Share this

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၁၇ ခုနှစ်)

Tuesday, October 17, 2017 - 11:33
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးသတ္တမပုံမှန်အစည်းအဝေးဥပဒေကြမ်းများ

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၁၇ ခုနှစ်)

(၂၀၁၇ ခုနှစ်၊ ပြည်ထောင်စုလွှတ်​တော်ဥပဒေအမှတ်            ။)

၁၃၇၉  ခုနှစ်၊                        ရက်

(၂၀၁၇  ခုနှစ်၊                        ရက်)

          ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။      ဤဥပဒေကို "မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၇ ခုနှစ်)" ဟု ခေါ်တွင်စေရမည်။

၂။      မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (ခ) နှင့် ပုဒ်မ ၃၊ ပုဒ်မခွဲ (က) တို့တွင်ပါရှိသော“လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန”ဆိုသည့် စကားရပ်ကို “စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန” ဆိုသည့် စကားရပ်ဖြင့် အသီးသီး အစားထိုးရမည်။

၃။      မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (ဂ) နှင့် ပုဒ်မ ၃၊ ပုဒ်မခွဲ (က) တို့တွင်ပါရှိသော“ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန”ဆိုသည့် စကားရပ်ကို “လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန” ဆိုသည့် စကားရပ်ဖြင့် အသီးသီး အစားထိုးရမည်။

၄။      မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေပုဒ်မ ၅၊ ပုဒ်မခွဲ(ဃ)၊ ပုဒ်မ ၅၊ ပုဒ်မခွဲ (င) နှင့် ပုဒ်မ ၁၂ တို့ပါ “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ ခွင့်ပြုထားသော ရင်းနှီးမြှုပ်နှံသူများ” ဆိုသည့် စကားရပ်ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် အညီ ရင်းနှီးမြှုပ်နှံသည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများ” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၅။      မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (ခ) ၊ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဂ) နှင့် ပုဒ်မ ၁၁၊ ပုဒ်မခွဲ(ဃ) တို့တွင်ပါရှိသော“သတ္တုတွင်းဝန်ကြီးဌာန”ဆိုသည့် စကားရပ်နှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (ဂ) တွင် ပါရှိသော “ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန”ဆိုသည့် စကားရပ် များကို “သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန” ဆိုသည့် စကားရပ်ဖြင့် အသီးသီး အစားထိုးရမည်။

၆။      မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေပုဒ်မ ၁၀ နှင့် ပုဒ်မ ၁၁ တို့တွင် ပါရှိသော "စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ယင်းနှင့် ဆက်နွယ်လျက်ရှိသော စီးပွားရေးလုပ်ငန်းများ အတွက်" ဆိုသည့် စကားရပ်ကို "အောက်ဖော်ပြပါ လုပ်ငန်းများအတွက်" ဆိုသည့် စကားရပ်ဖြင့် အသီးသီး အစားထိုးရမည်။

၇။      မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေပုဒ်မ ၁၇ ကို အောက်ပါအတိုင်း အစားထိုးရမည်-

          " ၁၇။ ဗဟိုကော်မတီသည် -

                  (က) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်နှင့် စပ်လျဉ်း၍ တင်ပြလာသည့် ကိစ္စရပ်များအတွက် စိစစ်သုံးသပ်ခြင်းနှင့် ညှိနှိုင်း ဆောင်ရွက်ခြင်းများကို လုပ်ကိုင်နိုင်ရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အသီးသီးတွင် လုပ်ငန်းအဖွဲ့များနှင့် သီးခြားအဖွဲ့များကို ဖွဲ့စည်း၍ လုပ်ငန်း တာဝန်များအား သတ်မှတ်ပေးရမည်။

                  (ခ)  မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် ဤဥပဒေနှင့်အညီ ခွင့်ပြုမိန့် ရယူခြင်းမရှိဘဲ ဝင်ရောက်လုပ်ကိုင်အသုံးပြုသူများကို အရေးယူဆောင်ရွက် နိုင်ရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အသီးသီးရှိ လုပ်ငန်းအဖွဲ့ များကို တာဝန်ပေးအပ်ရမည်။

၈။      မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၂ ကို အောက်ပါအတိုင်း အစားထိုးရမည်-

          “၂၂။ (က)   ဤဥပဒေ မပြဋ္ဌာန်းမီ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟို အဖွဲ့၏ ခွင့်ပြုမိန့်အရ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိထားသော ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများသည်-

                        (၁)    ခွင့်ပြုမိန့်ရရှိထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧရိယာ ခွင့်ပြုမိန့်ထုတ်ပြန်သည့် ရက်စွဲနှင့် စာအမှတ်တို့ကို ပြည့်စုံစွာ ဖော်ပြပြီး အမှန်တကယ် ဖော်ထုတ်လုပ်ကိုင် အသုံးပြုပြီးသော ဧရိယာနှင့် ကျန်ရှိသော ဧရိယာတို့ကို အထောက်အထား ခိုင်လုံစွာဖြင့် ဓာတ်ပုံမှတ်တမ်းများ ပူးတွဲလျက် မှတ်တမ်းပြုစုပြီး ဗဟိုကော်မတီသို့ တင်ပြရမည်။

                        (၂)    ဖော်ထုတ်လုပ်ကိုင် အသုံးပြုပြီးဖြစ်သော မြေလွတ်၊ မြေလပ်၊ မြေရိုင်း များနှင့် စပ်လျဉ်း၍ ဤဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

