Share this

ဒသမနေ့ အစည်းအဝေး အကျဉ်းချုပ် (၂၀ - ၈ - ၂၀၂၀)

Thursday, August 20, 2020 - 14:20
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး

ဒသမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၂ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက်

( ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၀ ရက် )

[ ကြာသပတေးနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၀  ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ ပါသည်။ 

(က)ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ မုံရွာ - သာစည် - နောင်ကြီးအိုင် - မူးကမ်းကြီး - ဆိပ်ခွန် - ရွှေဘို လမ်းပိုင်း မိုင်တိုင် (၈)မိုင်မှ (၁၃)မိုင်အထိ (၅)မိုင်အရှည်အား မူလအကျယ်(၁၂)ပေ ကတ္တရာလမ်းမှ (၁၈)ပေ အကျယ်ချဲ့၍ ကတ္တရာထပ်ပိုးလွှာခင်းရန်အတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် တွင် ထည့်သွင်းလျာထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေတွင် လျာထား တင်ပြတောင်းခံခဲ့သော်လည်း မိုင်တိုင်အမှတ်(၇/၄)မှ (၈/၀)အထိ(၄)ဖာလုံသာ လျာထားနိုင်ခဲ့သဖြင့် ကျန်ရှိသည့်လမ်းပိုင်းများကို နောင်လာမည့် ဘဏ္ဍာရေးနှစ် များတွင် ဆက်လက်၍ လျာထားတင်ပြပေးသွားမည်ဖြစ်ပြီး ရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးပို့ သော အချက်အလက်များဖြင့် ပေါင်းစပ် ရှင်းလင်းဖြေကြားသည်။

( ခ )ဦးလှမြင့်(ခ)ဦးလှမြင့်သန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုး သဘာဝသစ်တောကြိုးဝိုင်းအတွင်း ကျူးကျော် နေထိုင်သူများနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ အရေးယူ ဖယ်ရှားရှင်းလင်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က ကျိုက်ထီးရိုး သဘာဝသစ်တောကြိုးဝိုင်းအတွင်း ကျူးကျော်ဝင်ရောက်သူများအား ဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိပြီး ထပ်မံ ကျူးကျော်မှုမရှိစေရေး ပြည်နယ်အစိုးရ အဖွဲ့မှ ဖွဲ့စည်းပေးထားသည့် သစ်တောဦးစီးဌာန၊ ကျိုက်ထီးရိုးတောရိုင်း တိရစ္ဆာန် ဘေးမဲ့တော၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျိုက်ထီးရိုးဂေါပကအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နယ်မြေခံတပ်ရင်း/တပ်ဖွဲ့တို့ ပူးပေါင်းပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့မှလည်း ညွှန်ကြားချက်နှင့်အညီ တားဆီး ကာကွယ် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

( ဂ )ဦးဝှေ့တင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်၊ ကုန်းတော်ကျေးရွာအုပ်စု၊ ချင်းဒေါက်ကျေးရွာတွင် ကျေးလက်ကျန်းမာရေး ဌာန(ခွဲ) အဆောက်အဦအသစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ယခုလက်ရှိအချိန်တွင် ပလက်ဝမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လတ်တလောတွင် နယ်မြေလုံခြုံရေးအခြေအနေအရ တည်ဆောက်ရေးလုပ်ငန်း များဆောင်ရွက်ရန် အခက်အခဲရှိကြောင်း တင်ပြထားသဖြင့်  ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လျာထားပေးနိုင်ခြင်းမရှိသေးကြောင်း၊ နယ်မြေဒေသလုံခြုံရေး အခြေအနေကောင်းလာပါက  ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်း လျာထားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ)ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်တွင် ခိုလှုံနေကြသည့် တိုက်ပွဲရှောင် ဒုက္ခသည်များအတွက် မိုးမကျမီ အမိုးအကာအောက် ရောက်ရှိရေးနှင့် ဒုက္ခသည်စခန်း (IDPs Camp)များ အမြန်ဆုံး စီမံဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် က ကျောက်တော်မြို့နယ်အပါအဝင် ရခိုင်ပြည်နယ် အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် တိုက်ပွဲရှောင်စခန်းများ တည်ဆောက်ပေး လျက်ရှိကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ ရန်ပုံငွေဖြင့် ကျောက်တော်မြို့၊ မြို့သစ်ရပ်ကွက် နေပူခံ တိုက်ပွဲရှောင်စခန်းတွင် တိုက်ပွဲရှောင် မိသားစုများ နေထိုင်ရန်အတွက် ထပ်မံဆောက်လုပ်ပေးရန် လိုအပ်သော လူနေ အဆောက်အဦ (၄)လုံးနှင့် နှစ်ခန်းတွဲအိမ်သာ (၁၆)လုံးအား ဆောက်လုပ်ရန် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

