ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး
နဝမနေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ်
၁၃၇၉ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်
( ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက် )
[ တနင်္လာနေ့]
၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး နဝမနေ့ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၂။ မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် -
(က) ဒေါက်တာကျော်ငွေ၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)၏ သနပ်ခါးပင်နှင့် သနပ်ခါးတုံးများကို အသေးစား သစ်တောထွက် ပစ္စည်းအဖြစ် သတ်မှတ်ထားပြီး ဒေသပေါက်စျေး၏ ၂၅ % ကို သစ်တော အခွန်တော်အဖြစ် ပေးဆောင်စေရမည်ဆိုသော ညွှန်ကြားချက်ကို လက်ရှိအခြေအနေနှင့် လျော်ညီအောင် ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက သစ်တောဦးစီးဌာနအနေဖြင့် သစ်တောအခွန်ငွေ ကောက်ခံခြင်းမပြုဘဲ ကင်းလွတ်ခွင့်ပြုရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၏ စီမံခန့်ခွဲမှုအတိုင်း စီမံဆောင်ရွက်ရန် ဖြစ်ပါကြောင်း ဖြေကြားပါသည်။
( ခ ) ဒေါက်တာခွန်ဝင်းသောင်း၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ကျောက်စခန်းကျေးရွာအထက်ပိုင်း၊ လူနေအိမ်ခြေများ၊ မူလတန်းကျောင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး စသည့် ကျေးရွာလူထုနေထိုင်ရာ မြေနေရာ တို့ကို သစ်တောနယ်မြေမှ စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့်ပူးပေါင်း၍ ဖြေကြားရာတွင် မူလတန်းကျောင်းမြေနေရာအတွက် လိုအပ်ပါက မြေအသုံးချလိုသည့် ပညာရေးဝန်ကြီးဌာနမှ စိစစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြရန် ဖြစ်ကြောင်း၊ လူနေအိမ်ခြေများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ကျေးရွာ မြေနေရာ ရရှိရေးတို့နှင့်ပတ်သက်၍ ကချင်ပြည်နယ်အစိုးရမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့တင်ပြရန် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအစိုးရ အဖွဲ့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ ညွှန်ကြားလာပါက ကွင်းဆင်းစစ်ဆေးပြီး အမှန်တကယ် လိုအပ်ချက်အပေါ် မူတည်၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့ ပြန်လည်တင်ပြမည် ဖြစ်ကြောင်း၊ မိုးမောက်မြို့နယ်ရှိ တိန်းသော်ကြိုးပြင် ကာကွယ်တောအတွင်း တည်ရှိ သည်ဆိုသည့် မန်ပိန်ကျေးရွာရှိ လူနေအိမ်ခြေများနှင့် ကိုယ်ထူကိုယ်ထ မူလတန်းကျောင်း(လျာထား)နေရာတို့မှာ ကြိုးပြင် ကာကွယ်တောအဖြစ် ဖွဲ့စည်းသတ်မှတ်ခဲ့စဉ်က ကြိုးဝိုင်းအတွင်း သတ်မှတ်ချက်နှင့်အညီမြေ အသုံးချခွင့် (ဆိုင်ရာဆိုင်ခွင့်)အဖြစ် ခွင့်ပြုထားခဲ့ခြင်းမရှိခြင်း၊ သစ်တော နယ်မြေ ကြိုးပြင် ကာကွယ်တောအဖြစ် ဖွဲ့စည်းသတ်မှတ်ပြီးမှ ခွင့်ပြုချက် မရှိဘဲ ကျူးကျော်ဝင်ရောက်ခဲ့ခြင်းတို့ကြောင့် သစ်တောနယ်မြေအဖြစ်မှ ပယ်ဖျက်ပေးရန် အစီအစဉ် မရှိပါကြောင်းနှင့် သစ်တောကြိုးဝိုင်းအတွင်း မြေအသုံးချလိုမှုများအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြလျှောက်ထားရန်ဖြေကြားပါသည်။
