Share this

စတုတ္ထနေ့ အစည်းအဝေး အကျဉ်းချုပ် (၂၅.၅.၂၀၂၀)

Monday, May 25, 2020 - 14:11
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

စတုတ္ထနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၂ ခုနှစ်၊ နယုန်လဆန်း ၄ ရက်

(၂၀၂၀ ပြည့်နှစ်၊ မေလ ၂၅ ရက်)

[ တနင်္လာနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၅ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

ကော်မတီ အဖွဲ့ဝင်နေရာများ အစားထိုး ပြင်ဆင် ဖွဲ့စည်းခြင်းနှင့် အတည်ပြုချက် ရယူခြင်း

၂။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အမျိုးသားလွှတ်တော် ကော်မတီများတွင် အဖွဲ့ဝင် နေရာများ အစားထိုး ပြင်ဆင်ဖွဲ့စည်းခြင်းကို လွှတ်တော်သို့ တင်ပြပြီး လွှတ်တော်၏ အတည်ပြုချက် ရယူရာ လွှတ်တော် က အတည်ပြုသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၃။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်။

(က)ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ သံတွဲ(ငပလီ - မဇင်) လေဆိပ်ကို နိုင်ငံတကာခရီးစဉ် ပျံသန်းစေသည့် လေယာဉ်များ ဝင်ရောက်/ ထွက်ခွာနိုင်သော အကောက်ခွန်လေဆိပ် (Custom Aerodrome)အဖြစ် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် နောက်ပိုင်းတွင်သာ ဖြစ်နိုင်ခြေရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(ခ) ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)၏ ကျိုင်းတုံ မြို့ရှောင်လမ်း ဖောက်လုပ်ရန်အတွက် လိုအပ်သော မြေနေရာအား သက်ဆိုင်ရာ များမှ အသုံးမလိုသည့် သိမ်းဆည်းမြေများအား ပြန်လည် စွန့်လွှတ်အပ်နှံခြင်း ဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေနှင့် ပတ်သက်၍ သိရှိလိုသည့် မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က ကျိုင်းတုံမြို့နယ်၊ လမ်းဦးစီးဌာနသို့ လွှဲပြောင်းပေးသွားရန်၊ မူလတောင်သူများ ထံသို့ ပြန်လည်စွန့်လွှတ်ရန်နှင့် မြို့ရှောင်လမ်းတွင်ပါဝင်သွားသော လယ်ယာ မြေများကို လမ်းဦးစီးဌာန၏ အစီအမံဖြင့် လျော်ကြေးငွေပေးချေသွားရန် ကိစ္စများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့နှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

(ဂ)ဦးမောင်မောင်အုန်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)၏ ရန်ကုန်မြို့၊ ပြည်လမ်း၊ (၉)မိုင်ရှိ မြန်မာဂေါက်သီးရိုက်အသင်းပိုင်မြေအား မြန်မာနိုင်ငံ အိုလံပစ်ကော်မတီမှ မြန်မာဂေါက်သီးရိုက်အသင်းပိုင် မြေငှားဂရန်စာချုပ်ကို သိမ်းယူကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်း ပေးအပ်ထားခဲ့ ခြင်းကို ပြန်လည်ပေးအပ်ရန် တောင်းဆိုခဲ့ခြင်းနှင့် ပတ်သက်၍ ပြန်လည်ပေးအပ် ရန် အစီအစဉ် ရှိ/မရှိ နှင့် ပေးအပ်ရန်ရှိပါက မည်သည့်အချိန်တွင် ပြန်လည် ပေးအပ်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က အားကစားကွင်း ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် မပျောက်ပျက်စေရေးအတွက် ဌာနပိုင်မြေနေရာ အဖြစ်သာ ဆက်လက်ထားရှိမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ)ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု ကျန်းမာရေးကို ပိုမိုထိရောက်စွာ စောင့်ရှောက်ပေးနိုင်ရန် ပြင်ပအထွေထွေရောဂါကုဆရာဝန် (General Practitioners)များ တက်ရောက်နေသော Diploma သင်တန်းများအား အဆင့်မြှင့်၍ Master ဘွဲ့သို့ တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က ၂၀၂၀-၂၀၂၁  ပညာသင်နှစ်မှစ၍ ရန်ကုန်ဆေးတက္ကသိုလ်(၁)(၂)နှင့် မန္တလေး ဆေးတက္ကသိုလ်တို့တွင် ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း ရှင်းလင်း ဖြေကြားသည်။ 

