Share this

နဝမနေ့ အစည်းအဝေး အကျဉ်းချုပ် (၆.၈.၂၀၂၀)

Thursday, August 6, 2020 - 13:21
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး

နဝမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၃ ရက်

( ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၆ ရက် )

[ ကြာသပတေးနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၆  ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

ကတိသစ္စာပြုခြင်းနှင့် လက်မှတ်ရေးထိုးခြင်း

၂။ ကတိသစ္စာမပြုရသေးသော တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် လောင်းက ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၃။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ ပါသည်။ 

(က)ဦးဇယ်ခေါင်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ဝိုင်းမော်-မန်ဝိန်း-ချီဖွေ သွားသောကားလမ်းပေါ်ရှိ လမ်းဦးစီးဌာနမှ လမ်းအသုံးပြုခ ကောက်ခံခွင့်ပြု ထားခြင်းမရှိဘဲ လမ်းအသုံးပြုခ ကောက်ခံနေသော ပြည်သူ့စစ်ဂိတ်များကို အမြန်ဆုံး ဖြုတ်သိမ်းပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် က လက်ရှိအချိန်တွင် ဝိုင်းမော်-မန်ဝိန်း-ချီဖွေ သွားသော ကားလမ်းတစ်လျှောက် လုံခြုံရေးနှင့် မသက်ဆိုင် သည့်ကိစ္စရပ်များ မရှိသည့်အပြင် ထပ်မံမဖြစ်ပေါ်စေရေး အလေးထားလိုက်နာ ဆောင်ရွက်သွားရန် ဇွန်လ ၁ ရက်နေ့တွင် ပြည်သူ့စစ် (ဌာနေ) အဖွဲ့ခေါင်းဆောင်များနှင့် တာဝန်ရှိသူများအား တိုင်းစစ်ဌာနချုပ်သို့ ခေါ်ယူတွေ့ဆုံ၍ ညွှန်ကြားထားပြီးဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( ခ )ဦးဂျေယောဝူ၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ ကချင်ပြည်နယ်၊    ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၊ ဇီးထန်ကျေးရွာအုပ်စု၊ ချီလာဝါဒီကျေးရွာ သို့မဟုတ် လော်ဝူးချီလာကျေးရွာတွင် တရားဝင် (မြန်မာ-တရုတ် ကျောက်တိုင် အမှတ်-၃၁) ဝင်ထွက်ဂိတ် တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ နှင့် နယ်စပ်ကူး စာအုပ် (BP) ထုတ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင် က နှစ်နိုင်ငံသဘောတူစာချုပ်တွင် ခွင့်ပြုထားသည့် ဝင်ထွက်ပေါက် (၈)ခုနေရာတွင် ပါဝင်ခြင်းမရှိကြောင်း၊ အဆိုပါ ဝင်ထွက်ဂိတ် ဒေသသည် နယ်မြေလုံခြုံရေးဆောင်ရွက်ပေးနိုင်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း၊ ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်လာခြင်းတို့ရှိမည်ဆိုလျှင် နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် တရားဝင်ဖွင့်လှစ်သွားရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံတမန်လမ်းကြောင်းဖြင့် တရုတ်နိုင်ငံဘက်သို့ ညှိနှိုင်းပြီး ဖွင့်လှစ်ပါက နယ်စပ်ဖြတ်သန်းခွင့်စာအုပ် (Border Pass)များဖြင့် ဖြတ်သန်းနိုင်ရေး လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးသွားနိုင် မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( ဂ )ဦးလှမြင့်(ခ)ဦးလှမြင့်သန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သုံးခွကျေးရွာအုပ်စုအနီးရှိ ဝက်ဝံတောင် သစ်တောကြိုးဝိုင်း၊ အကွက်အမှတ်(၅)အတွင်း မြေငှားတောင်သူများအား သစ်ပင်စိုက်ပျိုးရန် သက်ဆိုင်ရာမှ ခွင့်ပြုထားသော်လည်း စိုက်ပျိုးခြင်းမပြုဘဲ ကုမ္ပဏီများမှ အဖွဲ့အစည်းတချို့နှင့် ပူးပေါင်းပြီး ရွှေတူးဖော်နေသဖြင့် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းနှင့် တောင်သူများ ထိခိုက်နစ်နာနေမှုအပေါ် မည်ကဲ့သို့ အရေးယူ ဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ က ရာဘာစိုက်ခင်းဧရိယာများအတွင်း ရွှေသတ္ထုတူးဖော်ရန် ခွင့်ပြုထားခြင်း မရှိကြောင်း၊ ခွင့်ပြုချက်မရရှိဘဲ  တရားမဝင် ရွှေသတ္တုတူးဖော်ပါက သစ်တောဥပဒေ၊ သတ္တုတွင်းဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