( င )ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ တိုက်ပွဲရှောင်ပြည်သူများ စားနပ်ရိက္ခာနှင့် နေထိုင်ရေး အခက်အခဲများ ကြုံတွေ့ နေကြရခြင်းကြောင့် ၎င်းပြည်သူများအတွက် တိုက်ပွဲရှောင်စခန်းများတွင် အခြေခံ စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းများ လုံလောက်စွာ စီစဉ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် က ဆန်ရိက္ခာများ ထောက်ပံ့ပေးခြင်းနှင့် အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ အမ်းမြို့နယ်ရှိ MCCT အကျိုးခံစားခွင့်ရှိသူနှင့် လူမှုရေးပင်စင်အကျိုးခံစားခွင့် ရှိသူများအတွက် လစဉ်ထောက်ပံ့ကြေးငွေနှင့် COVID-19 ကာလ အပိုဆောင်း ထောက်ပံ့ငွေတို့ကို ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း၊ စားသောက်ကုန်(၅)မျိုး ဝယ်ယူရန်နှင့် ကျောင်းစိမ်းဝတ်စုံများ ထောက်ပံ့ရန် တို့ကို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

ဥပဒေကြမ်း ဆွေးနွေးခြင်း

၃။ ဆေးပစ္စည်းကိရိယာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၃)ဦးက ဆွေးနွေးသည်။

အဆုံးအဖြတ် ရယူခြင်း

၄။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ပေးပို့သော ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေး နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများနှင့် စပ်လျဉ်း၍ တင်သွင်းထားသည့် ပြင်ဆင်ချက် အဆိုအား အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က အတည်ပြုသည်။

အစီရင်ခံစာ ဆွေးနွေးခြင်း

၅။ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ၏ “ကင်ဆာရောဂါဖြစ်ပွားမှု၊ သေဆုံးမှုနှုန်းများ လျှော့ချခြင်းနှင့် ကာကွယ်တားဆီးရေး လုပ်ငန်းများ လေ့လာဖော်ထုတ်ခြင်း စုံစမ်းလေ့လာမှု” အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် (၆)ဦးက ဆွေးနွေးသည်။

၆။ အဆိုပါ ကော်မတီ၏ အစီရင်ခံစာကို သဘောတူလက်ခံရန် အဆို တင်သွင်းပြီး လွှတ်တော်၏ အတည်ပြုချက် ရယူရာ လွှတ်တော် က အတည်ပြုသည်။

အစီရင်ခံစာ ဖတ်ကြား တင်သွင်းခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၇။ ဦးသက်နိုင်စိုး တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂) (တောင်သူလယ်သမား ရေးရာကော်မတီဝင်) က အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာကော်မတီ၏ (၁-၃-၂၀၁၈)ရက် နေ့မှ (၃၀-၇-၂၀၂၀) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ အစီရင်ခံစာကို ဖတ်ကြား တင်သွင်းပြီး ဥက္ကဋ္ဌ က ယင်း အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

၈။ ဒေါ်စန်းစန်းမြင့် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) (လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီဝင်) က အမျိုးသားလွှတ်တော် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီ၏ (၁-၃-၂၀၁၈) ရက်နေ့မှ (၁၃-၇-၂၀၂၀) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို ဖတ်ကြား တင်သွင်းပြီး ဥက္ကဋ္ဌ က ယင်း အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

၉။ အစည်းအဝေးကို ၁၃:၁၄ နာရီအချိန်တွင် ရပ်နားပြီး (၁၁)ရက်မြောက်နေ့ အစည်းအဝေး ကို  ၂၅-၈-၂၀၂၀ ရက်နေ့ (အင်္ဂါနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

 အမျိုးသားလွှတ်တော်