Share this

ဒုတိယအကြိမ် ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲသို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတက်ရောက်

Activities (EN)

ဒုတိယအကြိမ် ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲကို (၂၁.၂.၂၀၂၀)ရက်နေ့ ညနေပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ တာဝေးစက်ဘီး အားကစားကွင်း၌ ကျင်းပသည်။

ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယ မြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

အဆိုပါပြိုင်ပွဲတွင် ဝန်ကြီးဌာနအသီးသီးမှ ယှဉ်ပြိုင်ကြရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင် (ခ)ဦးထွန်းထွန်းဟိန်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးကြသည်။

ယင်းနောက် ဆုပေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပထမဆုရရှိသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအသင်းအား ဆုငွေကျပ် တစ်ဆယ့်ငါးသိန်းနှင့် တံခွန်စိုက် ဆုဖလားကို  ပေးအပ်ချီးမြှင့်သည်။

ထို့နောက်  ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန် က ဒုတိယဆုရရှိသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းအား ဆုငွေကျပ် ဆယ်သိန်းနှင့် ဆုဖလားကို ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ပြိုင်ပွဲဝင်ဝန်ကြီးဌာန (၂၂) သင်းအနက်မှ နှစ်သိမ့်ဆုရရှိသည့် ဝန်ကြီးဌာန (၁၉) ခုမှ အသင်းများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာ ဝင်းမြတ်အေး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ဒေါက်တာရဲမြင့်ဆွေ၊  ဒေါက်တာ မြလေးစိန်၊ ဦးဗရတ်ဆင်းနှင့် ဦးစိုးအောင်တို့က ဆုငွေကျပ် သုံးသိန်းစီ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများသည် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် ဝန်ကြီးဌာနအသင်းများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။