Share this

အဋ္ဌမနေ့ အစည်းအဝေး အကျဉ်းချုပ် (၄.၈.၂၀၂၀)

Tuesday, August 4, 2020 - 13:06

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး

အဋ္ဌမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၁ ရက်

( ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၄ ရက် )

[ အင်္ဂါနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၄  ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ ပါသည်။ 

(က)ဦးလှဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)၏ မန္တလေး - စစ်ကိုင်း - မုံရွာ - ရေဦးလမ်း (ပြည်ထောင်စုလမ်း၊ မုံရွာမြို့ရှောင်လမ်း)တွင် မိုင်တိုင်အမှတ် ၈၆ မိုင် ၁ ဖာလုံနှင့် ၈၈ မိုင် ၅ ဖာလုံကြား လမ်းအရှည် ၂ မိုင် ၄ ဖာလုံ လက်ရှိ လမ်းအား အကျယ်ပေ(၃၀)ချဲ့ပြီး ကတ္တရာကွန်ကရစ်လမ်း ခင်းရန်အတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က ရန်ပုံငွေကန့်သတ်ချက်အရ မိုင်တိုင်အမှတ်(၈၅/၂)မှ (၈၆/၁) အတွင်း (၆.၅)ဖာလုံအား ကတ္တရာကွန်ကရစ်လမ်းခင်းရန်အတွက်သာ လျာထား နိုင်ခဲ့သည့်အတွက် ကျန်ရှိနေသည့်လမ်းပိုင်းများကို နောင်လာမည့်ဘဏ္ဍာရေးနှစ် များတွင် ဆက်လက်လျာထားတင်ပြပေးသွားမည်ဖြစ်ပြီး ရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးပို့လာသော အချက်အလက်များဖြင့် ပေါင်းစပ် ရှင်းလင်းဖြေကြားသည်။

( ခ )ဦးလင်းတင်ဌေး၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)၏ မွန်ပြည်နယ်၊ မော်လမြိုင် ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာတချို့၌ လိုအပ်လျက်ရှိသော စာသင် ကျောင်းဆောင်များကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က တကူပတီခြံ - အခြေခံပညာမူလတန်းကျောင်းတွင် အန္တရာယ်ရှိကျောင်းဆောင်အား ဖျက်သိမ်းပြီး (၉၀x၃၀)ပေ Steel Structure တစ်ထပ်ကျောင်းဆောင် (၁)ဆောင်၊ တကူပတီ-အခြေခံပညာမူလတန်းကျောင်း တွင် အန္တရာယ်ရှိကျောင်းဆောင်အား ဖျက်သိမ်းပြီး (၉၀x၃၀)ပေ RCC နှစ်ထပ် ကျောင်းဆောင်(၁)ဆောင်၊ မုကွဲ-အခြေခံပညာမူလတန်းကျောင်းတွင် အန္တရာယ်ရှိ ကျောင်းဆောင်အား ဖျက်သိမ်းပြီး (၇၀x၃၀)ပေ RCC နှစ်ထပ်ကျောင်းဆောင် (၁)ဆောင် အသီးသီး ဆောက်လုပ်ပေးရန်အတွက် လိုအပ်သောရန်ပုံငွေကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး) စာရင်းတွင် မြို့နယ်ဦးစားပေးအစီအစဉ်အရ ထည့်သွင်းလျာထားနိုင်ရေး စိစစ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ကျန်ရှိသောအခြေခံပညာကျောင်း (၆)ကျောင်းတို့တွင် ကျောင်းဆောင်သစ်များ ဆောက်လုပ်ပေးရန်အတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး)စာရင်းတွင် မြို့နယ်ဦးစားပေးအစီအစဉ်အရ ထည့်သွင်းလျာထားနိုင်ရေး စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။

( ဂ )ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်၊ လုံဇာရ်ကျေးရွာအုပ်စု၊ ခွါဖိုးကျေးရွာသည် ရေရှားပါးနေပါသဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် သောက်ရေသန့် သွယ်ယူပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က လက်ရှိရယူသုံးစွဲလျက်ရှိသည့် စိမ့်စမ်းရေထွက်သည့်နေရာတွင် နွေရာသီ၌ ရေထွက်နှုန်းလျော့နည်းကာ သောက်သုံးရေမလုံလောက်ခြင်းဖြစ်ကြောင်း၊ ခွါဖိုးကျေးရွာ ရေရရှိရေးလုပ်ငန်းကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်ရန် လျာထားပြီး ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်ပေါင်းစပ်ရှင်းလင်း ဖြေကြားသည်။

