စမ်းသပ်ထုတ်လွှင့်ခြင်းဖြစ်ပါသည်။

Share this

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ နှစ်(၃၀)ပြည့် အခမ်းအနားသို့ သဝဏ်လွှာပေးပို့

မိန့်ခွန်းများ

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းထံမှ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ နှစ်(၃၀)ပြည့် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

ရှစ်လေးလုံးအရေးတော်ပုံ နှစ်(၃၀)ပြည့် အခမ်းအနားဖြစ်မြောက်ရေးကော်မတီသို့ ပေးပို့သော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ သဝဏ်လွှာ

၂၀၁၈ ခုနှစ်၊ ဩဂုတ်လ (၈)ရက်နေ့တွင် ကျရောက်သော ရှစ်လေးလုံးအရေးတော်ပုံ နှစ်(၃၀)ပြည့် အခမ်းအနားသို့ ဂုဏ်ယူဝမ်းမြောက်စွာဖြင့် သဝဏ်လွှာ ပေးပို့အပ်ပါသည်။

မြန်မာနိုင်ငံ၏ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံမှသည် တစ်ပါတီစနစ်မှ ပါတီစုံဒီမိုကရေစီစနစ်သို့ ကျင့်သုံးရန် ဦးတည်နိုင်ခဲ့ပြီး ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိခဲ့ကြပြီ ဖြစ်ပေသည်။

မြန်မာနိုင်ငံ၌ နှစ်အတော်ကြာ ပျောက်ကွယ်ခဲ့သည့် နိုင်ငံရေးမျိုးဆက်တို့ ပြန်လည်ရှင်သန်ခွင့်ရရှိခဲ့ပြီး ဒီမိုကရေစီတောင်းဆိုမှု၏ အကြီးမားဆုံးလူထုလှုပ်ရှားမှုကြီးအဖြစ် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံတွင် တည်ရှိခဲ့ပြီး ဖြစ်ပေသည်။

ပြည်သူလူထုကြီးတစ်ရပ်လုံး နှစ်ပေါင်းများစွာ မျှော်လင့်တောင့်တလျက်ရှိသည့် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာစေရန် ယခုအချိန်တွင် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများ၊ ပဋိပက္ခများ မည်မျှပင်ကြုံတွေ့စေကာမူ ယုံကြည်ခြင်းကို သစ္စာပြု၍ အန္တိမရည်မှန်းချက်ကို အတူတကွ စုပေါင်းအင်အားဖြင့် တွဲလက်မဖြုတ်စတမ်း ကြိုးပမ်းတည်ဆောက်သွားကြရမည် ဖြစ်ပေသည်။

ရှစ်လေးလုံးအရေးတော်ပုံ နှစ်(၃၀)ပြည့် အခမ်းအနားမှသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အမျိုးသားပြန်လည်သင့်မြတ်ရေးကို အလေးထားဆောင်ရွက်ပြီး အနာဂတ်ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးဆီသို့ နိုင်ငံသားတိုင်း မိမိတို့ တတ်စွမ်းသည့်ဘက်မှ နိုင်ငံတော်အတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ ပါဝင်အထောက်အပံ့ပြုနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် သဝဏ်လွှာ ပေးပို့အပ်ပါသည်။

မန်းဝင်းခိုင်သန်း

ဥက္ကဋ္ဌ

အမျိုးသားလွှတ်တော်