Share this

သတ္တမနေ့ အစည်းအဝေး အကျဉ်းချုပ် (၃၀.၇.၂၀၂၀)

Thursday, July 30, 2020 - 13:40
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး

သတ္တမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၁၁ ရက်

( ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၃၀ ရက် )

[ ကြာသပတေးနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၃၀  ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ ပါသည်။ 

(က) ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမှ ဖိအားများ၊ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလျက်ရှိရာ မိမိတို့နိုင်ငံ ရင်ဆိုင်နေရသည့်အခြေအနေများကို နိုင်ငံတကာမှ ပိုမိုနားလည် သဘောပေါက် ကာ မြန်မာနိုင်ငံအပေါ် အမြင်ရှင်းလင်းလာစေရေးအတွက် လည်းကောင်း၊ နိုင်ငံတကာမှ ဖိအားများ လျော့ကျသွားစေရန်အတွက် လည်းကောင်း နိုင်ငံနှင့်နိုင်ငံသားများ၏ ပုံရိပ်ကို မြှင့်တင်နိုင်ရန်အတွက်လည်းကောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် သံခင်းတမန်ခင်းအရ မည်သို့ ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် က လက်တွေ့ကျကျ တရားမျှတစွာ ကိုင်တွယ်ဆောင်ရွက်လျက်ရှိပြီး သံတမန်တွေ ရှေ့တန်းမျက်နှာစာတွင် ချဉ်းကပ်စည်းရုံးမှုကို အထောက်အကူပြုစေမည့် အပြုသဘောပြောဆိုဆောင်ရွက်မှုနှင့် ညီညီညွတ်ညွတ် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းကို တိုက်တွန်းပြောကြားလိုကြောင်း ရှင်းလင်းဖြေကြားသည်။

