Share this

တတိယနေ့ အစည်းအဝေး အကျဉ်းချုပ် (၁၅.၇.၂၀၂၀)

Wednesday, July 15, 2020 - 13:52
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

တတိယနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၁၁ ရက်

(၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၅ ရက်)

[ ဗုဒ္ဓဟူးနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယနေ့ ကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်။

(က)ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ကျောက်တော်မြို့နယ် အတွင်း တိုက်ပွဲရှောင်စခန်းများတွင် ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာထားသည့် ကိုရိုနာဗိုင်းရပ်စ် (COVID–19)ရောဂါကာကွယ်ရေးအတွက် မည်သည့် အစီအမံ များထားရှိပြီး တိုက်ပွဲရှောင်များ အဆင်ပြေစေရေး၊ စားဝတ်နေရေး အတွက် မည်သို့ဆောင်ရွက်ပေးထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် က သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့များ၊ ဝန်ကြီးဌာနများ၊ UNs, INGOs, အခြားဆက်စပ်ဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်၍ ပြည်သူလူထုအတွင်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့  IDP စခန်း (တိုက်ပွဲရှောင်စခန်းများအပါအဝင်) များတွင် နေထိုင်သူများအတွက်လည်း အလေးအနက် ထည့်သွင်းစဉ်းစား ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(ခ) ဦးကျော်သန်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ်၊ ချောင်းဝကျေးရွာအုပ်စုနှင့် မင်းပြင် ကျေးရွာအုပ်စု၊ ပြင်ရှည် - ကုလာဘာ ကျေးရွာချင်းဆက်လမ်းပေါ်တွင် ရှိသော တံတား(၃)စင်းအား ဘတ်ဂျက်သတ်မှတ်နှစ်အတွင်း မပြီးစီးသည့်ကိစ္စ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း က တံတား(၃)စင်းအနက် တံတား(၁)စင်းမှာ ရာနှုန်းပြည့် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသည့် တံတား(၂)စင်းအား ဖြည့်စွက် ရန်ပုံငွေ ထပ်မံတောင်းခံရရှိပြီးဖြစ်၍ လာမည့် စက်တင်ဘာလကုန်၌ သတ်မှတ် အချိန်အတွင်း ပြီးစီးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့လာ သော အချက်အလက်များဖြင့် ပေါင်းစပ် ရှင်းလင်းဖြေကြားသည်။

(ဂ) ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ချင်းပြည်နယ်၊ မင်းတပ်ခရိုင်နှင့် မတူပီခရိုင်ကို ဆက်သွယ်သော မင်းတပ် - မတူပီခရိုင် လမ်းမကြီးအား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လမ်းတာချဲ့ရန် ကျန်ရှိနေ သော (၁၆/၃)မိုင်အား (၃၄)ပေ တာချဲ့ခြင်းနှင့် ကတ္တရာလမ်းခင်းခြင်း အပြီးသတ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း က မြေပြင်၌ တာချဲ့ခြင်း လုပ်ငန်းဆောင်ရွက်ရန် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်နယ် ငွေလုံးငွေရင်း  ရန်ပုံငွေလျာထားပြီး ခွင့်ပြုရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ ကတ္တရာလမ်းချဲ့ခြင်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ ကတ္တရာလမ်း သစ်ခင်းခြင်း၊  ကွန်ကရစ်လမ်းသစ်ခင်းခြင်းနှင့် မြေထိန်းနံရံ တည်ဆောက်ခြင်း တို့ကို   ပြည်ထောင်စု/ပြည်နယ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်ရန် တင်ပြတောင်းခံထားပြီး ရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့လာသော အချက်အလက်များဖြင့် ပေါင်းစပ် ရှင်းလင်းဖြေကြားသည်။

(ဃ) ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့ရှိ မုံရွာ - အရာတော် - ရွှေဘိုလမ်းမှ (မကျီးစောက်ကျေးရွာမှ ဆင်တလည်ကျေးရွာအထိ) လမ်းအရှည် ၉ မိုင် ၄ ဖာလုံ၊ လမ်းအကျယ် ၃၅ ပေ ရှိသောလမ်းတွင် ၄ မိုင် ၀.၅ ဖာလုံကို မြေလမ်းမှ ကျောက်လမ်းအဖြစ်သို့လည်းကောင်း၊ ၄ မိုင် ၇ ဖာလုံကို ကျောက်လမ်းမှ ကတ္တရာလမ်းအဖြစ်သို့လည်းကောင်း ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း က Submersible Bridge တည်ဆောက်ရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရရှိပါက ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နောက်ပိုင်းကာလများ၌ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထားပေးသွားမည်ဖြစ်ပြီး ရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ပေးပို့လာသော အချက်အလက်များဖြင့် ပေါင်းစပ် ရှင်းလင်းဖြေကြားသည်။