( ဂ ) ဦးကျော်နီနိုင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ (၁၆)ခုတင်ဆံ့ ချင်းရွှေဟော်ပြည်သူ့ ဆေးရုံကြီးကို(၂၅)ခုတင်ဆံ့ ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ၂၈-၉-၂၀၁၇ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်း အဝေး အမှတ်စဉ်(၁၈/၂၀၁၇)တွင် (၁၆)ခုတင်မှ (၂၅)ခုတင်ဆံ့ ဆေးရုံ အဆင့်တိုးမြှင့်ရန် ခွင့်ပြုပြီးဖြစ်ပါသဖြင့် ဖွဲ့စည်းပုံခွင့်ပြုမိန့်ထုတ်ပြန်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ လိုက်လျောညီထွေဖြစ်သော အဆောက်အဦများ တိုးချဲ့ဆောက်လုပ်နိုင်ရေး အတွက် ကုသရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစ၍ ရန်ပုံငွေတင်ပြတောင်းခံသွားမည် ဖြစ်ကြောင်း ဖြေကြားပါသည်။
(ဃ) ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်တွင် စံချိန်မီ မိုးလုံလေလုံ မြို့နယ်အားကစားရုံကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (မူလ) အသုံးစရိတ်တွင် ထည့်သွင်းပေးရန်နှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် နိုင်ငံတော်ကိုယ်စားပြုခဲ့သည့် ချင်းပြည်နယ်မှ အားကစား သမား(၃)ဦး တို့အား ၎င်းတို့နှင့်ထိုက်တန်သည့် အလုပ်ခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ရှိ စံချိန်မီ မိုးလုံလေလုံအားကစားရုံ အလျား(၁၂၀)ပေ၊ အနံ(၉၀)ပေ တည်ဆောက်ခြင်း လုပ်ငန်းအတွက် ငွေကျပ်(၃၀၀)သန်းနှင့် မိုးလုံလေလုံအားကစားရုံ ခြံစည်းရိုး (၁၂၀x၃၀၀၀)ပေ ကာရံခြင်း အတွက် ကျပ်(၃၆)သန်းတို့ကို၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ချင်း ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေစာရင်းတွင် ထည့်သွင်းတင်ပြ တောင်းခံထားပြီးဖြစ်ပါကြောင်း၊ အဆိုပါမြေနေရာအား ထန်တလန်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အမည်ပေါက်မြေဂရန်နှင့် ဘတ်ဂျက် ခွင့်ပြုရန်ပုံငွေရရှိပါက ချက်ချင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သည့် ချင်းပြည်နယ်၊ ထန်တလန်မြို့မှ အားကစားသမား(၃)ဦး ကို အလုပ်ခန့်ထားရေးကိစ္စနှင့်ပတ်သက်၍ (၁)ထန်တလန် ဒုတိယရရှိသည့် ဦးလျန်ထန်ဗွီး(ပြေးခုန်ပစ်) အားကစားနည်းပြ (နည်းစနစ်)ရာထူးဖြင့် အားကစားနှင့်ကာယ ပညာသိပ္ပံ(မုံရွာ)တွင် ခန့်ထားပြီးဖြစ်ကြောင်း၊ ကျန်အားကစားသမား(၂)ဦးအား အားကစားနှင့်ကာယ ပညာသိပ္ပံ (လွိုင်ကော်၊မုံရွာ)ကျောင်းများတွင် လိုအပ်သည့် နည်းပြ(နည်းစနစ်)ရာထူး များတွင် အလုပ်ခန့်ထားနိုင်ရေးအတွက် အရည်အချင်းစစ်စာမေးပွဲဖြင့် လူတွေ့ စစ်ဆေးဆောင်ရွက်ထားပြီး သတ်မှတ်ချက် အရည်အချင်းများနှင့် ကိုက်ညီမှုရှိသည့် မောင်လာလ်ဒန်မွှေး(ပြေးခုန်ပစ်)အား အလုပ်ခန့်ထား ပေးရန် စီစဉ်ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း၊ နောက်ထပ်အားကစား သမားတစ်ဦးဖြစ်သော မောင်လာလ်ထောင်းလျန် (နပန်း)နှင့်ပတ်သက်၍ မကြာမီက ဖွင့်လှစ်ပေးခဲ့သော အားကစားနှင့်ကာယပညာ (သိပ္ပံ) (လွိုင်ကော်၊မုံရွာ)ကျောင်းများတွင် နပန်းအားကစားနည်းက မပါဝင်သည့် အတွက် ယခုလောလောဆယ်တွင် ခန့်ထားနိုင်ခြင်းမရှိကြောင်း၊ ကျန်သော အားကစားနှင့်ကာယပညာသိပ္ပံကျောင်း (၄)ကျောင်းတွင် နပန်းနှင့် ပတ်သက်၍ နည်းပြရာထူးနေရာများတွင် ခန့်အပ်ခွင့်ရရှိပါက ဦးစားပေးခန့်မည်ဖြစ်ကြောင်း ဖြေကြားပါသည်။ ဆက်လက်၍ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနသည် အားကစားထူးချွန်သူများကို အလုပ် ခန့်အပ်ပေးပါကြောင်း၊ အားကစားဝန်ကြီးဌာနတွင် အလုပ်မခန့်အပ် နိုင်ပါကလည်း ကျန်းမာရေးဝန်ကြီးဌာနတွင် ခန့်အပ်ပေးပါကြောင်း၊ မခန့်အပ်နိုင်ပါကလည်း အခြားဝန်ကြီးဌာနသို့ ခန့်ထားပေးနိုင်ရန်အတွက် Request လုပ်ထားပေးပါကြောင်း၊ ထူးချွန်သောအားကစားသမားများ၏ ရှေ့ရေးအတွက် လုပ်ဆောင်ပေးလျက်ရှိကြောင်း ဖြေကြားပါသည်။
( င ) ဦးစိုးမိုး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့နယ်၊ ချောင်းသာတိုက်နယ်ဆေးရုံကို (၂၅)ခုတင်ဆံ့ ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက မေးခွန်းတွင်ပါသည့် အချက်ကိုကြည့်၍ ဖြေကြားရလျှင် (၂၅)ခုတင်ဆံ့ဆေးရုံအဖြစ် တိုးမြှင့်၍ မရကြောင်း၊ တစ်နှစ် ပျမ်းမျှလူနာသည် ၂၀၁၃ ခုနှစ်ကစ၍ ၂၀၁၇ ခုနှစ်၊ ဇွန်လနှင့် ဇူလိုင်လ အထိ တစ်နေ့လျှင် ပျမ်းမျှ(၁၂)ဦးသာရှိကြောင်း၊ အတွင်းလူနာက ခုတင် အသုံးပြုမှုနှုန်းကလည်း ၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်မှာ ပျမ်းမျှ (၇၆.၆) ရာခိုင်နှုန်းရှိပါကြောင်း၊ (၁၅၀)ရာခိုင်နှုန်း ခုတင်အသုံးပြုမှုရှိမှသာလျှင် အဆင့်တိုးမြှင့်နိုင်မည် ဖြစ်ကြောင်း၊ သို့သော် လွှတ်တော်ကိုယ်စားလှယ် ကြီးတင်ပြသည့် လူနာစာရင်းဇယားများနှင့် ဝန်ကြီးဌာနရှိ စာရင်းဇယား များကို ပြန်လည်စိစစ်ရန်လိုကြောင်း၊ တိုင်းဦးစီးမှူး၊ ဗဟိုမှအင်ဂျင်နီယာ များ၊ ဗဟိုမှတာဝန်ရှိသူများကိုလည်း အထူးကိစ္စတစ်ရပ်အနေဖြင့် ချောင်းသာသို့ တစ်ပတ်အတွင်း စေလွှတ်မည်ဖြစ်ကြောင်း၊ စေလွှတ်ပြီး တော့ တကယ်ပေးသင့်သည်ဆိုပါက ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖြေကြားပါသည်။
ဥပဒေကြမ်းတင်သွင်းခြင်းနှင့် အစီရင်ခံစာဖတ်ကြားခြင်း
၃။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက မြန်မာနိုင်ငံကြက်ခြေနီအသင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်သို့ တင်သွင်းပါသည်။ (ဥပဒေကြမ်းကော်မတီဝင်)ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)က မြန်မာနိုင်ငံကြက်ခြေနီအသင်းဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းပါသည်။
အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာခြင်း
၄။ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ပြင်ဆင်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲအလိုက် အသေးစိတ် ဖော်ပြလက်မှတ်ရေးထိုး၍ ၉-၁၁-၂၀၁၇ (ကြာသပတေးနေ့)ထက် နောက်မကျဘဲ အမျိုးသားလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူး ချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာပါသည်။
၅။ အစည်းအဝေးကို နေ့လယ် ၁၁၀၀ နာရီအချိန်တွင် ရပ်နားပါသည်။ ဒသမနေ့ အစည်းအဝေးကို ၈-၁၁-၂၀၁၇ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ကျင်းပရန် လျာထား ပါသည်။
အမျိုးသားလွှတ်တော်