Share this

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏၂၀၁၉ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား

မိန့်ခွန်းများ

ချစ်ခင်လေးစားရပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကိုမောင်နှမများ နဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားများ အားလုံး မင်္ဂလာအပေါင်းနဲ့ပြည့်စုံပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဦးစွာဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

မိမိတို့အားလုံးဟာ ခရစ်နှစ် ၂၀၁၈ ခုနှစ်ကို ကျော်လွန်လို့ ၂၀၁၉ ခုနှစ်ဆိုတဲ့ နှစ်သစ်ကာလတစ်ခုကို ကူးပြောင်းလျှောက်လှမ်းကြရတော့မှာပဲ ဖြစ်ပါတယ်။ နှစ်တစ်နှစ်ကို ကျော်ဖြတ်ခဲ့ရာ နှစ်ဟောင်းမှာ ရင်ဆိုင်ကြုံတွေ့ခဲ့ရသော ကိစ္စရပ်များစွာ၏ အကြောင်းအကျိုး အကောင်းအဆိုးများစွာတို့ကို ဘဝသင်ခန်းစာများအဖြစ် ပြန်လည်သုံးသပ် ဆင်ခြင်ပြီး အနာဂတ်အတွက် ပိုမိုကောင်းမွန်သော အခြေအနေများကို ဖန်တီးတည်ဆောက်ကာ ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားစေရေးအတွက် နှစ်သစ်မှအစပြု၍ စိတ်သစ် လူသစ် ခွန်အားသစ်များဖြင့် မေတ္တာတရားအခြေခံကာ ကိုယ်ကျင့်တရား ကောင်းမွန်စွာဖြင့် ပြုမူဆောင်ရွက်သွားကြရမှာပဲ ဖြစ်ပါတယ်။

သို့မှသာ ပြည်သူလူထုကြီးတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိတဲ့ တူညီသော ဘုံရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးကို ထူထောင်နိုင်မှာပဲ ဖြစ်ပါတယ်။

ပန်းတိုင်သို့ချီတက်ရာ လမ်းခရီးမှာလည်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဟာ အပြန်အလှန် တည်မီလျက်ရှိတာကြောင့် ငြိမ်းချမ်းခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် မိမိတို့ရဲ့ အာဃာတ အမုန်းတရားများ အတ္တမာနများကို စွန့်ပယ်ကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တိုင်းမှာ အစွဲကင်းစွာဖြင့် မိမိတို့ကျရာ အခန်းကဏ္ဍမှ အုတ်တစ်ချပ် သဲတစ်ပွင့်ပမာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါ။ “တစ်ယောက်အားနှင့် ယူသော်မရ၊ တစ်သောင်းအားနှင့် ယူသော်ရ၏” ဆိုသလို စုပေါင်းအင်အားဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြဖို့လည်း တိုက်တွန်းပြောကြားလိုပါတယ်။

မြန်မာနိုင်ငံသားများအားလုံး နှစ်သစ်မှာ ပျော်ရွှင်ခြင်း၊ ရွှင်လန်း ဝမ်းမြောက်ခြင်းဖြင့် ပြည့်စုံပြီး သာယာချမ်းမြေ့သော ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်းနှင့် ဘာသာတရားတိုင်း၏ အဆုံးအမများကို အစဉ်နှလုံးသွင်း ဆောင်ရွက်တတ်သူများ ဖြစ်ကြပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်း တောင်းအပ်ပါတယ်။