Share this

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း နှင့် ဇနီး အိမ်မဲမြို့နယ် တောင်စုကျေးရွာ၌ ကျင်းပသည့် ကရင်အမျိုးသားနှစ်သစ်ကူးနှင့် ကောက်သစ်စားပွဲတော်သို့ တက်ရောက်

လှုပ်ရှားမှုများ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် ကရင်စာပေ ယဉ်ကျေးမှုကော်မတီတို့ ပူးပေါင်းကျင်းပသည့် ကရင်သက္ကရာဇ် ၂၇၅၈ ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူး နှင့် ကောက်သစ်စားပွဲတော်ကို (၆.၁.၂၀၁၉)ရက်နေ့ နံနက် ၈ နာရီခွဲတွင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာအုပ်စု တောင်စုကျေးရွာ၌ ကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း နှင့်ဇနီး ဒေါ်နန့်ကြင်ကြည်တို့ တက်ရောက်ချီးမြှင့်ကြသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ သူရဦးအောင်ကို၊ နိုင်သက်လွင်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ရဲဝင်းဦး၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ စောမူတူးဆေးဖိုး၊ ဒုတိယဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်းနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ခိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မန်းဂျော်နီ၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ စောမူတူးဆေးဖိုး နှင့် ဒုတိယဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်းတို့က အခမ်းအနားကို ဖားစည်တီး၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံမှ ကရင်အမျိုးသား နှစ်သစ်ကူးနေ့အတွက် ပေးပို့သော နှုတ်ခွန်းဆက်သဝဏ်လွှာကို ဖတ်ကြားသည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ဆိုသည်မှာ ကရင်တိုင်းရင်းသားတို့၏ သမိုင်းဝင် နေ့ထူးနေ့မြတ်ဖြစ်ပါကြောင်း၊ မြန်မာပြည် အင်္ဂလိပ် လက်အောက်ကျရောက်ခဲ့စဉ် ၁၈၈၁ ခုနှစ်တွင် “ဒေါကလု” ဆိုသည့် ကရင်အမျိုးသားအသင်းကြီး (Karen National Association ) ပေါ်ပေါက်လာပြီး ကရင်အမျိုးသားတို့၏ စာပေ၊ ယဉ်ကျေးမှု၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး တိုးတက်မြင့်မားစေရန် ရည်သန်ကာ အသင်းကြီး၏ ကြိုးပမ်းမှုနှင့်အတူ အမြော်အမြင်ကြီးမားသည့် ဒေါက်တာ တီသံပြာကဲ့သို့ ကရင်အမျိုးသားခေါင်းဆောင်များ၏ ဦးဆောင်ကြိုးပမ်းမှုကြောင့် ၁၉၃၇ ခုနှစ် သြဂုတ် ၂ ရက်တွင် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ မူကြမ်းကို အင်္ဂလိပ်ခေတ် မြန်မာ့ပါလီမန်တွင် အသိအမှတ်ပြု ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း။

ပါလီမန်လွှတ်တော်အမတ်များ၏ ညီညီညွတ်ညွတ် ကြိုးပမ်းအားထုတ်မှုကြောင့် သလေးထိုင်ခုတ်ဖို ပြာသိုလဆန်း ၁ ရက်နေ့သည် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်ခံရသည့်အတွက် ပထမဆုံး ကရင်အမျိုးသား နှစ်သစ်ကူးနေ့ မိန့်ခွန်းကို ၁၉၃၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက် တွင် အသံလွှင့်ခဲ့ပါကြောင်း။ အဆိုပါ မိန့်ခွန်းတွင် “ကျွန်ုပ်တို့သည် ကရင်တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှုကို တည်ဆောက်ရင်း ညီညွတ်သော မြန်မာနိုင်ငံအဖြစ်သို့ ပါဝင်ဆောင်ရွက် ကြိုးပမ်းကြမည်။ ကျွန်ုပ်တို့ ကရင်အမျိုးသားခေါင်းဆောင်များအနေဖြင့် ကိုယ်ကျိုးမဖက်၊ မကြောက်မရွံ့ဘဲ လူမျိုးရေးနှင့် ဘာသာရေး အာဃာတ အလျဉ်းကင်းစင်သောစိတ်ထားဖြင့် တိုင်းပြည်၊ နိုင်ငံတော်အကျိုးစီးပွားကို ဆောင်ရွက်ကြမည်”ဟု ပါရှိပါကြောင်း။