( ခ ) ဦးလှမြင့်(ခ)ဦးလှမြင့်သန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ စစ်တောင်း မြစ်၏ အနောက်ဘက်ကမ်း ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်နှင့် ကဝမြို့နယ်တို့ရှိ ကျေးရွာများ၊ လယ်မြေများ ကမ်းပြိုပြီး စစ်တောင်းမြစ်၏ အရှေ့ဘက်ကမ်း မွန်ပြည်နယ်၊ သထုံခရိုင်မှ ကျိုက်ထို မြို့နယ်နှင့် ဘီးလင်း မြို့နယ်တို့၌ သောင်မြေဧက သောင်းချီ၍ ပေါ်ထွန်းခဲ့ရာမှ ယခု ကမ်းရင့်မြေများ ဖြစ်နေသည့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများနှင့် ပတ်သက်၍ တောင်သူ လယ်သမားများအား လုပ်ပိုင်ခွင့်ရရှိရေး သက်ဆိုင်ရာမှ မည်ကဲ့သို့ စီစဉ်ဆောင်ရွက် နေသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က အသစ်ပေါ်ထွန်းလာ သည့် မြေသစ်များနှင့် စပ်လျဉ်းပြီး တည်ဆဲလယ်ယာမြေဥပဒေ၊ နည်းဥပဒေ များနှင့်အညီ မြေနုကျွန်းအဖြစ်သတ်မှတ်၍ စီမံခန့်ခွဲခဲ့ကြောင်း၊ ထပ်မံပေါ်ထွန်း လာသည့်မြေများနှင့် ယခင်ပေါ်ထွန်းခဲ့ပြီးဖြစ်သည့်မြေများ ရေတိုက်စားကမ်းပြို မှုသဘာဝဘေးကာကွယ်ရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ဒီရေတောစိုက်ခင်းတည်ထောင်ရန် ဆောင်ရွက်ခဲ့ခြင်းအပေါ် ဒေသခံအချို့မှ မကျေနပ်မှုများရှိသည့်အလျှောက် ယခုကဲ့သို့ တိုင်ကြားစာများ ပေါ်ထွက်လာခြင်းသာဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( ဂ ) ဦးရဲမြင့်စိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ မြန်မာနိုင်ငံ၌ စိုက်ပျိုးဖြစ်ထွန်းလွယ်ပြီး နိုင်ငံတကာ၌လည်း ဈေးကွက်ရှိသော ချဉ်ပေါင်လျှော်ပင် (Kenaf)ကဲ့သို့ ဈေးကွက်ဝင်အပင်များအား တောင်သူများ စိုက်ပျိုးလာနိုင်စေရန် နိုင်ငံတော်အစိုးရမှ တွန်းအားပေးကူညီပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က နိုင်ငံတော်အစိုးရအနေဖြင့် နည်းပညာများ ပိုမိုဖွံ့ဖြိုးစေရန် အလေးထားဆောင်ရွက်ခြင်း၊ ပြည်ပဈေးကွက် ကျယ်ပြန့်စွာရရှိရေး ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် အားပေးချိတ်ဆက်ခြင်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ) ဦးသက်နိုင်စိုး၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ တနင်္သာရီ တိုင်းဒေသကြီး၊လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာ၊ ကသည်းမကျွန်းတွင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ငါးအမှုန့်ကြိတ်စက်ရုံမှ ထွက်ရှိလာသော အနံ့ဆိုးများကြောင့် ပြည်သူများ ကျန်းမာရေးဆိုးကျိုး တိုက်ရိုက်ခံစားနေရ ပါသဖြင့် ၎င်းစက်ရုံကို တည်ဆဲဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က  ၂၀၂၀ ပြည့်နှစ်၊ ငါးဖမ်းရာသီပိတ်ကာလများတွင် ငါးမှုန့်စက်ရုံများမှ အနံ့ဆိုးမထွက်ရှိ စေရေးအတွက် စက်ရုံပိုင်းဆိုင်ရာ ပြုပြင်ခြင်းလုပ်ငန်းအား ကြီးကြပ်စစ်ဆေးရေး အဖွဲ့များဖြင့် ကြီးကြပ်စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ရာသီပိတ်ကာလကုန်ဆုံး၍ လုပ်ငန်းစတင်ဆောင်ရွက်ချိန်မှစ၍ စက်ရုံလုပ်ငန်းများအပေါ် ရှောင်တခင် စစ်ဆေးသွားမည်ဖြစ်ပြီး စစ်ဆေးတွေ့ရှိချက်အား ဒေသဆိုင်ရာအဖွဲ့အစည်း အဆင့်ဆင့်မှ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြကာ ညွှန်ကြားချက်များနှင့် အညီ သက်ဆိုင်ရာမှ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( င ) ဦးကိုကိုနိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈) ၏ နိုင်ငံတော်အတွင်း မဟာဓာတ်အားလိုင်း သွယ်တန်းရောက်ရှိပြီးဖြစ်သည့် ကျေးရွာများတွင် ကျေးရွာအတွင်း 0.4(400)ဗို့အားလိုင်းများ သွယ်တန်းတပ်ဆင်ပြီးစီးပါက မီတာ ဘောက်စ်များ အမြန်ဆုံးရရှိ တပ်ဆင်အသုံးပြုနိုင်ရေး မည်ကဲ့သို့ ဆောင်ရွက် ပေးသွားမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း က မီတာစမ်းသပ်ရေးဌာနတွင် စစ်ဆေးပြီးသည်နှင့် တစ်ပြိုင်နက် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လနှင့် စက်တင်ဘာလ များအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဆက်လက်ခွဲဝေချထားပေး သွားမည်ဖြစ်ကြောင်းနှင့် အိမ်သုံးမီတာများ ထပ်မံဝယ်ယူရေးကိုလည်း စီစဉ် ဆောင်ရွက်နေပြီဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( စ ) ဦးထွန်းထွန်းဦး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂) ၏ လျှပ်စစ် ဓာတ်အားခများ ကောက်ခံရန်အတွက် မီတာဖတ်ခြင်း၊ တွက်ချက်ခြင်း၊ တောင်းခံခြင်းစနစ်များသည် လူ၏လုပ်အားကိုသာ အသုံးပြုကောက်ခံနေရ၍ ပြဿနာများ မကြာခဏ ဖြစ်ပေါ်နေပါသဖြင့် ခေတ်မီအဝေးထိန်း မှတ်တမ်းတင် စနစ် (AMI စနစ်)ကို ကျယ်ပြန့်စွာ အသုံးပြု၍ ကောက်ခံသွားရန် အစီအစဉ် ရှိ/မရှိ နှင့် ရှိပါက မည်သည့်အချိန်တွင် မည်ကဲ့သို့ စီမံဆောင်ရွက်သွားမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း က  ရှေးကျသော Analog မီတာများ၊ ရပ်၊ပျက်၊ နှေးမီတာများ လဲလှယ်ရန်နှင့် ထပ်မံတပ်ဆင်ရန် လိုအပ်သော နေရာများ အတွက် ဦးစွာ AMI နှင့် တွဲဖက်အသုံးပြုနိုင်မည့်  Smart မီတာများကို ဝယ်ယူမည်ဖြစ်ကြောင်း၊ ယင်း Smart မီတာများကို အသုံးပြုပြီး AMI စနစ်ကို တစ်ဆင့်ချင်း(Phase by Phase)တိုးတက်ပြောင်းလဲ တပ်ဆင်အသုံးပြုသွားရန် စီမံဆောင်ရွက်ထားကြောင်း ရှင်းလင်းဖြေကြားသည်။

