Share this

ပထမနေ့ အစည်းအဝေး အကျဉ်းချုပ် (၁၈.၅.၂၀၂၀)

Monday, May 18, 2020 - 13:06
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

ပထမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်

(၂၀၂၀ ပြည့်နှစ်၊ မေလ ၁၈ ရက်)

[တနင်္လာနေ့]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ၂၀၂၀ ခုနှစ်၊ မေလ ၁၈ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

ကတိသစ္စာပြုခြင်းနှင့် လက်မှတ်ရေးထိုးခြင်း

၂။ ကတိသစ္စာမပြုရသေးသော တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် လောင်းများက ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၃။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်။

(က)ဦးခင်မောင်လတ်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ စစ်တွေမြို့နယ်၊ ဆတ်ရိုးကျကျေးရွာနှင့် ကျေးတောကျေးရွာအုပ်စုတို့မှ လယ်သမား(၂၃)ဦးတို့၏ လယ်မြေ (၁၄၂.၄၉၇)ဧက သိမ်းဆည်းမှုအား ကျေးရွာနှင့် မြို့နယ်အဆင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီမှ ကွင်းဆင်းစစ်ဆေးပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ပြည်နယ်အစိုးရအဖွဲ့မှ လျော်ကြေးပေးရန်ဆုံးဖြတ်ထားပြီး ကာယကံရှင် များနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း၊ စက်မှုဇုန်ရပ်ကွက်၊ စက်မှုနှင့် လူနေရပ်ကွက်ဖော်ထုတ်မှုများနှင့် စပ်လျဉ်းပြီး မြေပြင်မှာ ပကတိအခြေအနေ အား သိရှိစိစစ် သုံးသပ်နိုင်ရေးအတွက်နှင့်  လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြည်လည်စိစစ်ရေးဗဟိုကော်မတီမှ ချမှတ်ထားသည့် မူဝါဒလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး ပေးနိုင်ရေးကို သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့သို့ ညှိနှိုင်းဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ခ) ဦးစိုးဝင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ (N)မမြဲဦးပိုင်ထွက်ရှိထား သည့် လယ်ယာမြေများကို အမြဲဦးပိုင်ဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ရရှိရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများက “၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ” အရ လျှောက်ထား စေခြင်းများမှာ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်ခြင်း ရှိ/မရှိနှင့် တည်ဆဲ ဥပဒေဖြစ်သည့် မြန်မာနိုင်ငံ မြေစာရင်းလက်စွဲ ဥပဒေပုဒ်မ (၅၈၂)ပါ လုပ်ထုံးလုပ်နည်းများနှင့်အညီ (N)မမြဲဦးပိုင်မှ အမြဲဦးပိုင်ဖြင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ရရှိရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ပုဒ်မ(၅၈၂)ပါ ပြဋ္ဌာန်းချက်သည် မြေမျိုးပြောင်းလဲသတ်မှတ်ခြင်းနှင့်သက်ဆိုင်ခြင်းမရှိဘဲ စိုက်ပျိုးမှုအခြေအနေ တည်မြဲသည် မမြဲသည်ကိုဆုံးဖြတ်ရာတွင် လက်တွေ့၌ ပြဿနာရှိသည်ကို အတိအလင်းဖော်ပြထားသဖြင့် ကွင်းဖွဲ့တိုင်းတာနိုင်ခြင်းမရှိသေးသော  ဦးပိုင် ပိုင်ဆိုင်ခြင်းမရှိသေးသည့် အခြေအနေတွင် မြေမျိုးကြီးအနေဖြင့်မြေလွတ်၊ မြေရိုင်းစာရင်းအဖြစ်သာတည်ရှိကြောင်း၊   ပထမဦးစွာ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေနှင့်အညီ လုပ်ပိုင်ခွင့်ရရှိရေး လျှောက်ထားစေပြီး စိုက်ပျိုးမှု တည်ငြိမ်လာသည့်အခါမှသာ လယ်ယာမြေလုပ်ပိုင်ခွင့် ပြုလက်မှတ် ပုံစံ (၇)ရရှိနိုင်ရေး ဆက်လက်လျှောက်ထားစေခြင်းသည် ဥပဒေနှင့်ညီညွတ်စွာ စီမံဆောင်ရွက်နိုင်မည့်အခြေအနေဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဂ)ဦးတင်အောင်ထွန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ မကွေး တိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ဥယျာဉ်ကျစ်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၇၇၁)နန္ဒဘာကွင်း၊ ဦးပိုင်အမှတ် (၈၀/၃)၊ ဧရိယာ(၀.၇၃)ဧကရှိ ယာမြေအား အခြားနည်း အသုံးပြုခွင့် လျှောက်ထားရာတွင် လုပ်ငန်းစာတွဲ အမှတ်၊ ၁၆/လယ(၃၀)/၂၀၁၆-၂၀၁၇/မကွေး/ပွင့်ဖြူ အမှုတွဲသည် လိုအပ်ချက် တစ်စုံတစ်ရာ မရှိသည့်အတွက် အမြန်ဆုံး ခွင့်ပြုပေးနိုင်ခြင်း ရှိ/မရှိနှင့်     ၉-၈-၂၀၁၆ ရက်နေ့က လုပ်ငန်းစာတွဲ စတင်ဆောင်ရွက်ခဲ့ရာ မည်သည့် အတွက် (၃)နှစ်ကျော် ကြာမြင့်နေသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခွင့်ပြုချက်မရမီ သိုလှောင်ကန်ဆောက်လုပ် ထားခြင်း၊ ပန့်ဆိုင်များ တည်ထောင်ရောင်းချခြင်းအတွက်  ဥပဒေနှင့်အညီ  အရေးယူသွားရန် စီမံဆောင်ရွက်နိုင်ရေး အကြောင်းကြားထားရှိကြောင်း  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စား ရှင်းလင်းဖြေကြားသည်။

