျင်သင်ကြားရေးလုပ်ငန်းများ၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများနှင့် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ထုတ်လုပ်မှုလုပ်ငန်းများကို ဆိုသည်။
(စျ) အမျိုးသားအဆင့်သုတေသနလုပ်ငန်းများဆိုသည်မှာ နိုင်ငံတော်လိုအပ်ချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့မှ တာဝန်ပေးဆောင်ရွက်စေသော သုတေသနလုပ်ငန်းများကို ဆိုသည်။
(ည) နည်းပညာလွှဲပြောင်းရေးဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုမှ နည်းပညာ တစ်စိတ်တစ်ပိုင်းကိုသော် လည်းကောင်း၊ နည်းပညာအားလုံးကိုသော် လည်းကောင်း ပိုင်ဆိုင်အသုံးပြုရေးအတွက် ဤဥပဒေနှင့် အညီလွှဲပြောင်းခြင်းကို ဆိုသည်။
(ဋ) ကောင်စီဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသည့် အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကောင်စီကို ဆိုသည်။
(ဌ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာကော်မတီများ ဆိုသည်မှာ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု နယ်ပယ်တစ်ခုချင်း အလိုက်ကောင်စီ၏ အောက်တွင် ဖွဲ့စည်းထားရှိသော သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်အဖွဲ့များကို ဆိုသည်။
(ဍ) ကောင်စီအဖွဲ့ရုံးဆိုသည်မှာ ကောင်စီနှင့်သက်ဆိုင်သည့် ရုံးလုပ်ငန်းတာဝန်များကို စီစဉ်ဆောင်ရွက်ပေးရသည့် အဖွဲ့ရုံးကို ဆိုသည်။
(ဎ) သက်ဆိုင်ရာဝန်ကြီးဌာနများဆိုသည်မှာ သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့် ဝန်ကြီးဌာနများကို ဆိုသည်။
(ဏ) တာဝန်ခံဝန်ကြီးဌာနဆိုသည်မှာ ပြည်ထောင်စုအစိုးရ ပညာရေးဝန်ကြီးဌာနကို ဆိုသည်။
(တ) ဦးစီးဌာနဆိုသည်မှာ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနကို ဆိုသည်။
(ထ) အစိုးရအဖွဲ့ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ကို ဆိုသည်။
အခန်း (၂)
ရည်ရွယ်ချက်များ
၃။ ဤဥပဒေ၏ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်-
(က) အမျိုးသားလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေမည့် ကုန်ထုတ်လုပ်ငန်း တိုးတက်ရေးအတွက် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်၊
(ခ) စွမ်းအင်၊ ဓာတ်သတ္တုနှင့် အခြားသယံဇာတအရင်းအမြစ်များအား စနစ်တကျ ထုတ်ယူ သုံးစွဲနိုင်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် ခေတ်မီသိပ္ပံနှင့်နည်းပညာကို အခြေခံသည့် သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်ရန်၊
(ဂ) ပြည်တွင်းကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားပြီး နိုင်ငံတကာစျေးကွက်တွင် ရင်ဘောင် တန်းယှဥ်ပြိုင်နိုင်ရေးအတွက် သုတေသနရလဒ်များမှ နည်းပညာပြန့်ပွားရေးနှင့် နည်း ပညာလွှဲပြောင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊
(ဃ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုလုပ်ငန်းများအတွက် ကျွမ်းကျင်ပညာရှင်များ စဉ်ဆက်မပြတ်ရရှိရန် လေ့ကျင့်ပညာပေးခြင်းကို ဆောင်ရွက်နိုင်ရန်၊
(င) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုလုပ်ငန်းများ၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ် တီထွင်မှုလုပ်ငန်းနယ်ပယ်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အောင်မြင်တိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပရှိ သုတေသနဌာနများ၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများ၊ စက်မှုကုန်ထုတ်လုပ်ငန်းများနှင့် အခြားအဖွဲ့အစည်းများအကြား အချင်းချင်း ဆက်သွယ်ပူးပေါင်းဆောင်ရွက်နိုင်ရန်၊