(င) ဦးရဲမြင့်စိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ လူနေထူထပ်သော ရန်ကုန်၊ မန္တလေးကဲ့သို့သော မြို့ကြီးများတွင် အမှိုက်စွန့်ပစ်ရန်နေရာ အခက်အခဲ များ တစ်နေ့တခြား ကြီးထွားလာမှုကို ပုဂ္ဂလိကလုပ်ငန်းကြီးများအား တစ်ပိုင်တစ်နိုင် အမှိုက်မီးရှို့ဖျက်ဆီးစက် (Incinerator)များ အသုံးပြုစေရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း က  ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ အမှိုက်မီးရှို့ဖျက်ဆီးစက် (Incinerator) များ တည်ဆောက်၍ အမှိုက် မီးရှို့ဖျက်ဆီးရန် အစီအစဉ်မရှိသေးကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ဆက်သွယ် ဆောင်ရွက်လာပါက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိ     အနေအထားအရ ဆေးရုံကြီးများ၊ စက်ရုံများတွင် တစ်ပိုင်တစ်နိုင် မီးရှို့ ဖျက်ဆီးစက် တပ်ဆင်ဆောင်ရွက်ရန် မူဝါဒချမှတ်ထားခြင်းမရှိသေးကြောင်း ရှင်းလင်း ဖြေကြားသည်။

(စ)ဦးဖေချစ်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ ရန်ကုန်တိုင်း   ဒေသကြီး၊ မှော်ဘီမြို့နယ်၊ သန္ဓေပင်ကျေးရွာအုပ်စု၊ ထိန်စွန်းကျေးရွာ၊ ကွင်းအမှတ် (၅၂၂)၊ (၅၂၃) သီးနှံစိုက်ဧရိယာ (၁၆၉)ဧကသည် မြေစာရင်း မြေပုံထွက်ရှိ ထားသော်လည်း စားကျက်မြေ ပယ်ဖျက်ခြင်းကို ဆိုင်းငံ့ထားသောကြောင့် လည်းကောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ၁၉၉၄ ခုနှစ်ကတည်းက ပါဝင်သွားခဲ့ပြီး ဖြစ်သောကြောင့် လည်းကောင်း မြို့မြေ သို့မဟုတ် ရွာမြေအဖြစ် သတ်မှတ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း က တိုးချဲ့ဖွဲ့စည်းရန် အမှန်တကယ်လိုအပ်ပါက အကျိုးအကြောင်း အပြည့်အစုံကို ဖော်ပြလျက် အထက်ဌာန အဖွဲ့အစည်းအဆင့်ဆင့်သို့ ခွင့်ပြုချက်ရယူပြီး ခွင့်ပြုချက်ရရှိမှသာ ကော်မတီများဖွဲ့စည်း၍ လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ကိုယ်စား ရှင်းလင်း ဖြေကြားသည်။

အစီရင်ခံစာ ဖတ်ကြား ရှင်းလင်းခြင်းနှင့် အဆုံးအဖြတ် ရယူခြင်း 

၃။ ဦးအောင်ကြည်ညွန့်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) (ဥပဒေကြမ်း ကော်မတီဝင်) က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွွယ်ပေးရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည် ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌ က ယင်းဥပဒေကြမ်းအား အတည်ပြုရန် အမျိုးသား လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က အတည်ပြုသည်။

အဆိုတင်သွင်းခြင်း၊ ထောက်ခံခြင်းနှင့် အဆုံးအဖြတ် ရယူခြင်း

၄။ ဒုတိယဗိုလ်မှူးကြီး အောင်ထွန်းလင်း၊ တပ်မတော်သားအမျိုးသားလွှတ်တော် ကိုယ်စားလှယ်က ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးရန် အဆိုတင်သွင်းခြင်းရာ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ထောက်ခံပြီး ယင်းဥပဒေကြမ်းအား လက်ခံဆွေးနွေးရန် သင့်/မသင့် အမျိုးသား လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော် က လက်ခံဆွေးနွေးရန် ဆုံးဖြတ်သည်။ 

၅။ အစည်းအဝေးကို ၁၁:၂၁ နာရီ အချိန်တွင် ရပ်နားပြီး စတုတ္ထနေ့ အစည်းအဝေးကို ၂၁-၇-၂၀၂၀ ရက်နေ့ (အင်္ဂါနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

 

အမျိုးသားလွှတ်တော်