Share this

ဆဋ္ဌမနေ့ အစည်းအဝေး အကျဉ်းချုပ် (၁.၆.၂၀၂၀)

Monday, June 1, 2020 - 12:42
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

ဆဋ္ဌမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၂ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်

(၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁ ရက်)

[ တနင်္လာနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်။

(က)ဦးကိုကိုနိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ လာမည့် ၂၀၂၀ ပြည့်နှစ်အတွင်း ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲကြီးတွင် မဲဆန္ဒရှင် ပြည်သူများ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်နှင့် အဆင်ပြေသက်သာစွာ ဆန္ဒမဲပေး နိုင်ရေးအတွက် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင် ဦးမြင့်အောင် က မဲဆန္ဒရှင် အရေအတွက်အပေါ်မူတည်၍ မဲရုံများ တိုးချဲ့ဖွင့်လှစ်ခွင့်ပြုခြင်း၊ မသန်စွမ်း မဲဆန္ဒရှင်များ လွယ်ကူစွာ မဲပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထား ရှိခြင်း၊ နယ်မြေဒေသအလိုက် အခြေအနေများအပေါ်မူတည်၍ မဲဆန္ဒရှင်ပြည်သူ များ သွားလာရေးလွယ်ကူစေရန် မဲရုံများ တိုးချဲ့ဖွင့်လှစ်၍ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်းနှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်အားလုံး အဆင်ပြေသက်သာစွာ ပါဝင်မဲပေးနိုင်ရေး စီမံဆောင်ရွက်ထားကြောင်း ရှင်းလင်း ဖြေကြားသည်။

(ခ) ဦးကျော်တုတ်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ ကျောင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်သည့် အလေ့အထများ ထွန်းကားရေး မည်သို့စီမံဆောင်ရွက်နေသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ကျောင်းအုပ်ကြီးများမွမ်းမံသင်တန်းတွင် စာကြည့်တိုက်ဆိုင်ရာ အကြောင်းအရာ များကိုလည်း ပို့ချပေးခဲ့ပြီး အခြေခံပညာကျောင်းများရှိ စာကြည့်တိုက်များတွင် စာကြည့်တိုက်တာဝန်ခံတစ်ဦးထားရှိ၍ စာအုပ်ငှားကတ်ဖြင့် စာအုပ်များငှားရမ်း ဖတ်ရှုစေခြင်း၊ ဖတ်ရှုပြီးသည့် အကြောင်းအရာများကို စာသင်ခန်းအတွင်း ပြန်လည်ပြောပြစေခြင်း၊ ကျောင်းစုဝေးပွဲများတွင် ပြောကြားစေခြင်းတို့ကို ကျောင်းအလိုက် ဆောင်ရွက်ပေးခြင်း၊ မြို့နယ်အဆင့် စကားရည်လုပွဲများ၊ ကျပန်းစကားပြောပွဲများကို ဆောင်ရွက်ပေးခြင်းဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(ဂ)ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ဇန်တလန်(ခ)ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း ကျောင်းဆောင် (၁)သည် ဟောင်းနွမ်းပျက်စီးနေပါသဖြင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် (၁၂၀ x ၃၀) ပေ RCC နှစ်ထပ်ဆောင် ဆောက်လုပ်နိုင်ရေး ရန်ပုံငွေခွဲဝေချထား ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က အန္တရာယ်ရှိကျောင်းဆောင်အား ဖျက်သိမ်းပြီး (၁၂၀ x ၃၀)ပေ Steel Structure တစ်ထပ်ဆောင် (၁)ဆောင် ဆောက်လုပ်ရန်အတွက် လိုအပ်သော ရန်ပုံငွေကို ၂၀၂၀-၂၀၂၁  ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ခေါင်းစဉ်အောက်မှ မြို့နယ်ဦးစားပေး အစီအစဉ်အရ စိစစ်၍ လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

(ဃ)ဦးနိုင်သီဟ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)၏ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၁၃၀ x ၃၀)ပေ RCC နှစ်ထပ်ကျောင်းဆောင်သစ်တစ်ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ၂၀၂၁-၂၀၂၂  ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ရန်ပုံငွေခေါင်းစဉ်အောက်မှ ခွဲဝေရရှိမှုအပေါ်မူတည်၍ စိစစ် ထည့်သွင်းလျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(င)ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဘင်လှိုင်ရပ်ကွက်၊ ဝါးတော အခြေခံပညာမူလတန်း(လွန်) ကျောင်းတွင် (၉၀ x ၃၀)ပေ RCC တစ်ထပ်ကျောင်းဆောင်သစ်အား     ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ၂၀၂၁-၂၀၂၂  ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ရန်ပုံငွေ ခေါင်းစဉ်အောက်မှ စိစစ် ထည့်သွင်းလျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(စ)ဦးမင်းဆွေနိုင်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)၏ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မိုးညှင်း အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၏ အန္တရာယ်ရှိ ကျောင်းဆောင်ဖြစ်သော ပြည်တော်သာကျောင်းဆောင်အား ဖျက်သိမ်း၍ (၁၇၀ x ၃၀ x ၂၄)ပေ RCC နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က အန္တရာယ်ရှိ ကျောင်းဆောင်အား ဖျက်သိမ်း၍ (၁၇၀ x ၃၀)ပေ RCC (၂)ထပ်ကျောင်း ဆောင်သစ် ဆောက်လုပ်ရန်အတွက် လိုအပ်သောရန်ပုံငွေကို ၂၀၂၀-၂၀၂၁  ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ခေါင်းစဉ်အောက်မှ မြို့နယ် ဦးစားပေးအစီအစဉ်အရ စိစစ်၍ ထည့်သွင်းလျာထားဆောင်ရွက်သွားမည်ဖြစ် ကြောင်း ရှင်းလင်းဖြေကြားသည်။ 

ဥပဒေကြမ်း ဆွေးနွေးခြင်း

၃။ အစိုးရ၏ ဝယ်ယူခြင်းနှင့် ပုံသေပိုင်ပစ္စည်းများ ထုခွဲခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၃)ဦးက ဆွေးနွေးသည်။

၄။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍  ရှင်းလင်းပြောကြားသည်။

၅။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာသည်။

 

 

အမျိုးသားလွှတ်တော်