(စ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုနယ်ပယ်မှ ထူးချွန်သော ပညာရှင်များနှင့် ဆန်းသစ်တီထွင်သူများအား ဂုဏ်ပြုချီးမြှင့်နိုင်ရန်၊ ယင်းတို့၏မူပိုင်ခွင့်များကို အလေးထားရန်၊ အကာအကွယ်ပေးရန်နှင့် ထိုက်သင့်သော အကျိုးခံစားခွင့်များ ရရှိစေရန်၊
(ဆ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ရန်ပုံငွေဖြင့် သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ် တီထွင်မှုလုပ်ငန်းနယ်ပယ်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်းသစ်တီထွင်ဖန်တီးမှုများနှင့် စျေးကွက် စီးပွားရေးကို အားပေးသော သုတေသန လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်။
အခန်း (၃)
အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ကောင်စီ ဖွဲ့စည်းခြင်း
၄။ ပြည်ထောင်စုအစိုးရအဖွဲ့သည် -
(က) အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကောင်စီကို အဖွဲ့ဝင် ၆၀ ဦး ထက်မပိုသော ပုဂ္ဂိုလ်များဖြင့် အောက်ပါအတိုင်းဖွဲ့စည်းရမည်-
(၁) ပြည်ထောင်စုအစိုးရအဖွဲ့ကတာဝန်ပေးအပ်သည့်ပုဂ္ဂိုလ်တစ်ဦး ဥက္ကဌ
(၂) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုလုပ်ငန်းများကို အဖွဲ့ဝင်များ
ဆောင်ရွက်လျက်ရှိသည့် ဝန်ကြီးဌာနများမှ ပြည်ထောင်စု
ဝန်ကြီးများ သို့မဟုတ် ဒုတိယဝန်ကြီးများ
(၃) သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုလုပ်ငန်းများကို အဖွဲ့ဝင်များ
ဆောင်ရွက်လျက်ရှိသည့် အစိုးရနှင့် အစိုးရမဟုတ်သော
အဖွဲ့အစည်းများမှ အကြီးအမှူးများ
(၄) သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုလုပ်ငန်းနယ်ပယ်အလိုက် အဖွဲ့ဝင်များ
ထင်ပေါ်ကျော်ကြားသည့် နိုင်ငံ့အကျိုးပြုပညာရှင်များ
(၅) ပညာရေးဝန်ကြီးဌာန၏ အတွင်းရေးမှူး
ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယဝန်ကြီး
(၆) ဦးစီးဌာန၏ အကြီးအမှူး တွဲဖက်အတွင်းရေးမှူး
(ခ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသောကောင်စီကို လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းနိုင်သည်။
၅။ ကောင်စီ၏သက်တမ်းသည် တစ်ကြိမ်လျှင် လေးနှစ် ဖြစ်သည်။
၆။ နိုင်ငံ့ဝန်ထမ်းမဟုတ်သော ကောင်စီအဖွဲ့ဝင်များသည် ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်သည့် ချီးမြှင့်ငွေနှင့်စရိတ်များကို ခံစားခွင့်ရှိသည်။
အခန်း (၄)
ကောင်စီ၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ
၇။ ကောင်စီ၏တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) ဤဥပဒေပါ ရည်ရွယ်ချက်များကို ထမြောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မူဝါဒများ ချမှတ်ခြင်း၊
(ခ) အစိုးရအဖွဲ့နှင့်အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများနှင့် စက်မှုကုန်ထုတ်လုပ်ငန်းများက ဆောင်ရွက်လျက်ရှိသည့် သုတေသန အခြေပြု သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို လမ်းညွှန်ခြင်း၊ အားပေးခြင်း၊ အထောက်အကူပြုခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊
