Share this

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့ အစည်းများ၊ မြို့မိမြို့ဖများ တွေ့ဆုံ

လှုပ်ရှားမှုများ

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီ အစည်းအဝေးကို (၁၀.၄.၂၀၁၉)ရက်နေ့ (၀၉၀၀)နာရီက ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။

အစည်းအဝေးသို့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ရခိုင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က ယခုတွေ့ဆုံပွဲသည် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုအဖွဲ့နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွေ့ဆုံသည့် အခမ်းအနားဖြစ်ပါကြောင်း၊ မိမိတို့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီကို နိုင်ငံတော်သမ္မတရုံး က မတ် ၁၄ ရက်တွင် ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ ကော်မတီဖွဲ့စည်းပြီးနောက် ပထမအကြိမ်အစည်းအဝေး ကျင်းပခဲ့ပါကြောင်း။

ကော်မတီအနေဖြင့် ယခုပထမအကြိမ် ရခိုင်ပြည်နယ်သို့ လာရောက်ခြင်းဖြစ်ပါကြောင်း၊ ရန်ကုန်မြို့၌လည်း ရခိုင်အသင်းအဖွဲ့များနှင့် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံပွဲတစ်ကြိမ် ပြုလုပ်ခဲ့ပါကြောင်း၊ ထိုသို့တွေ့ဆုံပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီ က တွေ့သင့်တွေ့ထိုက်သည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ ကော်မတီအနေဖြင့် ပြည်ထောင်စုအစိုးရသို့ အစီရင်ခံစာတစ်ခု တင်သွင်းရမည်ဖြစ်ပါကြောင်း၊ ရေတိုရေရှည်အတွက် လုပ်ဆောင်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ အစီရင်ခံစာတစ်ခု တင်သွင်းရမည်ဖြစ်ပါကြောင်း၊ ယခုဆွေးနွေးပွဲမှ အကြံပြုဆွေးနွေးတင်ပြချက်များကို မှတ်တမ်းရယူပြီး အဆိုပါ အချက်အလက်များအပေါ်တွင်မူတည်၍ အစီရင်ခံစာတွင် ထည့်သွင်းရေးသားမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်ခဲ့သည့် ပဋိပက္ခအခြေအနေများကို သုံးသပ်ဆွေးနွေးပေးစေလိုပါကြောင်း၊ ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့နှင့် ကော်မတီနောက်ဆက်တွဲ အစည်းအဝေးတစ်ခု ဆက်လက်ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီ၏ ရုံးတစ်ရုံးကို ရခိုင်ပြည်နယ်တွင် ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါရုံးနှင့် ပတ်သက်သည့် ကိစ္စများကိုလည်း ဖွဲ့စည်းရန် ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် လုပ်ငန်းကော်မတီတစ်ခုကိုလည်း ဖွဲ့စည်းသွားမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းကော်မတီဖွဲ့စည်းရေးကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီ ဒုတိယဥက္ကဋ္ဌများ၊ ကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့်ပဋိပက္ခများ အမြန်ဆုံးလျော့ကျ၍ ရခိုင်ပြည်နယ်တစ်ခုလုံး တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတို၊ ရေရှည် ဆောင်ရွက်ရမည့် စီမံချက်များ၊ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးကြသည်။

ယင်းနောက် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးအေးသာအောင်က နိဂုံးချုပ်အမှာစကားပြောကြားသည်။

မွန်းလွဲ ၁ နာရီခွဲတွင် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်ရေးရာကော်မတီများမှဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ရခိုင်ပြည်နယ်လွှတ်တော်ရုံး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ရုံးခန်းတွင် ပြုလုပ်သည်။

တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌများ၊ ကော်မတီအဖွဲ့ဝင်များက ရခိုင်ပြည်နယ်တစ်ခုလုံး တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ အကြံပြု ဆွေးနွေးကြသည်။

ညနေ ၄ နာရီတွင် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီနှင့် စစ်တွေမြို့ရှိ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် မြို့မိမြို့ဖများ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ က ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ငွေကျပ် သိန်းတစ်ထောင်ကို ကျောက်တော်နှင့် မြောက်ဦးမြို့ရှိ လူမှုကူညီရေးအဖွဲ့များမှတစ်ဆင့် ပေးအပ်သွားမည် ဖြစ်ပါကြောင်း၊ ရသေ့တောင်၊ မင်းပြားနှင့် ကျန်မြို့နယ်များအတွက်လည်း ကူညီပံ့ပိုးပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီ ဒုတိယဥက္ကဋ္ဌများက ဆွေးနွေးပြောကြားပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် မြို့မိမြို့ဖများက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားသည်။