Share this

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ အစည်းအဝေးကျင်းပ

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးကော်မတီသည် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား စီးပွားရေးဆက်ဆံမှုနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို ဆွေးနွေးညှိနှိုင်းရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အစည်းအဝေးကို (၇.၂.၂၀၁၉)ရက်နေ့ (၁၂၃၀)နာရီ အချိန်တွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ် (I-18)အပေါ်ထပ် အစည်းအဝေး ခန်းမ၌ ကျင်းပပါသည်။

အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏နှစ်နိုင်ငံ နယ်စပ်ဒေသကုန်သွယ်မှုလုပ်ငန်းများ၊ ပို့ကုန်၊ သွင်းကုန်များ၊ စီးပွားရေးဆက်ဆံမှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးမှုများအပေါ် တက်ရောက်လာသော ကော်မတီဝင်များမှ အပြန်အလှန်ဆွေးနွေးကြပါသည်။ 

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်း၊ အတွင်းရေးမှူး ဒေါ်ထုမေတို့နှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး အစည်းအဝေးကို (၁၃၃၀)နာရီတွင် ရုပ်သိမ်းပါသည်။