Share this

ရန်ကုန်မြို့၌ ယူနီယံဓမ္မတ တက္ကသိုလ် (၁၈)ကြိမ်မြောက် ဘွဲ့နှင်းအခမ်းအနားသို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း တက်ရောက်

လှုပ်ရှားမှုများ

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း အပါအဝင် ယခုနှစ်အတွက် နယ်ပယ်အသီးသီးတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူများ၊ လူမှုရေးလုပ်ငန်းများဆောင်ရွက်နေသူများ နှင့် ဘာသာရေး အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေသူများကို ယူနီယံဓမ္မတ တက္ကသိုလ်(Union Biblical Seminary)ကချီးမြှင့်သည့် (၁၈)ကြိမ်မြောက် ဘွဲ့နှင်းအခမ်းအနားကို (၁၀.၁.၂၀၁၉)ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ အမှတ်(၆၅) အလံပြဘုရားလမ်းရှိ Methodist English Church ၌ ကျင်းပသည်။

အခမ်းအနားတွင် ယူနီယံဓမ္မတ တက္ကသိုလ် ဥက္ကဋ္ဌ Dr. Morris Remlal Liana က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ဘွဲ့ရရှိသူများအား ကောင်းချီးမင်္ဂလာပြုကာ ဘွဲ့များ အပ်နှင်းသည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယူနီယံဓမ္မတ တက္ကသိုလ် ဥက္ကဋ္ဌ Dr. Morris Remlal Liana က “ လွှတ်တော်ဥက္ကဋ္ဌကို ရွေးချယ်ဖြစ်တာက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဖြစ်ရုံသာမက ဒီနေရာကနေ မြန်မာနိုင်ငံရဲ့ တိုးတက်ရာ တိုးတက်ကြောင်းကို ဦးဆောင်နေသူတစ်ဦးဖြစ်ပြီး လူမှုရေးအပိုင်းများမှာလည်း နွမ်းပါးသူတွေကို ပံ့ပိုးကူညီမှုတွေ အများအပြား ရှိခဲ့တာကြောင့် ဖြစ်ပါတယ်”ဟု ရွေးချယ် ချီးမြှင့်ခြင်းနှင့်စပ်လျဉ်း၍ ပြောကြားသည်။

ယူနီယံဓမ္မတ တက္ကသိုလ်ကို ၁၉၉၉ ခုနှစ်က တည်ထောင်ထားခဲ့ပြီး ဘာသာရေး အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့သူများနှင့် ကျောင်းသား၊ ကျောင်းသူ ၄၀၀ ကို ဘွဲ့များ ပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်သည်။

ယူနီယံဓမ္မတ တက္ကသိုလ်သည် မြန်မာနိုင်ငံတစ်ဝန်း၌ လူမျိုး၊ ဘာသာ မခွဲခြားဘဲ နယ်ပယ်ကဏ္ဍအသီးသီးရှိ လူမှုရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်နေသော ဂုဏ်ပြုထိုက်သည့် ပုဂ္ဂိုလ်များကို ရွေးချယ်ချီးမြှင့်ခြင်းဖြစ်သည်။

ယနေ့ (၁၈)ကြိမ်မြောက် အခမ်းအနား၌ ဘာသာရေးဆိုင်ရာဘွဲ့ရရှိသူ ၂၃ ဦး နှင့် နယ်ပယ် အသီးသီးတွင် လူမှုရေးနှင့် ဘာသာရေးအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်နေသူ ၆ ဦး ဖြစ်သည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း အပါအဝင် Myanmar Missions International (MMI)မှ ဒါရိုက်တာ Mr. Joshua Ngun Hei ၊ Myanmar Evangelical Christian Alliance မှ Public Relations ဒါရိုက်တာ Mr. Peter Ngun Za Cung ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဒုတိယညွှန်ကြားရေးမှူး ဦးအမ်လှသောင်း၊ Future Myanmar United Development Co., Ltd. မှ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်အေးအေးချို ၊ Global Talent Development; Deere & Company; မှ မန်နေဂျာ Mrs. Rena M. Gainev တို့ကို ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့များ ပေးအပ်ခဲ့သည်။