(ဃ)ဒေါက်တာခွန်ဝင်းသောင်း၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)၏ ကချင် ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာလီရေလွှဲဆည်အား နီးစပ်ရာ ဘဏ္ဍာရေးနှစ်တွင် အမြန်ဆုံး ပြုပြင်တည်ဆောက်ပေးနိုင်ရန်အတွက် မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က  တာလီရေလွှဲဆည် တည်ဆောက်ပေးနိုင်ရန်အတွက် အကြိုပြင်ဆင်ခြင်းလုပ်ငန်း များဆောင်ရွက်ရန် လိုအပ်သောရန်ပုံငွေကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ မူလ (ငွေလုံးငွေရင်း) လျာထားချက်စာရင်းတွင် လည်းကောင်း၊ ရေလွှဲဆည် တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင်လည်းကောင်း၊ ရေသောက်စနစ် တည်ဆောက်ခြင်းလုပ်ငန်းကို  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ရည်မှန်းထားသည့်အလျောက်  ကချင်ပြည်နယ်အစိုးရအဖွဲ့ တွင် ထည့်သွင်းလျာထားတင်ပြတောင်းခံပြီး လုပ်ငန်းများကို ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ် ရှင်းလင်းဖြေကြားသည်။

( င )ဦးသက်နိုင်စိုး၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)၏ တနင်္သာရီ တိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်နှင့် ဆက်စပ်လျက်ရှိသည့် မြန်မာ့ ပင်လယ် ပြင်တွင် ငါးဖမ်းဆီးလျက်ရှိသည့် ငါးနီတူ (ပလာကျင်းကျန်) ငါးဖမ်းလှေများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်မညီသည့် ငါးဖမ်းကိရိယာ များ ခွင့်ပြုပေးထားခြင်းမရှိကြောင်းနှင့် လက်ရှိအချိန်တွင်လည်း ပါကျီးကျန် ပိုက်ကွက်စိပ်များဖြင့် ဖမ်းဆီးခြင်းများအား အရေးယူဆောင်ရွက်လျက်ရှိကြောင်း  တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်နှင့် ပေါင်းစပ် ရှင်းလင်း ဖြေကြားသည်။

( စ )ဦးမြမင်းဆွေ၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)၏ ပခုက္ကူမြို့နယ်ရှိ တန့်ကြည်တောင် စိမ်းလန်းစိုပြည်ရေးအတွက် တန့်ကြည်တောင်တန်း တစ်လျှောက်တွင် တစ်ဖက်ပိတ်ရေလှောင်တမံများ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က တစ်ဖက်ပိတ် ရေလှောင်တမံငယ် များနှင့် ရေကန်ငယ်များ တိုးမြှင့်ပြုလုပ်ခြင်းကို လာမည့်ဘဏ္ဍာနှစ်များတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အဓိက   အစီအစဉ်တစ်ရပ်အဖြစ် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း  ရှင်းလင်းဖြေကြားသည်။

( ဆ )ဦးစိုင်းစံအောင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)၏ “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် အဆင့်မီ စက်မှုလယ်ယာ ထွန်စက်စခန်းတစ်ခု ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က လတ်တလောတွင် စက်မှုလယ်ယာ ထွန်စက်စခန်းတစ်ခု ဆောက်လုပ်ပေးရန် အစီအစဉ်မရှိသေးကြောင်း ရှင်းလင်းဖြေကြားသည်။

အသိပေး တင်ပြခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း

၃။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ပေးပို့သော ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေး နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလာခြင်းအား လွှတ်တော်သို့  အသိပေး တင်ပြပြီး ယင်း နည်းဥပဒေများနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

၄။ အစည်းအဝေးကို ၁၀:၅၉ နာရီ အချိန်တွင် ရပ်နားပြီး နဝမနေ့ အစည်းအဝေးကို  ၆-၈-၂၀၂၀ ရက်နေ့ (ကြာသပတေးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာသည်။

 

 

အမျိုးသားလွှတ်တော်