                        (၃)    မူလခွင့်ပြုကာလထက် ကျော်လွန်သည်အထိ ဖော်ထုတ်လုပ်ကိုင် အသုံးပြုခြင်း မရှိသေးသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို နိုင်ငံတော်က ပြန်လည်သိမ်းယူပြီးဖြစ်သည်ဟု မှတ်ယူရမည်။

                        (၄)    မူလခွင့်ပြုကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များ နှင့်အညီ လုပ်ငန်းဆောင်ရွက်ရန် ပျက်ကွက်ကြောင်း သို့မဟုတ် စည်းကမ်းချက်ကို ချိုးဖောက်ကြောင်း တွေ့ရှိပါက အာမခံကြေးကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းခံရမည့်အပြင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ကို ပြန်လည် ရုပ်သိမ်းခြင်းခံရမည်။

                (ခ)    မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ခွင့်ပြုမိန့် မရရှိဘဲ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများကို ရယူလုပ်ကိုင်အသုံးပြု နေခဲ့သော ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများသည်-

                        (၁)    မိမိရယူလုပ်ကိုင် အသုံးပြုခဲ့သော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း ဧရိယာနှင့် ၎င်းတို့နှင့် စပ်လျဉ်းသော အသေးစိတ် အချက်အလက် များကို ပြည့်စုံစွာ ဖော်ပြပြီး၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်နှင့် အသုံးပြုခွင့် ရရှိရန် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၇ ခုနှစ်) ပြဋ္ဌာန်း သည့်နေ့မှစ၍ သုံးလအတွင်း သတ်မှတ်ချက်နှင့်အညီ ဗဟိုကော်မတီသို့ လျှောက်ထားရမည်။

                        (၂)    ပုဒ်မခွဲငယ် (၁)ပါအတိုင်း လျှောက်ထား ဆောင်ရွက်ခြင်း မရှိ လျှင်ဖြစ်စေ၊ လျှောက်ထားသော်လည်း ခွင့်ပြုမိန့် မရရှိလျှင် ဖြစ်စေ အဆိုပါမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို သတ်မှတ် ထားသည့် နည်းလမ်းများနှင့်အညီ သိမ်းယူခြင်း၊ ဖယ်ရှားခြင်း ခံရမည်။

                        (၃)    ပုဒ်မခွဲငယ် (၁)ပါအတိုင်း သတ်မှတ်ကာလအတွင်း လျှောက်ထားခြင်း မရှိဘဲ အဆိုပါ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ အပေါ်တွင် ဆက်လက်၍ ရယူလုပ်ကိုင် အသုံးပြုလျှင်သော် လည်းကောင်း၊ ယင်းသို့ လျှောက်ထားသည့်အခါ ဗဟိုကော်မတီက ခွင့်မပြုသင့် သဖြင့် အဆိုပါ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းပေါ်မှ ထွက်ခွာ ဖယ်ရှားစေရန် ညွှန်ကြားသည့် အမိန့်ကို မလိုက်နာဘဲ ဆက်လက်ရယူ အသုံးပြုလျှင်သော်လည်းကောင်း ပုဒ်မ ၂၇၊ ပုဒ်မခွဲ (က) အရ အရေးယူခြင်းခံရမည်။”

၉။      မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၇ ကို အောက်ပါအတိုင်း အစားထိုးရမည်-

            ၂၇။  မည်သူမဆို အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန် ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ငါးသိန်း ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

                   (က)    ဤဥပဒေနှင့် အညီ ခွင့်ပြုမိန့် မရှိဘဲ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ပေါ်တွင် ဝင်ရောက်ကျူးကျော် နေထိုင်ခြင်း သို့မဟုတ် ဝင်ရောက်ကျူးကျော် နေထိုင်စေခြင်း၊ ဝင်ရောက်ကျူးကျော်လုပ်ကိုင်ခြင်း သို့မဟုတ် ဝင်ရောက် ကျူးကျော် လုပ်ကိုင်စေခြင်း၊

                    (ခ)     ဤဥပဒေအရ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူ သို့မဟုတ် ယင်း၏ ကိုယ်စားလှယ်၏ သဘောတူခွင့်ပြုချက် မရရှိဘဲ အဆိုပါ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများပေါ်တွင် ဝင်ရောက်ကျူးကျော် လုပ်ကိုင်ခြင်း။

၁၀။    မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၈ တွင် ပါရှိသောမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူကိုဖြစ်စေ၊ ထိုသူ၏ သဘောတူခွင့်ပြုချက် အရ လုပ်ကိုင်သူကိုဖြစ်စေ၊ ဤဥပဒေအရ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရှိသော မြေတွင် လုပ်ငန်းဆောင်ရွက်မှုကို ဟန့်တားနှောင့််ယှက်ကြောင်း ဆိုသည့် စကားရပ်ကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူ သို့မဟုတ် ထိုသူ၏ သဘောတူခွင့်ပြုချက်အရ လုပ်ကိုင်သူက အဆိုပါ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ပေါ်တွင် ဤဥပဒေနှင့်အညီ ဆောင်ရွက်သော လုပ်ငန်းဆောင်ရွက်မှု တစ်စုံတစ်ရာကို  ဟန့်တား နှောင့််ယှက်ကြောင်း ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။

 

 

 

                                                                                                         

                                                                            ပုံ (ထင်ကျော်)

                                                                              နိုင်ငံတော်သမ္မတ

                                                                                  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်