Share this

ပဉ္စမနေ့ အစည်းအဝေး အကျဉ်းချုပ် (၂၃.၇.၂၀၂၀)

Thursday, July 23, 2020 - 12:44
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး

ပဉ္စမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၄ ရက်

( ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၃ ရက် )

[ ကြာသပတေးနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၃  ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ ပါသည်။ 

(က)ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ကျောက်တော်မြို့နယ်အတွင်း ဂုပ္ပီထောင့်ကျေးရွာမှ လက်ခုတ်ပင်ရင်းကျေးရွာအထိ ကျေးရွာချင်းဆက်လမ်း ပေါ်ရှိတံတားများဖြစ်သော ဂေါရောမဏီကျေးရွာနှင့် ဇင်းခါးချေကျေးရွာကြားရှိ သရီနံချောင်းကူးတံတားနှင့် ဇင်းခါးချေကျေးရွာနှင့် အုတ်ကြွပ်ကျေးရွာကြားရှိ ပေါက်လေချောင်းကူးတံတား (၂)စင်းတို့ကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်တံတားများအဖြစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က လတ်တလောဆောင်ရွက်ပေးနိုင်ခြင်းမရှိကြောင်းနှင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးစီမံကိန်းတွင် ထည့်သွင်းလျာထားပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( ခ )ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊   ပလက်ဝ မြို့နယ်၊ မီးဇာကျေးရွာနှင့် အုန်းသီးဝကျေးရွာ ဆိုင်ကယ်လမ်းအားတာချဲ့ခြင်းနှင့် အသစ်ဖောက်လုပ်ရန် ကျန်ရှိနေသေးသော လမ်းပိုင်းအား ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က နယ်မြေဒေသလုံခြုံရေးအရ   ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေထည့်သွင်းလျာထားမှုမရှိကြောင်းနှင့် နယ်မြေဒေသ အေးချမ်းပြီး လုပ်ငန်း ဆောင်ရွက်နိုင်သည့်အချိန်တွင် သက်ဆိုင်ရာ ဒေသ တာဝန်ရှိသူများ ပူးပေါင်းကွင်းဆင်းစစ်ဆေး၍  ချင်းပြည်နယ်အစိုးရအဖွဲ့၏ ထောက်ခံချက်နှင့် အတူ သတ်မှတ်စီမံကိန်း အဆိုပြုလွှာပုံစံဖြင့် တင်ပြလာပါက ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ်မှစတင်၍ ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အပိုင်းလိုက် ထည့်သွင်း လျာထားပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( ဂ )ဦးကျော်သောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ မြန်မာ့ရက်စဉ် သမိုင်းစာအုပ် ဆက်လက်ထုတ်ဝေရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကြည်မင်း က စာမျက်နှာပေါ်မူတည်၍ ခုနှစ်အလိုက် ဆက်လက်ထုတ်ဝေသွားရန် ဘဏ္ဍာငွေ အခြေအနေအရ၊ အခြားစာအုပ်ထုတ်ဝေမှု အခြေအနေများ အပေါ်မူတည်၍ စဉ်ဆက်မပြတ် ထုတ်ဝေသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ)ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရခိုင်ပြည်နယ်၊ ရမ်းဗြဲ မြို့နယ်ရှိ စကုကျွန်းသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် သီးခြားတည်ရှိ သော ကျွန်းတစ်ကျွန်းဖြစ်သောကြောင့် တောင်ကုတ် - မာန်အောင် ခရီးစဉ် ပြေးဆွဲနေသောအမြန်ရေယာဉ်များ စကုကျွန်းတွင် ဆိုက်ကပ်ပေးနိုင်ရေးအတွက် ဆိပ်ခံတံတားတစ်ခု တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စကုကျွန်း ပတ်လမ်း ၈ မိုင် ၂ ဖာလုံအား ကျောက်ချောလမ်းအဖြစ် လာမည့် ဘဏ္ဍာရေးနှစ် တွင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး က ဆိပ်ခံတံတား တည်ဆောက်ပေးရန် အစီအစဉ်မရှိသေးကြောင်း၊ ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လျာထားပြီး ဦးစားပေးအလိုက် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( င )ဦးမောင်မောင်အုန်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ မြန်မာနိုင်ငံပိုင်မဟုတ်သော နိုင်ငံခြားမှတ်ပုံတင်ထားသည့် သင်္ဘောများ မြန်မာနိုင်ငံအတွင်းပိုင်း ရေလမ်းကြောင်းအတွင်းသို့ တရားမဝင် သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်နေခြင်းကို နိုင်ငံတကာဆိုင်ရာ ဥပဒေများအရလည်းကောင်း၊ မြန်မာနိုင်ငံ၏ ဥပဒေနှင့် လုပ်ထုံးလုပ်နည်း အရလည်းကောင်း အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် ဆောင်ရွက်မည်ဆိုပါက မည်သည့်အချိန်တွင် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး က မော်လမြိုင်ဆိပ်ကမ်းနယ်နိမိတ် (သံလွင်မြစ်) အတွင်း သောင်တူးဖော်ရှင်းလင်းခြင်းနှင့် ပုသိမ်ဆိပ်ကမ်းနယ်နိမိတ် (ငဝန်မြစ်) အတွင်း သောင်တူးဖော်ရာတွင် အသုံးပြုသော နိုင်ငံခြားအလံတင်ရေယာဉ်များ သည် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့် လုပ်ငန်း သဘောတူစာချုပ်ပါ စည်းကမ်း သတ်မှတ်ချက်တို့နှင့်အညီ တရားဝင်လုပ်ငန်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဆိပ်ကမ်းနယ်နိမိတ်အတွင်းသာ သဲတူး/သဲတင် လုပ်ငန်းဆောင်ရွက်ပြီး  ဆိပ်ကမ်းနယ်နိမိတ်ပြင်ပသို့ဖြစ်စေ၊ ဆိပ်ကမ်းတစ်ခုမှု အခြားဆိပ်ကမ်းတစ်ခုသို့ဖြစ်စေ ကုန်၊ ပစ္စည်း၊ ခရီးသည်များကို တရားမဝင် သယ်ယူပို့ဆောင်ခြင်း မရှိကြောင်း၊ နိုင်ငံတော်သို့ သတ်မှတ်အခွန်အခများ ပေးဆောင်လျက်ရှိကြောင်း၊ အကယ်၍ တရားမဝင်ရေကြောင်း သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ လုပ်ကိုင်ခြင်းရှိလာမည်ဆိုပါက သက်ဆိုင်ရာဌာနများ နှင့် ပေါင်းစပ်၍  ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