( ဆ ) ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့နယ်ခန်းမဆောင်သည် ယိုယွင်းပျက်စီး နေပါသဖြင့် (၁၀၈ x ၇၂)ပေ RC (၂)ထပ်ဆောင်ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်လျာထားရေးဆွဲတင်ပြရာတွင် ပါဝင်သွားခြင်းမရှိကြောင်း၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ ဒေသခံပြည်သူ လူထုတို့မှ အဆိုပြုလွှာပုံစံဖြင့် ဖြည့်တင်းတောင်းခံ တင်ပြလာပါက ပြည်နယ် ရန်ပုံငွေ(သို့မဟုတ်)ပြည်ထောင်စုရန်ပုံငွေ ခွဲဝေရရှိမှုအပေါ်မူတည်၍ သင့်လျော် သည့် ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားပေးသွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားသည်။

( ဇ )ဦးကျော်သန်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ်၊ မာန်အောင်မြို့အတွင်း ဆိပ်ကမ်း တစ်လျှောက် နေထိုင်ကြသော ဒေါ်နုနုခင်နှင့် ဦးဘသန်းတို့ မိဘများပိုင် အိမ်အပါအဝင် တခြားအိမ်များအား မြို့နယ်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့မှ ၁၉၉၃ ခုနှစ်တွင် မြို့ဆိပ်ကမ်းသာယာရေးအတွက် ဆောင်ရွက်ရန် သိမ်းယူခဲ့သော်လည်း မူလစီမံကိန်းကို အကောင်အထည်မဖော်သဖြင့် ပြန်လည် ပေးအပ်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း က မြေနေရာပိုင်ဆိုင်မှု အထောက်အထားတစ်စုံတစ်ရာမရှိခြင်း၊ နဂိုမူလကတည်းက မြစ်ချောင်းရေအောက်မြေအမျိုးအစားဖြစ်ခြင်း၊ ဖယ်ရှားခဲ့သည့် မြေနေရာအတွက် အစားထိုးမြေကွက်ပေးလျော်ခဲ့ပြီးဖြစ်သဖြင့် ပြန်လည် ပေးအပ်ရန် အစီအစဉ်မရှိကြောင်း  ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက် ကို ရှင်းလင်းဖြေကြားသည်။

အဆုံးအဖြတ် ရယူခြင်း၊ အဆိုတင်သွင်း၊ ထောက်ခံခြင်းနှင့် အတည်ပြုခြင်း

၃။    အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က အတည်ပြုသည်။

၄။ ဒုတိယဗိုလ်မှူးကြီး အောင်ထွန်းလင်း၊ တပ်မတော်သားကိုယ်စားလှယ်က ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အတည်ပြုရန် အဆိုတင်သွင်းရာ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ထောက်ခံပြီး ဥက္ကဋ္ဌ က ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေကို ပြင်ဆင်သည့် ယင်းဥပဒေကြမ်းအား အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က အတည်ပြုသည်။

၅။ အစည်းအဝေးကို ၁၁:၄၇ နာရီ အချိန်တွင် ရပ်နားပြီး အဋ္ဌမနေ့ အစည်းအဝေးကို ၄-၈-၂၀၂၀ ရက်နေ့ (အင်္ဂါနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

အမျိုးသားလွှတ်တော်