Share this

ဆဋ္ဌမနေ့ အစည်းအဝေး အကျဉ်းချုပ် (၂၈.၇.၂၀၂၀)

Tuesday, July 28, 2020 - 12:38
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး

ဆဋ္ဌမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၉ ရက်

( ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၈ ရက် )

[ အင်္ဂါနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၈  ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ ပါသည်။ 

(က)ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ကျောက်ဖြူလေဆိပ်ကို လာမည့်ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တင်တည်ဆောက် ပေးရန် သို့မဟုတ် ပြန်လည်ပြုပြင် မွမ်းမံပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တင်ပြတောင်းခံထားသည့် ရန်ပုံငွေ ခွင့်ပြုချက်ရရှိမှုအပေါ်မူတည်၍ အဆင့်မြှင့်တင် ပြုပြင်မွမ်းမံပေး သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( ခ )ဦးမောင်မောင်လတ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ စစ်ကိုင်း တိုင်းဒေသကြီး၊ တမူးမြို့၏ စီမံကိန်း အကောင်အထည်မဖော်ဖြစ်သော ကုန်သွယ်ရေးဇုန် အဆိုပြုမြေနေရာရှိ အိမ်ရာခြံဝင်းများအတွင်း လူနေအိမ်များ ပြုပြင်ထိန်းသိမ်းခြင်း၊ အသစ်ဆောက်လုပ်ခြင်းများ ခွင့်ပြုပေးပြီး မူလပိုင်ရှင် များအား ဆက်လက်နေထိုင်ခွင့်ပြုရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး က သက်ဆိုင်ရာတို့မှ လျှောက်ထားလာပါက သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ စိစစ်၍ ခွင့်ပြုသင့်သည်ကို ခွင့်ပြုရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အစီအစဉ်ရှိကြောင်း၊ ကျွန်းပင်ကုန်းဘုန်းကြီးကျောင်း၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်/မြို့နယ် ပြန်လည် ထူထောင်ရေးဦးစီးဌာန၊ စာသင်ကျောင်းတို့ပါဝင်သော မြေနေရာရရှိရေး လျှောက်ထားလာပါက သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရှိရသည်ကို ရှင်းလင်းဖြေကြားသည်။

( ဂ )ဒေါ်အိအိပြုံး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များတွင် ကျောင်းသား/ကျောင်းသူများ၏ တီထွင်ဖန်တီးမှု (Project) စွမ်းရည်ပြိုင်ပွဲ များအား အစိုးရအစီအစဉ်ဖြင့် ကျင်းပပြုလုပ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က  အဆင့်မြင့်ပညာဦးစီးဌာန၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များမှ  တီထွင်ဖန်တီးမှု (Project)ပြပွဲများ ဆောင်ရွက်ခွင့်တင်ပြလာပါက ခွင့်ပြုပေး လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ)ဦးဇော်ဟိန်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ တနင်္သာရီတိုင်း ဒေသကြီး၊ ကျွန်းစုမြို့နယ်၊ မင်းခေါင်းဆေးကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)တွင် (၁၂၀ x ၃၀) ပေ RCC နှစ်ထပ်ကျောင်းဆောင် တစ်ဆောင်ကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေလျာထားသတ်မှတ်ပြီး တည်ဆောက် ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က  ဝန်ထမ်းအိမ်ရာ (၆၀x၃၀)ပေ Steel Structure (၁)ထပ် တစ်ဆောင် ဆောက်လုပ်ရန် လိုအပ်သောရန်ပုံငွေကို  ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး)စာရင်းတွင် ထည့်သွင်း လျာထားပြီး အဆိုပါကျောင်းတွင်  (၁၂၀ x ၃၀)ပေ RCC နှစ်ထပ်ကျောင်း ဆောင်သစ် (၁)ဆောင် ဆောက်လုပ်ရန်အတွက်  လိုအပ်သောရန်ပုံငွေကို  နောင် လာမည့် ဘဏ္ဍာရေးနှစ်များ၏ ငွေလုံးငွေရင်း (တည်ဆောက်ရေး)စာရင်းတွင် ရရှိမှုအပေါ်မူတည်၍  မြို့နယ်ဦးစားပေးအစီအစဉ်အရ ထည့်သွင်းလျာထားနိုင် ရေး စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( င )ဦးမာန်လောမောင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)၏ ချင်းပြည်နယ်ရှိ လက်ရှိမြို့နယ်အဆင့် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနရှိသော ဟားခါးမြို့၊ မင်းတပ်မြို့နှင့် ဖလမ်းမြို့များတွင် ခရိုင်အဆင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနများ တိုးချဲ့ဖွင့်လှစ်ပေးရန်နှင့် ကျန်မြို့နယ်များကို မြို့နယ်အဆင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနများ တိုးချဲ့ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း က လတ်တလော စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေး ကြောင်း၊ လူဦးရေ သိပ်သည်းမှု၊ မြို့ပြဒေသဖွံ့ဖြိုးမှုအပေါ်မူတည်၍ ခရိုင်အဆင့် ရုံးများအဖြစ်လည်းကောင်း၊ မြို့နယ်ဦးစီးမှူးရုံးများအဖြစ်လည်းကောင်း ထပ်မံ တိုးချဲ့ဖွဲ့စည်းရန် လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( စ )ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ မုံရွာ - အရာတော် - ရွှေဘိုလမ်း မိုင်တိုင် ၃ မိုင် ၇ ဖာလုံနှင့် ၄ မိုင် ၂ ဖာလုံအတွင်း အဝိုင်းပတ် အပါအဝင် ၃ မိုင် အရှည်အား (၃၆)ပေအကျယ် ကတ္တရာကွန်ကရစ်လမ်း ခင်းရန်အတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထား ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း က ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေတွင် လျာထားတင်ပြတောင်းခံခဲ့သော် လည်း ကန့်သတ်ချက်အရ ပါဝင်ခဲ့ခြင်းမရှိသဖြင့် နောင်လာမည့် ဘဏ္ဍာရေးနှစ် များတွင် ဆက်လက်လျာထားတင်ပြပေးသွားမည်ဖြစ်ပြီး ရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးပို့လာသော အချက်အလက်များဖြင့် ပေါင်းစပ်ရှင်းလင်းဖြေကြားသည်။