(ဃ)ဦးစောမိုးမြင့်(ခ) ဆင်မြူရယ်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)၏ မြန်မာနိုင်ငံရှိ တူးဖော်ပြီး၊ တူးဖော်ဆဲသတ္တုတွင်းကြီးများဖြစ်ကြသော စပယ်တောင်၊ ကြေးစင်တောင်သတ္တုတွင်း၊ ကျောက်ပုထိုး ရွှေသတ္တုတွင်း၊ ဟိန္နား ခဲမဖြူ သတ္တုတွင်း၊ မောတောင် ဟင်းလင်းဖွင့် ကျောက်မီးသွေးသတ္တုတွင်း၊ ကလေးဝ မြေအောက်ကျောက်မီးသွေးသတ္တုတွင်းများအား သတ္တုတွင်း ပိတ်သိမ်းခြင်း အစီအမံ ဆောင်ရွက်ထားခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က လက်ရှိအနေဖြင့် မိုင်းပိတ်သိမ်းခြင်း လုပ်ငန်း ဆောင်ရွက်နေသည့် စပယ်တောင်သတ္တုတွင်း(၁)ခုသာရှိပြီး မိုင်းပိတ်သိမ်းမှု အစီအစဉ်ကို စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်သတ္တုတွင်းစီမံကိန်းများမှာ လုပ်ငန်းဆောင်ရွက်ဆဲဖြစ်ပြီး သတ္တုတွင်း ပိတ်သိမ်းခြင်း အစီအမံများအတိုင်း ပိတ်သိမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( င )ဦးမင်းဆွေနိုင်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)၏ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ခုတင်(၁၀၀)ဆံ့ ခရိုင်ဆေးရုံကြီးအတွက် (၉၀ x ၃၄ x ၂၄)ပေ RC (၂)ထပ်ဆောင်အသစ် ဆောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် စီမံကိန်းအစီအစဉ်တွင် ပါဝင်ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း ရှင်းလင်းဖြေကြားသည်။

( စ )ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် စိတ်ကျန်းမာရေးဆိုင်ရာ ရောဂါဝေဒနာရှင် များကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်ကုသမှုပေးနိုင်ရန် အမျိုးသားအဆင့် စိတ်ကျန်းမာရေးမူဝါဒအား မည်သို့ချမှတ်ဆောင်ရွက်မည် ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က ယခုအချိန်တွင်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် စိတ်ကျန်းမာရေးမူဝါဒနှင့် စိတ်ကျန်းမာရေး မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၅)ကို ထုတ်ပြန်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

( ဆ )ဒေါက်တာဦးကြွယ်ကြွယ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)၏ မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ တံတားကျေးရွာအုပ်စု၊ တံတား အနောက်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က လိုအပ်သည့်အခြေခံမူများနှင့် ကိုက်ညီမှုမရှိသဖြင့် တံတားကျေးလက် ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်ရန် သင့်လျော်မှု မရှိသေးကြောင်း ရှင်းလင်းဖြေကြားသည်။

ဥပဒေကြမ်း တင်သွင်းခြင်း၊ အစီရင်ခံစာ ဖတ်ကြား ရှင်းလင်းခြင်းနှင့် အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာခြင်း

၄။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က ဆေးပစ္စည်းကိရိယာ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းရာ ဒေါက်တာမျိုးအောင် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀) (ဥပဒေကြမ်းကော်မတီဝင်) က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းပြီး ဥက္ကဋ္ဌ က ယင်း ဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

အစီရင်ခံစာ ဖတ်ကြား တင်သွင်းခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၅။ ဒေါက်တာစန်းမောင်မောင် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁) (အတွင်းရေးမှူး၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ) က အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ၏ “ကင်ဆာရောဂါဖြစ်ပွားမှု၊ သေဆုံးမှု နှုန်းများ လျှော့ချခြင်းနှင့် ကာကွယ်တားဆီးရေးလုပ်ငန်းများ လေ့လာဖော်ထုတ်ခြင်း စုံစမ်း လေ့လာမှု” အစီရင်ခံစာကို ဖတ်ကြား တင်သွင်းပြီး ဥက္ကဋ္ဌ က ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

၆။ အစည်းအဝေးကို ၁၁:၄၇ နာရီ အချိန်တွင် ရပ်နားပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်မည့်ကာလအတွက် (၈-၈-၂၀၂၀)ရက်နေ့မှ (၁၈-၈-၂၀၂၀)ရက်နေ့အထိကာလကို လွှတ်တော် အစည်းအဝေးများ ခေတ္တရပ်နားသွားမည်ဖြစ်ကြောင်းနှင့် ဒသမနေ့ အစည်းအဝေး ကျင်းပမည့် နေ့ရက်နှင့် အချိန်ကို ကြိုတင်အသိပေးမည်ဖြစ်ကြောင်း ကြေညာသည်။

 

 

အမျိုးသားလွှတ်တော်