(ဂ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုလုပ်ငန်းများအောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော ပညာရှင်များမွေးထုတ်ရန်နှင့် ယင်းတို့၏ အရည်အချင်း တိုးတက်မြင့်မားလာစေရန် စီမံဆောင်ရွက်ခြင်း၊
(ဃ) ပြည်တွင်း၊ ပြည်ပရှိ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနဌာန များ၊ တက္ကသိုလ်များ၊ အခြားအဖွဲ့အစည်းများနှင့် ဆက်သွယ်ပူးပေါင်း ဆောင်ရွက်နိုင်ရန် အစီအစဉ်များ ချမှတ်ခြင်း၊
(င) သိပ္ပံ၊နည်းပညာနှင့် ဆန်းသစ်တီထွင်မှုလုပ်ငန်းများအတွက် အရည်အသွေး၊ အဆင့်အတန်း ထိန်းသိမ်းမြှင့်တင်ရန် လိုအပ်သောစံချိန်စံညွှန်းများ၊ နည်းပညာဆိုင်ရာ ကျင့်ထုံးများ ပြုစုရေးနှင့်စပ်လျဉ်း၍အကြံပြုခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
(စ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အသင်းအဖွဲ့များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်နိုင်ရေးအတွက် ဦးဆောင်မှုပေးခြင်း၊ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ သတ်မှတ်ခြင်း၊
(ဆ) သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဆိုင်ရာ ပြည်တွင်း၊ ပြည်ပဆွေးနွေးပွဲများ၊ အစည်း အဝေးများ၊ သင်တန်းများ၊ စာတမ်းဖတ်ပွဲများ၊ နှီးနှောဖလှယ်ပွဲများ၊ နှစ်စဉ်ကျင်းပရေးနှင့် တက်ရောက်ရေးတို့အတွက် အားပေးခြင်း၊
(ဇ) အမျိုးသားအဆင့် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာဥယျာဉ်၊ ပြတိုက် နှင့် စာကြည့်တိုက်များ တည်ထောင်ဖွင့်လှစ်နိုင်ရေးအတွက် စီမံဆောင်ရွက်ခြင်း၊
(စျ) ပြည်တွင်း၊ ပြည်ပ နည်းပညာလွှဲပြောင်းခြင်းနှင့် စပ်လျဉ်း၍ အစိုးရအဖွဲ့သို့ အခါအားလျော်စွာ အကြံပြုတင်ပြခြင်း၊
(ည) သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုနယ်ပယ်မှ ထူးချွန်သော ပညာရှင်များ၊ ဆန်းသစ်တီထွင်သူများကို သတ်မှတ်ချက်နှင့်အညီ ဆုငွေချီးမြှင့်ခြင်း၊ နိုင်ငံတော်က ဂုဏ်ထူးဆောင်ဘွဲ့နှင့် တံဆိပ်များ ချီးမြှင့်အပ်နှင်းနိုင်ရန် ထောက်ခံတင်ပြခြင်း၊
(ဋ) ကောင်စီအဖွဲ့ရုံးကို လိုအပ်သလိုဖွဲ့စည်းခြင်းနှင့် အဆိုပါရုံးအဖွဲ့အား ကြီးကြပ်ခြင်း၊ လမ်းညွှန်ခြင်း၊
(ဌ) ကောင်စီ၏အောက်တွင် သင့်လျော်မည့် သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှု နယ်ပယ်တစ်ခုချင်းအလိုက် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာကော်မတီများ ဖွဲ့စည်းခြင်းနှင့် ယင်းကော်မတီများကို သက်ဆိုင်ရာကောင်စီဝင်တစ်ဦးဦးက ဦးဆောင်ပြီး သင့်လျော်မည့်ပညာရှင်များဖြင့် ဖွဲ့စည်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊
(ဍ) ကောင်စီသည် သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှု သုတေသနစီမံကိန်းဆိုင်ရာ နှစ်စဉ်လိုအပ်မည့် အသုံးစရိတ်များကို အစိုးရဘတ်ဂျက်မှ တောင်းခံနိုင်ရန် တာဝန်ခံ ဝန်ကြီးဌာနသို့ အကြံပေးခြင်း၊
(ဎ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ရန်ပုံငွေတစ်ရပ် ထူထောင်၍ သုံးစွဲခြင်း၊ စာရင်းရှင်းလင်းခြင်းနှင့် ထိန်းသိမ်းခြင်းတို့ကို တာဝန်ယူ ဆောင်ရွက်မည့် အဖွဲ့ဖွဲ့စည်းခြင်း၊
(ဏ) ကောင်စီ၏လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို အစိုးရအဖွဲ့သို့ နှစ်စဉ်တင်ပြခြင်း။
အခန်း (၅ )
သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ကော်မတီများဖွဲ့စည်းခြင်းနှင့် ယင်းတို့၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ
၈။ ကောင်စီသည် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ကော်မတီများကို သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ်အလိုက် သုတေသနဌာနများ၊ တက္ကသိုလ်များ၊ စက်မှုကုန်ထုတ် လုပ်ငန်းများနှင့် အခြားအဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းရမည်။
၉။ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာကော်မတီများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်း ဖြစ်သည်-
(က) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ကော်မတီအလိုက် ခေတ်မီသိပ္ပံနှင့် နည်းပညာရပ်များကို အသုံးချဆောင်ရွက်နေမှုများ၊ အခက်အခဲများ၊ ဖွံ့ဖြိုးတိုးတက်လာနေမှု အခြေအနေများကို စိစစ်လေ့လာခြင်း၊ မှတ်တမ်းများပြုစုခြင်း၊ နှစ်စဉ်တိုးတက်ဖွံ့ဖြိုးမှုအစီရင်ခံစာကို ကောင်စီသို့ တင်ပြခြင်း၊
(ခ) ပုဂ္ဂလိကစက်မှုလုပ်ငန်းများအတွက် လိုအပ်သောသုတေသနလုပ်ငန်းများကို ပူးပေါင်း ကူညီဆောင်ရွက်ပေးခြင်း၊ နည်းပညာအခက်အခဲများကို ဖြေရှင်းပေးခြင်းနှင့် နည်းပညာ အကူအညီများပေးခြင်း၊
(ဂ) နိုင်ငံတကာ နည်းပညာဖွံ့ဖြိုးတိုးတက်မှုတွင် လိုက်ပါဆောင်ရွက်နိုင်စေရေးအတွက် လိုအပ်သော နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်မည့် အစီအမံများ၊ စီမံချက်များရေးဆွဲခြင်းနှင့် ယင်းအစီအမံနှင့်စီမံချက်များကို ကောင်စီသို့ တင်ပြခြင်း၊
(ဃ) ကောင်စီမှပေးအပ်သော နည်းပညာနယ်ပယ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ သုတေသန နှင့်ဖွံ့ဖြိုးမှုဆိုင်ရာ ဆက်သွယ်ပူးပေါင်းဆောင်ရွက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း၊
(င) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ နယ်ပယ်အလိုက် သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများ၊ လူ့စွမ်းအားအရင်းအမြစ်များနှင့် တီထွင်ဖန်တီးမှုများ တိုးတက်မြင့်မားရေးတို့အတွက် ရန်ပုံငွေထောက်ပံ့ရာတွင် စိစစ်ရွေးချယ်ခြင်း၊ သုတေသနလုပ်ငန်းများ လက်တွေ့ထိရောက်မှု ရှိ၊မရှိ စိစစ်ခြင်း၊ ထိန်းသိမ်းကွပ်ကဲခြင်းနှင့် အားပေးခြင်း၊
(စ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ နယ်ပယ်အလိုက် ထူးချွန်သော ပညာရှင်များ၊ တီထွင်သူများအား ရွေးချယ်သတ်မှတ်ရာတွင် ကောင်စီအား ကူညီဆောင်ရွက်ခြင်း။
အခန်း (၆)
သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနဖွဲ့စည်းခြင်း
၁၀။ ၁၉၉၄ ခုနှစ်၊ သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးရေးဥပဒေအရ ဖွဲ့စည်းထားသော မြန်မာ့သိပ္ပံနှင့် နည်းပညာသုတေသနဦးစီးဌာနကို သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနအဖြစ် ပြောင်းလဲ ဖွဲ့စည်းသည်။
၁၁။ ဦးစီးဌာနသည် မြန်မာ့သိပ္ပံနှင့်နည်းပညာသုတေသနဦးစီးဌာနပိုင် ရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကိုလည်းကောင်း၊ ရပိုင်ခွင့်နှင်ပေးရန် တာဝန်များကိုလည်းကောင်း ဆက်ခံရမည်။
အခန်း (၇)
သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ လုပ်ငန်းတာဝန်များ
၁၂။ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) စီးပွားရေးနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အမျိုးသားအဆင့်အရည်အသွေးအခြေခံအဆောက်အအုံများ ကြံ့ခိုင်အားကောင်းစေရန် ဆောင်ရွက် ခြင်း၊
(ခ) နိုင်ငံတကာအသိအမှတ်ပြု ဓာတ်ခွဲခန်းများဖြင့် အဆင့်မီ ဓာတ်ခွဲစမ်းသပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊
(ဂ) ပြန်ပြည့်မြဲစွမ်းအင်နှင့် အီလက်ထရောနစ်နည်းပညာရပ်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(ဃ) ဓာတုနည်းပညာနှင့် နာနိုနည်းပညာအသုံးချ တန်ဖိုးမြှင့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်မည့် သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်း၊
(င) လူမှုစီးပွားဖွံ့ဖြိုးမှုဆိုင်ရာ အထောက်အကူပြု သတင်းအချက်အလက်များ၊ အကြံဉာဏ်များ ဖော်ထုတ်မျှဝေပေးနိုင်သည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(စ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အခြေခံသုတေသနလုပ်ငန်းများ၊ လက်တွေ့အသုံးချ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(ဆ) ပြည်တွင်းစက်မှုလုပ်ငန်းများတွင် တွေ့ကြုံရသော ကုန်ထုတ်လုပ်မှု နည်းပညာ အခက်အခဲ နှင့် ပြဿနာများကို ကူညီဖြေရှင်းပေးရေးကို ဦးတည်သည့် ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(ဇ) ဓါတ်ခွဲခန်းအဆင့်တွင်အောင်မြင်ပြီးစီးသော သုတေသနလုပ်ငန်းများကို ကုန်ထုတ်လုပ်မှုအဆင့် ရောက်ရှိစေရန် လိုအပ်သည့် ဖွံ့ဖြိုးမှုအဆင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(စျ) စီးပွားဖြစ်ထွန်းမှုအလားအလာရှိသော သယံဇာတပစ္စည်းများ အသုံးချနိုင်မှုကို လေ့လာဖော်ထုတ်ခြင်း၊
(ည) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ပြည်တွင်းပြည်ပဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများ နှစ်စဉ်ကျင်းပခြင်း၊ တက်ရောက်ခြင်း၊ ပညာရှင်ဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
(ဋ) နည်းပညာလွှဲပြောင်းခြင်းဆိုင်ရာကိစ္စရပ်များကို ကောင်စီမှချမှတ်ထားသည့် မူဝါဒနှင့်အညီ ဆောင်ရွက်ခြင်း၊
(ဌ) အစိမ်းရောင်နည်းပညာဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(ဍ) လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ အစားအသောက်နှင့် ဆေးဝါးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(ဎ) သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဆိုင်ရာ ဥယျာဉ်နှင့် ပြတိုက်များ တည်ထောင် ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ခြင်း၊
(ဏ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အကြံပေးမှုနှင့် ဝန်ဆောင်မှု လုပ်ငန်းများ၊ သတင်းအချက်အလက်များ ပြုစုထိန်းသိမ်းခြင်းနှင့် ပြန်ကြားရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(တ) ကောင်စီ သို့မဟုတ် တာဝန်ခံဝန်ကြီးဌာနက ပေးအပ်သော သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(ထ) ကောင်စီ၏ ရုံးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊
(ဒ) ကောင်စီနှင့် ကော်မတီ၏ ရုံးလုပ်ငန်းဆိုင်ရာ ကုန်ကျစရိတ်များနှင့် နိုင်ငံ့ဝန်ထမ်း မဟုတ်သော ကောင်စီနှင့်ကော်မတီဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များကို ဦးစီးဌာနမှ ကျခံပေးခြင်း၊
(ဓ) ဦးစီးဌာန၏ အထွေထွေ စီမံခန့်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။
အခန်း (၈)
ဘဏ္ဍာရေး
၁၃။ ကောင်စီသည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေက ခွင့်ပြုထားသော သုတေသနလုပ်ငန်းဆိုင်ရာ အသုံးစရိတ်များကို တာဝန်ခံဝန်ကြီးဌာနမှတစ်ဆင့် ရယူရမည်။