(င)ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့ ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံအား ခရိုင်အင်္ဂါရပ်နှင့် ညီညွတ်သည့် ခုတင်(၁၀၀)ဆံ့ ခရိုင်ဆေးရုံအဖြစ် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ (၂၂-၈-၂၀၁၉) ရက်စွဲပါစာအမှတ်၊ ၃၅ မခ(ထ)၂၀၁၉/၁၃၈၆၄ ဖြင့် စီမံကိန်းနှင့် ဖွဲ့စည်းပုံ စိစစ်ရေးအဖွဲ့သို့ ညှိနှိုင်းထားပြီးဖြစ်၍ သဘောတူညီချက်ရရှိပါက ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်တင်ပြ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(စ)ဦးဆီဟူးဒွေ့၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်၊ အေးမြသာယာနှင့် နန်းကွေ့ကျေးရွာအုပ်စု၊ ကဘူဒမ်း ကျေးရွာအား ဆက်သွယ်ထားသော အေးမြသာယာ - ကဘူဒမ်းလမ်းအား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်း ခင်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း က ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့သော အချက်အလက်များဖြင့် ပေါင်းစပ် ရှင်းလင်းဖြေကြားသည်။

(ဆ)ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ချိုင်းစနူးကျေးရွာအုပ်စုနှင့် မှုံတနူး ကျေးရွာ အုပ်စုကြား ဆက်သွယ်ထားသည့် လေးချောင်းကြိုးတံတားအား အသစ် ပြန်လည်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နောက်ပိုင်းကာလများတွင် ရန်ပုံငွေထည့်သွင်းလျာထားပြီး ခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့သော အချက်အလက်များဖြင့် ပေါင်းစပ် ရှင်းလင်းဖြေကြားသည်။

(ဇ)ဦးအောင်သိန်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)၏ နိုင်ငံတော်အစိုးရ၏ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်မှ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် ရှိ မြေတိုင်းရပ်ကွက် အမှတ်(၂၉/စီ-၁)၊ မြေကွက်အမှတ် (၇-အေ)နှင့် ပတ်သက်၍ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသော အစိုးရမြေကို လေလံတင် ရောင်းချခဲ့ခြင်း သိရှိလိုသည့် မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း က မြေ၊ အဆောက်အဦ တိုင်းတာစိစစ်ရေးကော်မတီ၊ တန်ဖိုးတွက်ချက်သတ်မှတ်ရေးကော်မတီ၊ မြေစီမံ ခန့်ခွဲသည့် ဌာန/ကော်မတီများ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တို့နှင့် ညှိနှိုင်းပြီး အတည်ပြုချက်များရယူကာ မြေပြင်အခြေအနေ ရှင်းလင်း သည့်မြေ၊ အဆောက်အဦများကိုသာ စိစစ်၍ လေလံတင်ရောင်းချလျက်ရှိ ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးပို့သော အချက်အလက်များဖြင့် ပေါင်းစပ် ရှင်းလင်းဖြေကြားသည်။

ဥပဒေကြမ်း ဆွေးနွေးခြင်း

၄။ အသေးစားငွေရေးကြေးရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၁)ဦးက ဆွေးနွေးသည်။

ဥပဒေကြမ်း တင်သွင်းခြင်း၊ အစီရင်ခံစာ ဖတ်ကြား ရှင်းလင်ခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင် ကြောင်း ကြေညာခြင်း

၅။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က အစိုးရ၏ ဝယ်ယူခြင်းနှင့် ပုံသေပိုင်ပစ္စည်းများထုခွဲခြင်းဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းပြီး တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင့်လွင် (ဥပဒေကြမ်းကော်မတီဝင်) က ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းပြီး ဥက္ကဋ္ဌ က ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင် ကြောင်း ကြေညာသည်။

၆။ အစည်းအဝေးကို ၁၁:၄၇ နာရီ အချိန်တွင် ရပ်နားပြီး ပဉ္စမနေ့ အစည်းအဝေးကို       ၂၈-၅-၂၀၂၀ ရက်နေ့ (ကြာသပတေးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

 

အမျိုးသားလွှတ်တော်