Share this

၁၅ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ် (၂၂.၁၁.၂၀၁၇)

Friday, March 23, 2018 - 11:17

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး

၁၅ ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်း အနှစ်ချုပ်

 

၁၃၇၉ ခုနှစ်၊ နတ်တော်လဆန်း ၄  ရက်

( ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက် )

[ ဗုဒ္ဓဟူးနေ့]

 

၁။           ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ကျင်းပ ပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။           မေးခွန်း မေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက် ခဲ့ပါသည်  -

              (က)   စောယှားဖောင်အွာ၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ ကရင် ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ သစ်တောကြိုးဝိုင်း အတွင်းရှိနေသော အခြေခံပညာကျောင်းမြေနေရာများကို သစ်တောမြေ အဖြစ်မှ စွန့်လွှတ်ပြီး ပညာရေးမြေ အဖြစ် ပြန်လည်ချထားပေးနိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက သစ်တောကြိုးဝိုင်းအတွင်း ကျရောက် လျက်ရှိသော အခြေခံပညာကျောင်း ၈ ကျောင်း ဆောက်လုပ်ရန် မြေနေရာ လိုအပ်ပက မြေအသုံးချလိုသည့် ပညာရေးဝန်ကြီးဌာနမှ စိစစ်ပြီး ပြည်ထောင်စုအစိုးရ အဖွဲ့ထံ လျှောက်ထားတင်ပြရန် ဖြစ်ပါကြောင်း၊ နိုင်ငံတော်ရန်ပုံငွေဖြင့် တည်ဆောက် ထားသောကျောင်းများဖြစ်ပါက ပြောင်းလဲလာသော မြေအသုံးချမှု စီမံခန့်ခွဲရေး ဆိုင်ရာမူဝါဒများအရ မြေနေရာအတည်ပြုချက်၊ ခွင့်ပြုချက်၊ အသုံးပြုခွင့်ရရှိပြီးမှသာ ဆောက်လုပ်ရန် ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းသည့် အခြေခံပညာ ၉ ကျောင်း တည်ဆောက်ထားသည့် မြေနေရာအား ခွင့်ပြုချက် မရရှိ သေးပါက အထက်ဖော်ပြပါ လုပ်ထုံးလုပ်နည်းအတိုင်း သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တိုက်ရိုက် လျှောက်ထားရမည်ဖြစ်ပါကြောင်း၊ သစ်တောမြေပြင်ပတွင် ကျရောက် နေသော ထိဖိုးကော် စာသင်ကျောင်းနှင့် ပတ်သက်၍ သစ်တောဦးစီးဌာန နှင့် သက်ဆိုင်မှုမရှိသဖြင့် သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာနတို့နှင့် ဆက်သွယ်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သစ်တောကြိုးဝိုင်းအတွင်း ကျရောက်လျက်ရှိသော စာသင် ကျောင်း ၈ ကျောင်း မြေနေရာ ခွင့်ပြုချက်ရရှိရေးနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသို့ ပယ်ဖျက်ရန် သဘောထားမှတ်ချက် တောင်းခံလာမှုအပေါ် ကွင်းဆင်းစစ်ဆေးပြီး အမှန်တကယ် လိုအပ်ချက် အပေါ်မူတည်၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့ ပြန်လည်တင်ပြပြီး ပြည်ထောင်စုအစိုးရအဖွဲ့မှ ပယ်ဖျက်ခွင့်ပြုသည့်အချိန်၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ဌာန လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက် စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပညာရေးဝန်ကြီးဌာနနှင့်ပေါင်းစပ်၍ ဖြေကြားပါသည်။       

                  ( ခ )   ဦးထိန်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ သေဒဏ် သို့မဟုတ် တစ်သက်တစ်ကျွန်းဒဏ်ထိုက်သော ပြစ်မှုတို့ကို တရားစွဲဆိုရာ တွင် ဆင်းရဲနွမ်းပါး၍ ရှေ့နေမငှားနိုင်သော တရားခံများအတွက် (Dock brief)ကို တရားရုံးတော်က နိုင်ငံတော်စရိတ်ဖြင့် ရှေ့နေငှားရမ်း ပေးသည့်အခါ ရှေ့နေလိုက်ပါဆောင်ရွက်ခ နှုန်းထားမှာ လာရောက် သက်သေခံသည့် သက်သေအား ပေးသည့် နေ့တွက်စရိတ်ထက် များစွာ လျော့နည်းနေပါသဖြင့် တိုးမြှင့်ပြင်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့် က     သေဒဏ် ထိုက်သင့်သည့် ပြစ်မှုဖြင့် စွပ်စွဲခံရသည့် ဆင်းရဲ နွမ်းပါးသည့် တရားခံအတွက် အစိုးရစရိတ်ဖြင့် ငှားရမ်းပေးသော ရှေ့နေ၏ အခကြေးငွေ နှုန်းထားများမှာ လက်ရှိနေ့စားအလုပ်သမား၏ တစ်နေ့ လုပ်ခ(၃၆၀၀)ကျပ်နှင့် နှိုင်းယှဉ်ပက တိုးမြှင့်ပေးရန် လိုအပ်ကြောင်း တွေ့ရှိ ရပါသဖြင့် သင့်လျော်သည့် အခကြေးငွေ နှုန်းထားကို တိုးမြှင့်ပေးနိုင်ရေး အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးက စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန၏ သဘောထားရယူ၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက် ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