( စ )ဦးမင်းနိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)၏ ခန္တီးလေဆိပ် အဆောက်အဦအား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အသစ်ဆောက်လုပ် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး က ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေလျာထားမှုမရှိကြောင်း၊ လက်ရှိတွင်လေဆိပ်အဆောက်အဦ အသေးစား မွမ်းမံမှုများ ဆောင်ရွက်နေဆဲကာလဖြစ်သဖြင့် လိုအပ်ပါက ပျက်ဆီးမှုဖြစ်ပေါ် နေသောနေရာများကို ထပ်မံစစ်ဆေး၍ လိုအပ်သည့် အသေးစားမွမ်းမံပြင်ဆင်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

အစီရင်ခံစာ ပြန်လည်ဖတ်ကြား ရှင်းလင်းခြင်း၊ အဆုံးအဖြတ် ရယူခြင်း၊ အဆိုတင်သွင်း၊ ထောက်ခံခြင်းနှင့် အတည်ပြုခြင်း

၃။ ဗိုလ်မှူးချုပ်တင့်လွင် တပ်မတော်သားကိုယ်စားလှယ် (ဥပဒေကြမ်းကော်မတီဝင်) က အစိုးရ၏ ဝယ်ယူခြင်းနှင့် ပုံသေပိုင်ပစ္စည်းများ ထုခွဲခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းပြီး ဥက္ကဋ္ဌ က ယင်းဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က အတည်ပြုသည်။

၄။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က အဆိုပါ ဥပဒေကြမ်းကို အတည်ပြုရန် အဆိုတင်သွင်းရာ  လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံပြီး ဥက္ကဋ္ဌ က ယင်းဥပဒေကြမ်းကို အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က အတည်ပြုသည်။

အဆိုတင်သွင်းခြင်း၊ ထောက်ခံခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၅။ ဒေါက်တာမြတ်ဉာဏစိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃) (အတွင်းရေးမှူး၊ ဥပဒေကြမ်းကော်မတီ) က ၁၉၅၉ ခုနှစ်၊ တပ်မတော် အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏  အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းပြီး ဥက္ကဋ္ဌ က ယင်း ဥပဒေကြမ်းအား ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာသည်။

၆။ အစည်းအဝေးကို ၁၁:၃၂ နာရီ အချိန်တွင် ရပ်နားပြီး ဆဋ္ဌမနေ့ အစည်းအဝေးကို ၂၈-၇-၂၀၂၀ ရက်နေ့ (အင်္ဂါနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

 

အမျိုးသားလွှတ်တော်