Share this

စတုတ္ထနေ့ အစည်းအဝေး အကျဉ်းချုပ် (၂၁.၇.၂၀၂၀)

Tuesday, July 21, 2020 - 13:10
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး

စတုတ္ထနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၂ ရက်

( ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၁ ရက် )

[ အင်္ဂါနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ ပါသည်။ 

(က)ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ရခိုင်ပြည်နယ်ရှိ ပြည်သူ လူထုများ သန့်ရှင်းသော သောက်ရေနှင့် သုံးစွဲရေလုံလောက်စွာ ရရှိရေးအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များအတွက် ဘတ်ဂျက်မည်မျှ သုံးစွဲခဲ့သည်များကို သိရှိလိုခြင်းနှင့် နှစ်စဉ် သန့်ရှင်းသော သောက်ရေနှင့်သုံးရေ မည်မျှတိုးတက်မှုရှိသည်ကို မည်ကဲ့သို့ အကောင်အထည် ဖော်ဆောင်ရွက်နေကြောင်း သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ရခိုင်ပြည်နယ်၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် လျှိုပိတ်ဆည်များ ဆောင်ရွက်မှုရှိမည်ဖြစ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးရွာရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ သန့်ရှင်းသော သောက်သုံးရေနှင့် သုံးစွဲရေရရှိရေးအတွက် သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ ရေသန့်စင်ခြင်းလုပ်ငန်းနှင့် ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် ဒေသခံပြည်သူများမှ တောင်းဆိုမှုများအပေါ် မြေပြင်စူးစမ်း လေ့လာခြင်းလုပ်ငန်းများဆောင်ရွက်ပြီး ဖြစ်မြောက်နိုင်စွမ်းရှိပါက ရန်ပုံငွေတင်ပြ တောင်းခံကာ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့်  ရေလှောင်တမံ၊ လျှိုပိတ်ဆည်တည်ဆောက် ခြင်းလုပ်ငန်းများ၊ မြေပေါ်မြေအောက် ရေအရင်းမြစ်များအား ဖော်ထုတ်ပြီး စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများကို ပြည်ထောင်စု၊ ပြည်နယ်အစိုးရရန်ပုံငွေ ရရှိမှုအပေါ်မူတည်၍ လုပ်ငန်းများအား တည်ဆောက်အကောင်အထည်ဖော်  ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းဖြေကြားသည်။