၁၄။ ကောင်စီသည် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်းသစ်တီထွင်ဖန်တီးမှုများနှင့် စျေးကွက်စီးပွားရေးကို အထောက်အကူပြုသော သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ရန်ပုံငွေတစ်ရပ် ထူထောင်ရမည်။
၁၅။ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုရန်ပုံငွေကို အောက်ဖော်ပြပါရငွေများဖြင့် ထူထောင်ရမည်-
(က) ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ထောက်ပံ့ကူညီငွေများ၊
(ခ) နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ထောက်ပံ့ကူညီငွေများ၊
(ဂ) သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းမှ ရရှိသည့် ငွေကြေးများ။
၁၆။ ကောင်စီက ဖွဲ့စည်းတာဝန်ပေးအပ်သည့် အဖွဲ့သည် ရန်ပုံငွေလက်ခံရယူခြင်း၊ သုံးစွဲခြင်းနှင့် စပ်လျဉ်း၍ တည်ဆဲဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရမည်။
၁၇။ ကောင်စီသည် နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာသုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဝန်ကြီးဌာနများ၏ ဦးစီးဌာနများ၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများ၊ ပုဂ္ဂလိကစက်မှုကုန်ထုတ်လုပ်ငန်းများနှင့် အခြားသုတေသနအဖွဲ့အစည်းများအတွက် တစ်ဖက်ပါအမျိုးအစားအလိုက် ရန်ပုံငွေ ထောက်ပံ့ရေးကို ဆောင်ရွက်နိုင်သည်-
(က) အမျိုးသားအဆင့် သုတေသနလုပ်ငန်းများအတွက် ရန်ပုံငွေထောက်ပံ့ခြင်း၊
(ခ) တီထွင်ဖန်တီးမှုသုတေသနရန်ပုံငွေထောက်ပံ့ခြင်း၊
(ဂ) သုတေသနလုပ်ငန်းများ ဆောင်ရွက်နေသည့် မျိုးဆက်သစ်လူငယ်များအတွက် ရန်ပုံငွေ ထောက်ပံ့ခြင်း၊
(ဃ) ယှဉ်ပြိုင်မှုအခြေခံသောသုတေသန ရန်ပုံငွေထောက်ပံ့ခြင်း၊
(င) ပြည်တွင်း၊ ပြည်ပသုတေသနပညာတော်သင်ဆု ထောက်ပံ့ခြင်း၊
(စ) နိုင်ငံတကာအဆင့်နှင့် အမျိုးသားအဆင့် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ညီလာခံများ၊ သင်တန်းများ တက်ရောက်ခြင်း၊ ကျင်းပခြင်းများ ပြုလုပ်နိုင်ရန် ထောက်ပံ့ခြင်း။
၁၈။ ကောင်စီသည် သိပ္ပံနှင့် နည်းပညာနယ်ပယ်မှ ထူးချွန်သောပညာရှင်များ၊ ကျောင်းသား ကျောင်းသူများနှင့် ဆန်းသစ်တီထွင်ဖန်တီးသူများအား ထိုက်သင့်သည့် ဆုကြေးငွေ သတ်မှတ်ပြီး ဆုချီးမြှင့်နိုင်သည်။
အခန်း(၉)
နည်းပညာလွှဲပြောင်းရေး
၁၉။ သုတေသနနှင့်ဖွံဖြိုးရေးလုပ်ငန်းဌာနများ၊ စက်မှုကုန်ထုတ်လုပ်ငန်းများ၊ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများ၏ အောင်မြင်သော သုတေသနရလဒ်များ၊ နည်းပညာဆိုင်ရာအသိပညာများနှင့် တီထွင်မှု မူပိုင်ခွင့်နည်းပညာများကို လွှဲပြောင်းနိုင်သည်။
၂၀။ ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုမှ အခြားပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အဖွဲ့အစည်း တစ်ခုသို့ ပုဒ်မ ၁၉ အရ နည်းပညာများကို လွှဲပြောင်းရာတွင် နှစ်ဦးနှစ်ဖက် သဘောတူညီ စာချုပ်ချုပ်ဆိုရမည်။
၂၁။ ပုဒ်မ ၂၀ အရ နည်းပညာကို လွှဲပြောင်းရာတွင် အောက်ပါနည်းလမ်းများနှင့်အညီ လွှဲပြောင်း နိုင်သည်-
(က) မည်သူ့ကိုမဆို အခမဲ့ အသုံးပြုခွင့်ပေးခြင်း၊
(ခ) ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပသို့ဖြစ်စေ ရောင်းချခြင်း၊
(ဂ) အခကြေးငွေ ရယူပြီး နှစ်အကန့်အသတ်ဖြင့် အသုံးပြုခွင့်ပေးခြင်း၊
(ဃ) အသုံးပြု၍ ရရှိလာသော အကျိုးအမြတ်ပေါ် မူတည်၍ ရာခိုင်နှုန်းဖြင့် အသုံးပြုခွင့်ပေးခြင်း။
၂၂။ ပြည်ပသို့လည်းကောင်း၊ ပြည်တွင်း၌လည်းကောင်း နည်းပညာလွှဲပြောင်းခြင်းနှင့် သက်ဆိုင်သော စည်းကမ်းချက်များသည် ကောင်စီကချမှတ်ထားသော စည်းကမ်းချက်များ၊ တည်ဆဲဥပဒေတို့နှင့်အညီ ဖြစ်စေရမည်။