            ( ဂ )   ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ လုပ်ခ လစာအလိုက် လစဉ်ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံငွေ ပေးသွင်းနေရသော်လည်း လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု မပေးနိုင်သည့် လူမှုဖူလုံရေးဆေးခန်း များအနေဖြင့် ထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်စေရန် မည်သို့ မည်ပုံ စီမံဆောင်ရွက် နေသည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား  လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က အလုပ်သမား ကျန်းမာရေးစောင့်ရှောက်မှုကို ယခုထက် ပိုမို၍ အလွယ်တကူ ရယူနိုင်ရေးအတွက် လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ကျန်းမာရေး ဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းများမှ ဝန်ဆောင်မှုကို ဝယ်ယူခြင်းနည်းလမ်း (Provider Purchaser Split) နည်းလမ်းကို အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်လျက်ရှိပါကြောင်း၊ အာမခံ အလုပ်သမားများအား ပိုမိုထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်စေရန်အတွက် အလုပ်သမားဆေးရုံကြီးများတွင် မရနိုင်သော အထူးကုဘာသာရပ်များဆိုင်ရာကုသမှုကို လိုအပ်ပါက ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ အစိုးရဆေးရုံများတွင် ကုသမှုခံယူ စေပြီး ဆေးဝါးများဝယ်ယူရပါက ကျခံသုံးစွဲခဲ့ရသည့် ငွေကြေးများကို ပြန်လည်တောင်းခံရာ၌ ပိုမိုလွယ်ကူမြန်ဆန်မှုရှိစေရေးအတွက် ဖြေလျော့ ပေးနိုင်သည်များကို ဖြေလျော့ပေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက် ရှိသည့်အပြင် လူမှုဖူလုံရေးအဖွဲ့ပိုင် အလုပ်သမားဆေးရုံကြီးများနှင့် ဆေးခန်းများကို အဆင့်မြှင့်တင်နိုင်ရေးအတွက် ပုဂ္ဂလိက ကျန်းမာရေး စောင့်ရှောက်မှုကုမ္ပဏီများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန် ရေတိုရေရှည်စီမံကိန်းများ ရေးဆွဲဆောင်ရွက်လျက် ရှိကြောင်း၊ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အာမခံအလုပ်သမားများအတွက် ထိရောက်ပြီး အရည်အသွေးပြည့်ဝသော ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်ရန်နှင့် လူမှု ဖူလုံရေး ရန်ပုံငွေများကို ထိရောက်မှု (Effective) အားကောင်းပြီး ကျစ်လျစ်သိပ်သည်းစွာ သုံးစွဲခြင်း (Efficient)ဖြစ်စေရေးအတွက်  ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။

လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်းနှင့် ဥပဒေကြမ်းအတည်ပြုခြင်း

၃။           အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့်ပြန်လည်ပေးပို့လာခြင်း နှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။ ၁၉၄၈ ခုနှစ်၊ ဆိပ်ကမ်း အလုပ် သမားများ အလုပ်စီစဉ်ရေး အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက အတည်ပြုရန် အဆိုတင်သွင်း၍ ယင်းအဆိုအား ဦးမြမင်းဆွေ မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၉) က ထောက်ခံပါသည်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က ၁၉၄၈ ခုနှစ်၊ ဆိပ်ကမ်းအလုပ်သမားများ အလုပ်စီစဉ်ရေးအက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း အား လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။

အစီရင်ခံစာကို ဆွေးနွေးခြင်းနှင့် အတည်ပြုချက်ရယူခြင်း

၄။           အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက် များ စိစစ်ရေးကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး တွင် တင်သွင်း မေးမြန်းခဲ့သည့် အဆိုများ၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို ဦးမြင့်နိုင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅) က ဆွေးနွေးပါသည်။ (အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေး ကော်မတီဝင်)    ဦးဝင်းအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃) က အစီရင်ခံစာကို သဘောတူလက်ခံရန် အဆိုတင်သွင်း၍ လွှတ်တော်က အတည်ပြုသည်။

 

 

 

အစီရင်ခံစာကို ဆွေးနွေးခြင်း၊ အတည်ပြုချက်ရယူခြင်း        

၅။          အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန် ခံချက်များ စိစစ်ရေးကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ နော်ခရစ္စထွန်း(ခ) ဒေါက်တာ အားကာမိုး တင်သွင်းခဲ့သည့် “MICA (Myanmar International Cooperation Agency)”အဆိုနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးသို့ ကွင်းဆင်းလေ့လာစိစစ်ခဲ့သည့် ကြားဖြတ်အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် (၈)ဦးမှ ဆွေးနွေးပါသည်။ အမျိုးသားလွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိမ်းဆွေ၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)က အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော်  စတုတ္ထ ပုံမှန်အစည်းအဝေးတွင်  ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ နော်ခရစ္စထွန်း(ခ) ဒေါက်တာအားကာမိုး တင်သွင်းခဲ့သည့် “MICA (Myanmar International Cooperation Agency)” အဆိုနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးသို့ ကွင်းဆင်းလေ့လာစိစစ်ခဲ့သည့် ကြားဖြတ်အစီရင်ခံစာကို သဘောတူလက်ခံ ရန် အဆိုတင်သွင်း၍ လွှတ်တော်က အတည်ပြုသည်။

၆။          အစည်းအဝေးကို ၁၂၂၄ နာရီအချိန်တွင် ရပ်နားပါသည်။ ၁၆ ရက်မြောက်နေ့ အစည်းအဝေးကို ၂၃-၁၁-၂၀၁၇ ရက်နေ့ (ကြာသပတေးနေ့)တွင် ကျင်းပရန် လျာထား ပါသည်။

                 

 

 

 အမျိုးသားလွှတ်တော်