( ခ )ဦးလှမြင့်(ခ)ဦးလှမြင့်သန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ စစ်ကိုင်း တိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ရွာရှည်ကျေးရွာအုပ်စု၊ ထန်းတောကျေးရွာ၊ ကွင်းအမှတ်(၇၆၃-ခ)၊ အိုမကွင်း၊ ဦးပိုင်အမှတ်(၈၅)၊ ဧရိယာ(၃.၈၀)ဧက ပုံစံ(၇) ရရှိထားသော လယ်ယာမြေကို ခွင့်ပြုချက်မရဘဲ အခြားနည်းသုံးသဖြင့် ၂၀၁၇ ခုနှစ်က အမျိုးသားလွှတ်တော်၊ ပြည်သူတို့၏တိုင်ကြားစာဆိုင်ရာ ကော်မတီသို့ တိုင်ကြားရာ ကော်မတီ၏ အကြံပြုချက်များကို အမျိုးသားလွှတ်တော်ရုံးမှ သက်ဆိုင်ရာသို့ ပေးပို့ခဲ့သောကြောင့် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေနှင့်အညီ တရားစွဲခဲ့ပြီး ဆိုင်ရာတရားရုံးက ထောင်ဒဏ်အပြစ်ပေးခဲ့သော်လည်း ကျူးလွန် ခဲ့သူအား လယ်ယာမြေထဲမှ ဖယ်ရှားခြင်း မပြုခဲ့သည့်အတွက် ဆက်လက်၍ ထပ်မံကျူးလွန်နေသည်ကို ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေနှင့်အညီ ဆက်လက် အရေးယူရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ခွင့်ပြုခဲ့သည့် အမှုတွဲများနှင့် ပတ်သက်ပြီး သတ်မှတ်သည့် နည်းလမ်းအတိုင်း အသုံးမပြုပါက လယ်ယာမြေဥပဒေပုဒ်မ(၃၁)အရ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( ဂ )စောသန်းထွဋ်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)၏ ဘားအံမြို့နယ်၊ လှာကာကျေးရွာအုပ်စုနှင့် မြိုင်ကလေးကျေးရွာအုပ်စုရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဘိလပ်မြေစက်ရုံတည်ဆောက်ရန် သိမ်းဆည်းခဲ့ပြီး စီမံကိန်း လုပ်ငန်းများ မဆောင်ရွက်သောမြေများအား ပြန်လည်စွန့်လွှတ်ရာတွင် မူလ ဒေသခံ တောင်သူများကို ပြန်လည်ပေးအပ်မှု မရှိသည့်ကိစ္စနှင့် စပ်လျဉ်း၍ သိရှိလိုသည့် မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ဘားအံခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) လျှောက်ထားမှုအပေါ် တောင်သူများအား ငြင်းပယ်ကြောင်း အကြောင်းကြားစာ (ပုံစံ-၈)အား ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ)ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်၊ ဖုန်ကကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် စာသင်ဆောင် မလုံလောက်ပါသဖြင့် (၉၀ x ၃၀)ပေ အုတ်ညှပ် Steel Structure ဖြင့် ဆောက်လုပ်နိုင်ရေး ရန်ပုံငွေခွဲဝေချထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က လက်ရှိကျောင်းဆောင်နှင့် ကျောင်းသားဦးရေအရ လုံလောက်မျှတမှုရှိနေ သေးသည့်အတွက်  နောင်လာမည့် ဘဏ္ဍာရေးနှစ်များတွင် ကျောင်းသားဦးရေ တိုးတက်များပြားမှုအပေါ် မူတည်၍ ရန်ပုံငွေလျာထားနိုင်ရေးအတွက် ထပ်မံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( င )ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ထိန်းခေါင်းကျေးရွာအုပ်စု၊ လုံနူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းနှင့် တိုင်ဝကျေးရွာအုပ်စု၊ ဂဏန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းများတွင် ကျောင်းဆောင်သစ် (၁၂၀x၃၀)ပေ RC နှစ်ထပ်အား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က နယ်မြေလုံခြုံရေးအခြေအနေအရ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်ပေးနိုင်ခြင်းမရှိသဖြင့် နောင်လာမည့် ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေအား ထပ်မံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

( စ )ဦးဆန်းမြင့်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)၏ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ကုန်းပြင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းရှိ အန္တရာယ်ရှိ ကျောင်းဆောင်များအား ဖျက်သိမ်းပြီး ကျောင်းဆောင်သစ်များ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က အန္တရာယ်ရှိကျောင်းဆောင်အား ဖျက်သိမ်းပြီး (၁၃၀x၃၀)ပေ RCC နှစ်ထပ် ဆောင်(၁)ဆောင် ဆောက်လုပ်ပေးရန်အတွက် လိုအပ်သောရန်ပုံငွေကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၏ ငွေလုံးငွေရင်း(တည်ဆောက်ရေး) ရန်ပုံငွေ ခေါင်းစဉ် အောက်တွင် မြို့နယ်ဦးစားပေးအစီအစဉ်အရ စိစစ်ထည့်သွင်းလျာထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

ဥပဒေကြမ်း ဆွေးနွေးခြင်း

၃။ အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော ကျန်းမာရေးမှူးကောင်စီ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၁)ဦးက ဆွေးနွေးသည်။

အစီရင်ခံစာ ဆွေးနွေးခြင်း

၄။ အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ “မြန်မာနိုင်ငံအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း၏ ဓာတုဓာတ်ကြွင်းများကြောင့် ဖြစ်ပေါ်စေသော ဘေးထွက်ဆိုးကျိုးများ လျှော့ချြခင်းဆိုင်ရာ လေ့လာ စိစစ်မှု” အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် (၂)ဦးက ဆွေးနွေးသည်။

၅။ ဒေါက်တာဝင်းမြင့်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁) (အတွင်းရေးမှူး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ) က အဆိုပါ အစီရင်ခံစာကို သဘောတူလက်ခံရန် အဆိုတင်သွင်းပြီး ဥက္ကဋ္ဌ က အမျိုးသားလွှတ်တော်၏ အတည်ပြုချက် ရယူရာ လွှတ်တော် က အတည်ပြုသည်။

၆။ အစည်းအဝေးကို ၁၁:၃၄ နာရီ အချိန်တွင် ရပ်နားပြီး ပဉ္စမနေ့ အစည်းအဝေးကို ၂၃-၇-၂၀၂၀ ရက်နေ့ (ကြာသပတေးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

အမျိုးသားလွှတ်တော်