အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့်လူ့အခွင့်အရေး ဆိုင်ရာ ကော်မတီသည် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့် ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံဆွေးနွေးပွဲကို (၂၃.၇.၂၀၂၀)ရက်နေ့ (၁၄:ဝဝ)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-17) အောက်ထပ် ကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ဥက္ကဋ္ဌ ဦးဝင်းအောင်၊ အတွင်းရေးမှူး ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်၊ ကော်မတီအဖွဲ့ဝင်များနှင့် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေတို့ တက်ရောက်ခဲ့ကြပါသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ကော်မတီဥက္ကဋ္ဌက အဖွင့်နှုတ်ခွန်းဆက်စကားပြောကြား၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မိတ်ဆက်စကားပြောကြား ပြီးနောက် လူ့အခွင့်အရေးဆိုင်ရာလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စ များအား အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ထုတ်ဝေထားသည့် လူ့အခွင့်အရေးဆိုင်ရာ စာအုပ်စာတမ်းများကို ကော်မတီသို့ ပေးအပ်ခဲ့ပါသည်။
ထို့နောက် အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးဝင်းအောင်က နိဂုံးချုပ်ကျေးဇူးတင်စကားပြောကြားပြီး (၁၅:၄၀)နာရီအချိန်တွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။