Share this

သတ္တမနေ့ အစီအစဉ် (၃၀ - ၇ - ၂၀၂၀)

Thursday, July 30, 2020 - 08:00
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး 

သတ္တမနေ့ အစီအစဉ်

[ ၃၀ - ၇ - ၂၀၂၀ ]( ကြာသပတေးနေ့ ) နံနက် ၁၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် သတ္တမနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က) ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမှ ဖိအားများ၊ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလျက်ရှိရာ မိမိတို့နိုင်ငံ ရင်ဆိုင်နေရသည့် အခြေအနေများကို နိုင်ငံတကာမှ ပိုမိုနားလည် သဘောပေါက်ကာ မြန်မာနိုင်ငံအပေါ် အမြင်ရှင်းလင်းလာစေရေးအတွက် လည်းကောင်း၊ နိုင်ငံတကာမှ ဖိအားများ လျော့ကျသွားစေရန်အတွက် လည်းကောင်း နိုင်ငံနှင့်နိုင်ငံသားများ၏ပုံရိပ်ကို မြှင့်တင်နိုင်ရန်အတွက် လည်းကောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် သံခင်းတမန်ခင်းအရ မည်သို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ ) ဦးလှမြင့်(ခ)ဦးလှမြင့်သန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ စစ်တောင်းမြစ်၏ အနောက်ဘက်ကမ်း ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်နှင့် ကဝမြို့နယ်တို့ရှိ ကျေးရွာများ၊ လယ်မြေများ ကမ်းပြိုပြီး စစ်တောင်းမြစ်၏ အရှေ့ဘက်ကမ်း မွန်ပြည်နယ်၊ သထုံခရိုင်မှ ကျိုက်ထို မြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့၌ သောင်မြေဧက သောင်းချီ၍ ပေါ်ထွန်းခဲ့ရာမှ ယခု ကမ်းရင့်မြေများဖြစ်နေသည့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများနှင့် ပတ်သက်၍ တောင်သူလယ်သမားများအား လုပ်ပိုင်ခွင့်ရရှိရေး သက်ဆိုင်ရာမှ မည်ကဲ့သို့ စီစဉ်ဆောင်ရွက်နေသည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ ) ဦးရဲမြင့်စိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ မြန်မာနိုင်ငံ၌ စိုက်ပျိုးဖြစ်ထွန်းလွယ်ပြီး နိုင်ငံတကာ၌လည်း ဈေးကွက်ရှိသော ချဉ်ပေါင် လျှော်ပင် (Kenaf) ကဲ့သို့ ဈေးကွက်ဝင်အပင်များအား တောင်သူများ စိုက်ပျိုးလာနိုင်စေရန် နိုင်ငံတော်အစိုးရမှ တွန်းအားပေးကူညီပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ) ဦးသက်နိုင်စိုး၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ တနင်္သာရီ တိုင်းဒေသကြီး၊လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာ၊ ကသည်းမကျွန်း တွင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ငါးအမှုန့်ကြိတ်စက်ရုံမှ ထွက်ရှိလာ သော အနံ့ဆိုးများကြောင့် ပြည်သူများ ကျန်းမာရေးဆိုးကျိုး တိုက်ရိုက်ခံစား နေရပါသဖြင့် ၎င်းစက်ရုံကို တည်ဆဲဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊ 

( င ) ဦးကိုကိုနိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈) ၏ နိုင်ငံတော် အတွင်း မဟာဓာတ်အားလိုင်း သွယ်တန်းရောက်ရှိပြီးဖြစ်သည့် ကျေးရွာများ တွင် ကျေးရွာအတွင်း 0.4(400)ဗို့အားလိုင်းများ သွယ်တန်းတပ်ဆင်ပြီးစီးပါက မီတာဘောက်စ်များ အမြန်ဆုံးရရှိ တပ်ဆင်အသုံးပြုနိုင်ရေး မည်ကဲ့သို့ ဆောင်ရွက်ပေးသွားမည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( စ ) ဦးထွန်းထွန်းဦး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂) ၏ လျှပ်စစ် ဓာတ်အားခများ ကောက်ခံရန်အတွက် မီတာဖတ်ခြင်း၊ တွက်ချက်ခြင်း၊ တောင်းခံခြင်းစနစ်များသည် လူ၏လုပ်အားကိုသာ အသုံးပြုကောက်ခံနေရ၍ ပြဿနာများ မကြာခဏ ဖြစ်ပေါ်နေပါသဖြင့် ခေတ်မီအဝေးထိန်း မှတ်တမ်းတင် စနစ် (AMI စနစ်)ကို ကျယ်ပြန့်စွာ အသုံးပြု၍ ကောက်ခံသွားရန် အစီအစဉ် ရှိ/မရှိ နှင့် ရှိပါက မည်သည့်အချိန်တွင် မည်ကဲ့သို့ စီမံဆောင်ရွက်သွားမည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဆ) ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့နယ်ခန်းမဆောင်သည် ယိုယွင်း ပျက်စီးနေပါသဖြင့် (၁၀၈ x ၇၂)ပေ RC (၂)ထပ်ဆောင်ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဇ ) ဦးကျော်သန်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ်၊ မာန်အောင်မြို့အတွင်း ဆိပ်ကမ်း တစ်လျှောက် နေထိုင်ကြသော ဒေါ်နုနုခင်နှင့် ဦးဘသန်းတို့ မိဘများပိုင် အိမ်အပါအဝင် တခြားအိမ်များအား မြို့နယ်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့မှ ၁၉၉၃ ခုနှစ်တွင် မြို့ဆိပ်ကမ်းသာယာရေးအတွက် ဆောင်ရွက်ရန် သိမ်းယူခဲ့သော်လည်း မူလစီမံကိန်းကို အကောင်အထည်မဖော်သဖြင့် ပြန်လည်ပေးအပ်ရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။

၆။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၇။ ဒုတိယဗိုလ်မှူးကြီး အောင်ထွန်းလင်း၊ တပ်မတော်သားအမျိုးသားလွှတ်တော် ကိုယ်စားလှယ်က ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အတည်ပြုရန် အဆိုတင်သွင်းခြင်းနှင့်  လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ထောက်ခံခြင်း။

၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၉။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ ရပ်နားကြောင်းနှင့် အဋ္ဌမနေ့ အစည်းအဝေး  ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။