Share this

ဒုတိယနေ့ အစီအစဉ် (၁၉ - ၅ - ၂၀၂၀)

Tuesday, May 19, 2020 - 08:00
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးအစီအစဉ်များ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး 

ဒုတိယနေ့ အစီအစဉ် 

[ ၁၉ - ၅ - ၂၀၂၀ ](အင်္ဂါနေ့) နံနက် ၁၀ နာရီ

 

၁။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။

၂။ အမျိုးသားလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။

၃။ အမျိုးသားလွှတ်တော် ဒုတိယနေ့ အစည်းအဝေး အစီအစဉ် ကြေညာခြင်း။

၄။ အစည်းအဝေး မတက်ရောက်နိုင်သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါ မေးခွန်းများကို သက်ဆိုင်ရာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း -

(က) ဦးကျော်သန်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ ဘောလခဲခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနတွင် ဆောက်လုပ်လျက်ရှိသော ပစ္စည်းသိုလှောင်ရုံ (ရုံးခန်းအပါအဝင်) အား ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေဖြင့် ပြီးစီးသည်အထိ ဆက်လက်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ခ ) ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ နှာရိန်မြို့ရှိ ရဲတပ်ဖွဲ့ဝန်ထမ်းများအတွက် ယာယီ ဆောက်လုပ်ပေးထားသော ရုံးနှင့် လူပျိုဆောင်တို့အား ဖျက်သိမ်းပြီး RCC နှစ်ထပ်ဆောင်များအဖြစ် အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ် ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဂ ) ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့ရှိ အကျဉ်းဦးစီးဌာန (ထောင်ကြီး၊ အကျဉ်းထောင်ဌာန ထောင်ဥယျာဉ်ကြီး၊ အစိုးရထောင်ဥယျာဉ်) သည် တိုးတက်ပြောင်းလဲနေသော နိုင်ငံတော်အခြေအနေအရ မုံရွာမြို့၏ အထင်ကရ လူနေထူထပ်သော မြို့လယ်ခေါင်နေရာမှ လျာထားသတ်မှတ် စီမံထားရှိပြီးသော မုံရွာမြို့နယ်၊ သာစည်ကျေးရွာအနီးနေရာ၌ အမြန်ဆုံး ပြောင်းရွှေ့ရန် စီမံဆောင်ရွက်ထားခြင်း ရှိ/မရှိ နှင့် မည်သည့်အချိန်ကာလတွင် နောက်ဆုံးထား ပြောင်းရွှေ့မည်ကို သိရှိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဃ) ဦးဇော်ဟိန်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့သည် မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုတွင် ကွင်းဆက်တရားခံများကို ထိရောက်စွာ အရေးယူဖမ်းဆီးဖော်ထုတ်ပြီး မူးယစ်ဆေးဝါးရောင်းချမှုမှ ရရှိသော အကျိုးအမြတ်ဖြင့် ဝယ်ယူထားသော ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို သေချာစွာ စိစစ်၍ သိမ်းဆည်းပေးရန်နှင့် ပြစ်မှုကျူးလွန်သူ ကွင်းဆက်တရားခံများကို အရေးမယူဘဲ ထိန်ချန်ခဲ့သော တာဝန်ရှိ ပုဂ္ဂိုလ်များအား ထိရောက်စွာ  အရေးယူပေးရန် အစီအစဉ် ရှိ/မရှိတို့ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( င ) ဒေါက်တာကျော်ငွေ၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)၏ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးနှင့် ပခန်းငယ် သွားသော ကားလမ်းပေါ်ရှိ တံတားများအနက် ဂျိုက်ကြီးသစ်သားတံတားကို ခိုင်မာသော ကွန်ကရစ်တံတားအဖြစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ပြောင်းလဲ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( စ ) ဦးကျော်ကျော်ဝင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ မောင်တော မြို့နယ်၊ ၄-မိုင်ရပ်ကွက်၊ သာယာကုန်းကျေးရွာရှိ သစ်သားတံတားအား ကွန်ကရစ်တံတားအဖြစ် အသစ်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း၊

(ဆ) ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်ချောင်း - ကျောက်နီမော်လမ်းပိုင်းအား လာမည့် ဘဏ္ဍာရေးနှစ်တွင် ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်းအဖြစ် ဘဏ္ဍာငွေလုံလောက်စွာဖြင့် ပြည်ထောင်စုနှင့် ပြည်နယ်ဘဏ္ဍာငွေတို့ဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အဆိုပါလမ်းပိုင်းနှင့် ပတ်သက်၍ စာချုပ်ပါအတိုင်း ဆောင်ရွက်မှုမရှိခဲ့သော သက်ဆိုင်ရာ ကုမ္ပဏီအား မည်သို့အရေးယူဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း တို့နှင့် စပ်လျဉ်းသည့် မေးခွန်း၊

( ဇ ) ဦးဆန်းမြင့်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)၏ ဧရာဝတီ တိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ နတ်စင်ငူကျေးရွာနှင့် ကျုံပျော်မြို့နယ်၊ သောင်ကျေးရွာအုပ်စု၊ မှန်ကုန်းကျေးရွာတို့အား တစ်ဖက်စီခြားထားသည့် နတ်စင်ငူချောင်းအား (၂)မြို့နယ် ဆက်သွယ်သွားလာနိုင်ရန် သင့်လျော်သည့် ကွန်ကရစ် RC တံတား တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း။

၆။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွွယ်ပေးရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းခြင်း။

၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွွယ်ပေးရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာခြင်း။

၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ ရပ်နားကြောင်းနှင့် တတိယနေ့ အစည်းအဝေး  ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာခြင်း။