Share this

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် လွှတ်တော်များ၏ (၃) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ပြောကြားသည့် အမှာစကား

လှုပ်ရှားမှုများ

ဒုတိယအကြိမ်လွှတ်တော်များ၏ (၃) နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနားသို့ ကြွရောက်လာပါသော နိုင်ငံတော်၏သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယသမ္မတများ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ နိုင်ငံတော်တရားလွှတ်တော်ချုပ် တရားသူကြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၊  လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဂုဏ်သရေရှိ ဧည့်သည်တော်ကြီးများအားလုံးကို မင်္ဂလာပါလို့ ရှေးဦးစွာ ဆုတောင်းမေတ္တာ နှုတ်ခွန်းဆက်ပို့သပါတယ်။ အားလုံးလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ မိမိအနေဖြင့် ယခုလို နေ့ထူးနေ့မြတ်မှာ အမှာစကား ပြောကြားခွင့်ရတဲ့အတွက်လည်း များစွာ ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။

လွှတ်တော်သက်တမ်းဟာ အခုဆိုရင် (၃) နှစ်တာကာလ ပြည့်မြောက်ခဲ့ပြီဖြစ်လို့ ပြည်သူလူထု အကျိုးအတွက် ဥပဒေပြုကဏ္ဍကနေ ဥပဒေများကို ခေတ်စနစ်နှင့်အညီ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ရုပ်သိမ်းခြင်း၊ ပြဋ္ဌာန်းပေးခြင်းများကို ဆောင်ရွက်ပေးနိုင်ခဲ့သလို ပြည်သူလူထု၏ လိုလားချက် ဆန္ဒနှင့် မျှော်လင့်ချက်များကိုလည်း တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့လို့ ပြည်သူကိုကိုယ်စားပြု ဆောင်ရွက်ပေးပါသော လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများကိုလည်း အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။

ပြည်သူ့အုပ်ချုပ်ရေးဖြစ်သော ဒီမိုကရေစီစနစ်ကို ဖော်ဆောင်လျှောက်လှမ်းတဲ့ ခရီးလမ်းမှာ လွှတ်တော်ကိုယ်စားလှယ်များဟာ ပါတီစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲ မထားရှိဘဲနဲ့ ဥပဒေပြုသူများပီပီ အစွဲကင်းစွာ လက်တွေ့ဘဝတွင် ပြည်သူများရဲ့ ဥပဒေ၏အကာအကွယ်ဖြင့် အေးချမ်းစွာလုံခြုံစွာနေထိုင်နိုင်ဖို့၊ ပြည်သူများရဲ့ ဥပဒေအကာအကွယ်ကို တန်းတူရရှိစေနိုင်ဖို့၊ ခေတ်စနစ်နဲ့ကိုက်ညီတဲ့ ဥပဒေများကို ပြဋ္ဌာန်းနိုင်ဖို့ အားသွန်ခွန်စိုက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။

ရှေ့ဆက်၍လည်း ပြည်သူလူထုကိုယ်စားပြု လွှတ်တော်များရဲ့ လွှတ်တော်ကိုယ်စားလှယ်များ ဟာ လွှတ်တော်အလိုက်ဖြစ်စေ၊ ကော်မတီအလိုက်ဖြစ်စေ ကိုယ်စားလှယ်တစ်ဦးချင်းဖြစ်စေ ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသေးသည့် ဥပဒေပြုဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ရင်း ပြည်သူကိုဗဟိုပြုသည့် ဒီမိုကရေစီစနစ် ပိုမိုထွန်းကားအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရဖို့ ဖြစ်ပါတယ်။

ထို့အတူ နိုင်ငံသားတစ်ဦးချင်းစီ၏ အခြေခံလူ့အခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဥပဒေပြုရေးကဏ္ဍမှာ အားကိုးအားထားပြုစရာ “ လွှတ်တော်မှတစ်ပါး အခြားမရှိပြီ ” ဟု ဆိုရလောက်အောင် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ပေးကြဖို့ကိုလည်း တိုက်တွန်းပြောကြားလိုပါတယ်။

ပြည်ထောင်စုကြီးတစ်ဝန်းလုံး တောင်ပေါ်မြေပြန့် မခွဲခြားဘဲ ဒေသအသီးသီး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူပြည်သားများ၏ ဆန္ဒများ လိုအပ်ချက်များကို အစဉ်နားစွင့်ရင်း၊ သိရှိနိုင်အောင်လည်း အမြဲကြိုးစားရင်း မိမိတို့ရဲ့ လွှတ်တော် ဆောင်ပုဒ်ဖြစ်တဲ့ “ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက် ” ဆိုသည့်အတိုင်း မိမိတို့ ဖြတ်သန်းလာခဲ့သော လွှတ်တော်သက်တမ်း (၃) နှစ်တာ ကာလအတွင်းမှာ ရရှိခဲ့သည့် အတွေ့အကြုံကောင်းများဖြင့် ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးကို အတူတကွ တည်ဆောက်နိုင်ကြပါစေကြောင်း ဆန္ဒပြုပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။