စမ်းသပ်ထုတ်လွှင့်ခြင်းဖြစ်ပါသည်။

Share this

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း မြဝတီမြို့ ရွှေကုက္ကိုလ်မြိုင်ကျေးရွာရှိ ပြည်သူများနှင့်တွေ့ဆုံ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့ ရွှေကုက္ကိုလ်မြိုင်ကျေးရွာရှိ ပြည်သူများနှင့် (၂၆.၁၀.၂၀၁၈)ရက်နေ့ (၀၉၀၀)နာရီခွဲတွင် ကျေးရွာအခြေခံ ပညာအထက်တန်းကျောင်းခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမှာစကားပြောကြားရာ၌ ဒုတိယအကြိမ် ပထမပုံမှန်အစည်းအဝေးမှ နဝမပုံမှန်အစည်းအဝေးများ၏ လွှတ်တော်အတွေ့အကြုံများကို ပြည်သူများ သိရှိနားလည်နိုင်စေရန် ပြောကြားသွားမည် ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ဥပဒေတစ်ရပ်ဖြစ်ပေါ်လာပုံအဆင့်ဆင့်ကို သိရှိနားလည်စေရန် ရှင်းလင်းပြောကြားသွားမည်ဖြစ်ကြောင်း၊ မိမိတို့လွှတ်တော်၏ အဓိကတာဝန်မှာ ဥပဒေပြုရေးတာဝန် ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်လည်း အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင် ဟူ၍ မဏ္ဍိုင်ကြီး သုံးရပ်ရှိပါကြောင်း၊ ဤမဏ္ဍိုင်ကြီးသုံးရပ်သည် တစ်ခုနှင့်တစ်ခု ဝင်ရောက်မစွက်ဖက်ဘဲ အပြန်အလှန်ထိန်းညှိဆောင်ရွက်ကြရပါကြောင်း။

မိမိတို့လွှတ်တော်အနေဖြင့် ဥပဒေပြုရေးအာဏာကို ကျင့်သုံးပါကြောင်း၊ ပြည်သူလူထုအတွက် လိုအပ်သည့် ဥပဒေများ ရေးဆွဲပြဋ္ဌာန်းရပါကြောင်း၊ ခေတ်စနစ်နှင့် မကိုက်ညီသည့် ဥပဒေများကို ပြင်ဆင်ခြင်း၊ ရုပ်သိမ်းခြင်းများကို ဆောင်ရွက်ရပါကြောင်း၊ ပြည်သူလူထုက တင်မြှောက်လိုက်ခြင်းမှာ ၎င်းတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန်ပေးလိုက်ခြင်းဖြစ်၍ မိမိတို့လွှတ်တော်ကိုယ်စားလှယ်များကလည်း ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို လွှတ်တော်အတွင်း မေးခွန်းများ မေးမြန်းခြင်း၊ အဆိုများ တင်သွင်းခြင်းတို့ဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

ထို့ကြောင့် ကျေးရွာပြည်သူများက ကျေးရွာအတွင်း လိုအပ်လျက်ရှိသည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတား၊ ရေရရှိရေးနှင့် အခြားလိုအပ်ချက်များအား တင်ပြကြရာ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်  သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားသည်။

ဆက်လက်ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကျေးရွာပြည်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဒေသခံပြည်သူများအနေဖြင့် လွှတ်တော်သို့လာရောက်လေ့လာကြပါရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ကျေးရွာပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ကျေးရွာပြည်သူများ တက်ရောက်ကြသည်။