(ဃ)ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအနေဖြင့် ရန်ကုန်ရောက် ရခိုင် တိုင်းရင်းသားလူငယ်များအတွက် လူငယ်စင်တာဖြစ်ပေါ်လာရေး ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ဘဏ္ဍာရေးနှစ်အလိုက် ရခိုင်လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘတ်ဂျက်ငွေများ မည်ကဲ့သို့ သုံးစွဲ နေကြောင်း သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး က ရခိုင်တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးအနေဖြင့် ရခိုင်တိုင်းရင်းသားလူငယ်များအတွက် လူငယ်စင်တာ အပြင် ရခိုင်တိုင်းရင်းသားများအားလုံး အသုံးပြုနိုင်ရန်အတွက် ရခိုင်ကွန်မြူနတီ စင်တာတစ်ခု ဖြစ်ပေါ်လာရေးကို အဓိက ရည်ရွယ်ချက်တစ်ခုအဖြစ် ထားရှိကာ ဆောင်ရွက်လျက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊  ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဘတ်ဂျက်ငွေများကျခံ၍ ဆရာတော်ဦးဥတ္တမ၏ သမိုင်း မှတ်တမ်း၊ ရခိုင်ဝေါဟာရအဘိဓာန်(ဒုတိယအကြိမ်)၊ ရခိုင်ရှေးဟောင်းမြို့တော် များ စသည်ဖြင့် ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းများ၊ ရခိုင်အမျိုးသားနေ့၊ ဆရာတော် ဦးဥတ္တမနေ့၊ ရခိုင်ပြည်နယ်နေ့၊  ရခိုင်ရိုးရာသင်္ကြန် စသည့်အခမ်းအနားများနှင့် ပွဲတော်များ၊ ရခိုင်ရိုးရာနံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပာယ်ပွဲ၊ အားကစားပြိုင်ပွဲ များ၊  ရတုပြိုင်ပွဲနှင့် ရခိုင်ရိုးရာသီချင်းပြိုင်ပွဲစသည်များ၊ ယဉ်ကျေးမှုပြန်လည် ဖော်ထုတ်ရေးစသည်များ၊ ဟောပြောပွဲနှင့် စာတမ်းဖတ်ပွဲများ၊ ရခိုင်လူငယ် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်များ၊  ရခိုင်လူငယ်အမျိုးသမီးများ စွမ်းဆောင်ရည် မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲများ စသဖြင့် ရခိုင်တိုင်းရင်းသားလူငယ်များ အတွက်ဆောင်ရွက်ပေးလျက်ရှိပြီး ပွဲတော်များကျင်းပသည့်အခါ ရခိုင်တိုင်းရင်းသား များသာမက ကျန်တိုင်းရင်းသားများကလည်း ပါဝင်ဆင်နွှဲလျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။ 

(င)ဒေါ်ခင်ဆွေလွင်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်း နေထိုင်ကြသော ရာ့၊ ဒါးရင်ဒူး၊ ဥပ်(ပူး)၊ ဒိုင်၊ မွင်း စသည့် မျိုးနွယ်စုများ၏ တိုင်းရင်းစာပေ သင်ကြားမှုအား မည်ကဲ့သို့ ဆောင်ရွက်ပေးနေသည်ကို သိရှိလိုခြင်းနှင့် ဥပဒေပါအခွင့်အရေးများ အပြည့်အဝ ရရှိနိုင်ရေး မည်ကဲ့သို့ ဆောင်ရွက်သွားမည်ကို သိရှိလိုခြင်း  မေးခွန်းနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး က မိခင်တိုင်းရင်းသားစာပေ သင်ကြားမှုအား အခြားတိုင်းရင်းသားစာပေ သင်ကြားမှုများနည်းတူ ပိုမိုရှင်သန်ဖွံ့ဖြိုးနိုင်ရေးအတွက် “တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေ” နှင့်အညီ လည်းကောင်း၊ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်ဖြစ်သည့်  “တည်ငြိမ်မှုကို လည်း မထိခိုက်စေ၊ အပြောင်းအလဲတွေလဲဖြစ်ပေါ်စေ” ဆိုသည့် အခြေခံမူအား လိုက်နာ၍လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနသည် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းညှိနှိုင်း၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး  ချင်းပြည်နယ်အစိုးရအဖွဲ့သို့လည်း ချင်းပြည်နယ် အတွင်းရှိ ချင်းတိုင်းရင်းသားဘာသာစာပေများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားရန် တိုက်တွန်း နိုးဆော်သွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၄။ ဒေါ်ကျိန်ငိုက်မန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၇) (ဥပဒေကြမ်းကော်မတီဝင်)က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော အသေးစားငွေရေးကြေးရေး ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းပြီး ဥက္ကဋ္ဌ က ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

အဆိုတင်သွင်းခြင်းနှင့် မှတ်တမ်းတင်ခြင်း

၅။ ဦးမင်းဦး၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)က ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာဌေးကြွယ် နှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးကျော်ကျော် တို့နှစ်ဦး ကွယ်လွန်သွားခြင်းအတွက် အထူးဝမ်းနည်းကြောင်း အဆိုတင်သွင်းရာ  လွှတ်တော် က မှတ်တမ်းတင်သည်။

၆။ အစည်းအဝေးကို ၁၁:၄၀ နာရီ အချိန်တွင် ရပ်နားပြီး ဒုတိယနေ့ အစည်းအဝေးကို     ၁၉-၅-၂၀၂၀ ရက်နေ့ (အင်္ဂါနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

 

အမျိုးသားလွှတ်တော်