ယနေ့ကျင်းပသည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သတ်မှတ်နိုင်ရေးအတွက် ကြိုးစား ဆောင်ရွက်ကြသော ကရင်အမျိုးသားခေါင်းဆောင်ကြီးများ၏ အမြော်အမြင် ကြီးမားမှု၊ ကိုယ်ကျိုးမဖက်သည့်စိတ်ထား၊ လူမျိုးဘာသာမခွဲခြားဘဲ အာဃာတကင်းစင်သည့် စိတ်ဓာတ်များ နှင့် မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်လိုသည့် စိတ်ဆန္ဒများရှိနေကြောင်းကို အသံလွှင့်မိန့်ခွန်းတွင် အထင်အရှားတွေ့ မြင်နိုင်ပါကြောင်း။

ကရင်တိုင်းရင်းသားများသည် ရိုးသားကြကြောင်း၊ သစ္စာရှိကြောင်း၊ ကရင်အမျိုး သားများသည် စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းက​ျောင်းပြုကြောင်း၊ ကောက်ပဲသီးနှံများ ပေါ်ထွန်းလာချိန်တွင် ကောက်သစ်စားပွဲများကျင်းပကာ ကွဲကွာနေသောမိသားစုများ၊ ဆွေမျိုးသားချင်းများ ပြန်လည် ဆုံစည်းကြပြီး နှစ်သစ်ဆုမွန်များတောင်းကြကြောင်း၊ စားကောင်းသောက်ဖွယ်များနှင့် တည်ခင်းဧည့်ခံကာ စည်းလုံးခြင်း၊ ပျော်ရွှင်ခြင်း၊ ပေါင်းစည်းခြင်း၊ အနာဂတ်ကို ယုံကြည် မျှော်လင့်ခြင်း များစွာဖြင့် ကောက်သစ်စားပွဲ နှစ်သစ်ကူးအခါဟုလည်း ဆိုနိုင်ပါကြောင်း။

ယနေ့ကဲ့သို့ ကရင်အမျိုးသားနှစ်သစ်ကူးနှင့် ကောက်သစ်စားပွဲတော် အခမ်းအနားများကို မြန်မာနိုင်ငံတစ်ဝန်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ယခုဆိုလျှင် ၈၁ နှစ် ရှိခဲ့ပြီဖြစ်ပြီး စည်းလုံးညီညွတ်ခြင်း သက်သေဟု ဆိုနိုင်ပါကြောင်း။ ပြည်ထောင်စုကြီး တစ်ခုလုံး ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်က အလေးထား ဆောင်ရွက်နေသည့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ အပစ်အခတ်ရပ်စဲရေး၊ တောင်ပေါ်မြေပြန့်မခွဲခြားဘဲ ဒေသအသီးသီး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တိုင်းတွင်လည်း အခြား တိုင်းရင်းသား ညီအစ်ကို မောင်နှမများနှင့်အတူ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ချစ်ချစ် ခင်ခင်ဖြင့် အတူတကွ ပူးပေါင်းရင်ဆိုင် ဖြေရှင်းကြရန်လည်း တိုက်တွန်း ပြောကြားလိုပါကြောင်း။

နိဂုံးချုပ်အနေဖြင့် ကရင်အမျိုးသားတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းနိုင်ကြပါစေကြောင်း၊ ကရင် အမျိုးသားများသည် ပြည်ထောင်စုကြီးအတွက် ကြီးမားခိုင်မာသော အင်အားတစ်ရပ် ဖြစ်ပါစေကြောင်း၊ ရရှိပြီးဖြစ်သည့် တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှု အခြေခံကောင်းများ နှင့်အတူ ဖွံ့ဖြိုးတိုးတက်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးဆီသို့ အတူလျှောက်လှမ်း နိုင်ကြပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ စောမူတူးဆေးဖိုးကလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်ကလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုကလည်းကောင်း အသီးသီး ဆုမွန်ကောင်းတောင်း အမှာစကား  ပြောကြားခဲ့ကြပါသည်။

ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

ထို့နောက် အခမ်းအနား ကျင်းပရာနေရာတွင် ကောက်သစ်စားပွဲကို ကရင်ရိုးရာ ဓလေ့ အတိုင်းကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း နှင့်ဇနီး ဒေါ်နန့်ကြင်ကြည်၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြကာ ကရင်ရိုးရာ အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများ၊ ကရင်စာပေနှင့် တူရိယာပစ္စည်းများ၊ ကရင်တိုင်းရင်းသားခေါင်းဆောင်များ နှင့် ကရင်လူမျိုးများ လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွင် ပါဝင်ဆောင်ရွက်ခဲ့မှုများကို ပြခန်းဖြင့် ပြသထားမှုကို လှည့်လည် ကြည့်ရှုကြသည်။