၂၃။ ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုက နည်းပညာလွှဲပြောင်းရာတွင် သက်ဆိုင်ရာ တီထွင်သူ သို့မဟုတ် လွှဲပြောင်းပေးသည့် နည်းပညာကို ဆန်းသစ်တီထွင် ဖော်ထုတ်ခဲ့သည့် အဓိက ပါဝင်သူများ၏ သဘောတူခွင့်ပြုချက်ရယူရမည်။
၂၄။ နည်းပညာလွှဲပြောင်းရေးဆိုင်ရာ နှစ်ဦးနှစ်ဖက် သဘောတူစာချုပ်ကို သတ်မှတ်ထားသော နည်းလမ်းများနှင့်အညီ ဦးစီးဌာနတွင် ဖွင့်လှစ်ထားသော နည်းပညာလွှဲပြောင်းရေးဌာန၌ မှတ်ပုံတင်ရမည်။
၂၅။ နှစ်ဦးနှစ်ဖက် သဘောတူစာချုပ်ချုပ်ဆိုရာတွင် ကောင်စီကချမှတ်ထားသော စည်းကမ်းချက်များနှင့် တည်ဆဲဥပဒေတို့ကို လိုက်နာဆောင်ရွက်ရမည်။
အခန်း (၁၀)
ပြစ်မှုနှင့် ပြစ်ဒဏ်များ
၂၆။ နှစ်ဦးနှစ်ဖက်သဘောတူညီချက် စာချုပ်ချုပ်ဆို လွှဲပြောင်းထားသော နည်းပညာကို နည်းပညာ ပိုင်ဆိုင်သူ၊ လွှဲပြောင်းရယူသူများ၏ သဘောတူညီချက်မရှိဘဲ မည်သူမဆို အသုံးပြုခြင်း၊ ရောင်းချခြင်းတို့ကို ပြုလုပ်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းနှစ်ရာထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၂၇။ မည်သူမဆို နည်းပညာလွှဲဲပြောင်းရေးဆိုင်ရာ နှစ်ဦးနှစ်ဖက် သဘောတူညီချက်စာချုပ်ကိုမမှန်မကန်ချုပ်ဆိုခြင်း သို့မဟုတ် ချုပ်ဆိုစေခြင်းပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းသုံးရာထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၂၈။ နည်းပညာလွှဲပြောင်းရေးဆိုင်ရာ နှစ်ဦးနှစ်ဖက် သဘောတူညီချက်စာချုပ်ပါ စည်းကမ်းများကို ဖောက်ဖျက်ကျူးလွန်သူအား နစ်နာသူက သက်ဆိုင်ရာဥပဒေအရ အရေးယူနိုင်သည်။
အခန်း (၁၁)
ပူးပေါင်းဆောင်ရွက်ခြင်း
၂၉။ ကောင်စီသည် ပြည်တွင်း၊ ပြည်ပရှိသုတေသနဌာနများ၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများ၊ စက်မှုကုန်ထုတ်လုပ်ငန်းများနှင့် အခြားအဖွဲ့အစည်းများ အချင်းချင်း နည်းပညာဆိုင်ရာ ဆက်သွယ် ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းအစီအမံများ ချမှတ်ရမည်။
၃၀။ ကောင်စီသည် ပြည်ပရောက် မြန်မာနိုင်ငံသားသိပ္ပံပညာရှင်များနှင့် နိုင်ငံတကာ သိပ္ပံပညာရှင်များကို မြန်မာနိုင်ငံ၏ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုလုပ်ငန်းများတွင် ပါဝင်လာစေရန် လိုအပ်သော အစီအမံများချမှတ်ခြင်းနှင့် စည်းရုံးဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ရမည်။
အခန်း (၁၂)
အထွေထွေ
၃၁။ ၁၉၉၄ ခုနှစ်၊ သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးရေး ဥပဒေအရ ထုတ်ပြန်ခဲ့သောအမိန့်များ၊ ညွှန်ကြား ချက်များကို ဤဥပဒေနှင့် မဆန့်ကျင်သရွေ့ ဆက်လက်ကျင့်သုံးနိုင်သည်။
၃၂။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-
(က) တာဝန်ခံဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို ထုတ်ပြန်နိုင်သည်။
(ခ) ကောင်စီနှင့် ဦးစီးဌာနသည် လိုအပ်သောအမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက် များနှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
၃၃။ ၁၉၉၄ ခုနှစ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ပြဋ္ဌာန်းခဲ့သော သိပ္ပံနှင့် နည်းပညာ ဖွံ့ဖြိုးရေးဥပဒေ (၅/၉၄) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
(ပုံ)
ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်