( ဆ )ဒေါက်တာမြသောင်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့နယ်တွင် မြို့ရှောင်လမ်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း က လက်ရှိကာလတွင် ဖြူးမြို့ရှောင်လမ်းအား       ဖောက်လုပ်ရန် အစီအစဉ်မရှိသေးကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးပို့လာသော အချက်အလက်များဖြင့် ပေါင်းစပ် ရှင်းလင်းဖြေကြားသည်။

( ဇ )ဦးလင်းတင်ဌေး၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ မွန်ပြည်နယ်၊ မော်လမြိုင် ခရိုင်၊ ချောင်းဆုံမြို့နယ်၊ ရွာလွတ် - ကတောင်စိန် တောင်ဖြတ်လမ်းနှင့် တကူပတီ - ကုလားဘီလမ်း စသည့်လမ်းပိုင်းများအား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်းခင်းပေးရန်  အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း က တကူပတီ - ကုလားဘီလမ်း အရှည်(၁)မိုင်(၃)ဖာလုံ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းအား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်  မွန်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင် လျာထားတင်ပြပြီး ရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ရွာလွတ် - ကတောင်စိန် တောင်ဖြတ်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နောက်ပိုင်းကာလများ၌  ရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့လာသော အချက်အလက်များဖြင့် ပေါင်းစပ် ရှင်းလင်းဖြေကြားသည်။

အစီရင်ခံစာ ပြန်လည်ဖတ်ကြား ရှင်းလင်းခြင်းနှင့် အဆုံးအဖြတ် ရယူခြင်း 

၃။ ဦးသိန်းလွင် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀) (ဥပဒေကြမ်းကော်မတီဝင်) က ကျန်းမာရေးမှူးကောင်စီ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည် ဖတ်ကြား ရှင်းလင်းပြီး ဥက္ကဋ္ဌ က ယင်း ဥပဒေကြမ်းကော်မတီက စိစစ်တင်ပြသည့် အစီရင်ခံစာအပေါ်  အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က အတည်ပြုသည်။

၄။ အစည်းအဝေးကို ၁၁:၀၇ နာရီ အချိန်တွင် ရပ်နားပြီး သတ္တမနေ့ အစည်းအဝေးကို ၃၀-၇-၂၀၂၀ ရက်နေ့ (ကြာသပတေးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

 

အမျိုးသားလွှတ်တော်