Share this

၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း နှင့် ဇနီး တက်ရောက်

လှုပ်ရှားမှုများ

၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို (၃.၄.၂၀၁၉)ရက်နေ့ (၁၆၀၀)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ ကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး နန့်ကြင်ကြည် တို့ တက်ရောက်ကြည့်ရှုအားပေးသည်။

ထို့ပြင် ဗိုလ်လုပွဲသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ကရင်ပြည်နယ် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာ့အားကစားကို ကူညီထောက်ပံ့ပေးနိုင်ရေး တရုတ်နိုင်ငံဆိုင်ရာ ကွင်းဆင်းလေ့လာရေး ကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဘောလုံးဝါသနာရှင် ပရိသတ်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး မတ် ၂၁ ရက်မှ ဧပြီ ၃ ရက်အထိ ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။ တတိယနေရာလုပွဲစဉ်ကို (၃.၄.၂၀၁၉)ရက်နေ့ (၁၉၀၀)နာရီတွင် ရှမ်းပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ရှမ်းပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲကို (၃.၄.၂၀၁၉)ရက်နေ့ (၁၆၀၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့်လည်းကောင်း အနိုင်ရကာ တံခွန်စိုက်ဒိုင်းကို ရရှိခဲ့သည်။

ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိပုဂ္ဂိုလ်များက အကောင်းဆုံးဆုများရရှိခဲ့ကြသည့် အားကစားသမားများအား ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး တတိယဆုနှင့် ဒုတိယဆု ရရှိခဲ့သည့် အသင်းများအား ငွေသားဆုများနှင့် တစ်ဦးချင်း ဆုတံဆိပ်များကို လည်းကောင်း ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းအား ငွေသားဆု ၁၅ သိန်း၊ တစ်ဦးချင်း ဆုတံဆိပ်များနှင့် ၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်သည်။